မြန်မာပြည်မှာက ပြဿနာတစ်စုံတစ်ရာကို ဆွေးနွေးငြင်းခုံကြတဲ့အခါ အဓိက အကြောင်းအရာကို ဖျောက်ပြီး ကိုယ်ကိုင်စွဲတဲ့ အယူအဆကိုပဲ တရားသေဆုပ်ကိုင်ပြီး ငြင်းခုံကြတတ်ကြတာဟာ ဓလေ့ကြီးတစ်ခုပဲ။ ခုလည်း Sex Education ကိစ္စကို ဆွေးနွေးငြင်းကြခုံကြတဲ့အခါ အများစုက အဓိကကျတဲ့ လိုရင်းအချက်တွေဆီ မရောက်ပဲ ကိုယ်ပိုင် အယူအဆတွေ၊ အစွဲတွေနဲ့ ရှုမြင်ပြောဆိုကြတာကို ကြားနေရပြန်တယ်။
စာသင်ကျောင်းတွေမှာ Sex Education (လိင်ပညာပေးမှု ဘာသာရပ်) သင်ကြားပေးဖို့ စတင်ကြိုးပမ်းလာတာဟာ လက်ခံကြိုဆိုရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Sex Edu သင်ကြားမှုကို စတင်တော့မယ်ဆိုရင် စဉ်းစားရမှာက အကျိုးကျေးဇူးနဲ့ ဘေးထွက်ဆိုးကျိုး ၂ ခုရဲ့ မျှခြေပါပဲ။ Sex Edu သင်ကြားမှုတိုင်းဟာ အကျိုးကျေးဇူးရနိုင်တယ်လို့ တဖက်သတ်ယူဆထားလို့မရသလို၊ ဒါကို သင်လို့မဖြစ်ဘူး ယဉ်ကျေးမှု၊ ဘာသာရေးတွေနဲ့ မသင့်လျော်ဘူးလို့လည်း လှေနံဓားထစ်ပြောလို့မရဘူး။ ဒါကြောင့် မျှခြေကို ရှာဖို့လိုအပ်ပါတယ်။
Sex Edu ဟာ တိကျပြီး အတိမ်းအစောင်းမခံတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ ကွန်ဒုံးနဲ့ သန္ဓေတားမှုလောက်ကို သင်ကြားပေးတဲ့ ဘာသာရပ်မဟုတ်ပါဘူး။ Sex Edu ဟာ မမှားသင့်တာ မမှားရုံသင်ရမှာမဟုတ်ပဲ၊ မတော်တဆ မှားပြီးရင်တောင်မှ လူမှုပတ်ဝန်းကျင်မှာ ဘယ်လိုဆက်လက်ရှင်သန်နေထိုင်ရမယ်ဆိုတာကိုပါ သိနားလည်အောင် သင်ကြားပေးရမယ့် ဘာသာရပ်ပါ။
Sex Edu ဟာ လိင်ကိစ္စ၊ လိင်ကျန်းမာရေးနဲ့ ခန္တာကိုယ်ဖွဲ့စည်းပုံ၊ လိင်အမျိုးအစား ခြားနားချက်၊ ရှောင်ကျဉ်သိမှတ်ဖွယ်ရာတွေ၊ ပဋိသန္ဓေတားမှုအကြောင်း၊ ကိုယ်ဝန်ဆောင်မှုအကြောင်းနဲ့ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုအကြောင်းတွေကို မျှဝေပေးပါလိမ့်မယ်။
ပိုမိုလေးနက်ကျယ်ပြန့်တဲ့ အခြေအနေမှာ ကလေးမွေးဖွားနှုန်း ထိမ်းချုပ်မှုအကြောင်းတွေ၊ လိင်ခံယူချက်အကြောင်းတွေ၊ လိင်သဘောသဘာဝတွေ၊ လိင်စိတ်ခံစားချက်တွေနဲ့ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေအကြောင်း (STIs) ကိုလည်း အသိပညာပေးမှာဖြစ်ပါတယ်။

လူငယ်တွေမှာ လိင်ပညာပေးမှု ဘာသာရပ် ဘာကြောင့်လိုအပ်တာလဲ?
လိင်မှုကိစ္စဟာ လူတစ်ဦးချင်းစီတိုင်းရဲ့ ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လူငယ်အများစုဟာ လိင်နဲ့ သက်ဆိုင်တဲ့ ဗဟုသုတတွေကို ပိုကြီးတဲ့ စီနီယာတွေဆီကနေတဆင့် အများဆုံးသင်ယူကြရပါတယ်။ ဒါမှမဟုတ်လည်း Porn Movie တွေကနေ တဆင့်ပေါ့။ ဒီလို လေ့လာမှုတွေမှာ မှားယွင်းတဲ့ အသိတရားတွေနဲ့ အချက်အလက်တွေကိုသာ အများဆုံး ရရှိလေ့ရှိပြီးတော့ အသိအမြင်မှားတွေကိုသာ လက်ခံရရှိသွားတတ်ပါတယ်။ စာသင်ကျောင်းအခြေပြု လိင်ပညာပေးဘာသာရပ် သင်ကြားမှုဟာ ဒီအချက်ကို တားဆီးနိုင်ပါလိမ့်မယ်။
ဒီလို အရေးပါတဲ့ အသိတရားတွေ ပေးဖို့ ရည်ရွယ်ထားတဲ့ Sex Eduကို အသိပညာဖြန့်ဝေမှုပြုလုပ်တဲ့အခါမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေလည်း အမြောက်အများကြုံဆုံရမှာပါ။ ဒါကို ကြိုတင်မျှော်လင့်ထားဖို့ လိုအပ်ပါတယ်။
လက်ရှိအချိန်မှာ မေးသင့်တဲ့ မေးခွန်းက Sex Eduဘာသာရပ်ကို ကျောင်းသားတွေကို သင်ကြားပေးဖို့ သင့်တော်၏/မသင့်တော်၏ ဆိုတဲ့ အကြောင်းမဟုတ်ပါဘူး။ အောင်မြင်အောင် ဘယ်လိုအကောင်အထည်ဖော်မှာလဲ ဆိုတဲ့ မေးခွန်းသာဖြစ်ပါတယ်။
အဖြေထွက်ရန်လိုနေသော မေးခွန်းများ
မြန်မာနိုင်ငံလို တိုင်းပြည်မျိုးမှာ ပညာရေးဆိုင်ရာ မူဝါဒတစ်ခုချမှတ်ဖို့နဲ့ ပုံနှိပ်စာအုပ်အဆင့်အထိ ရောက်လာဖို့ အခက်အခဲ သိပ်မရှိပါဘူး။ တကယ်တမ်း Process ကို Run မယ့်အချိန်မှာမှ တကယ့် လက်တွေ့ပြဿနာတွေက စမှာဖြစ်ပါတယ်။ တစ်ချို့ပြဿနာတွေဟာ နိုင်ငံတကာမှာလည်း လက်ရှိအချိန်အထိ ရင်ဆိုင်နေရဆဲ ပြဿနာတွေပါ။
Sex Eduကို စတင်တော့မယ်ဆိုရင် အောက်ပါ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာဖြစ်ပြီးတော့ အဲ့ဒီအတွက် အဖြေတွေလည်း ရှိနေဖို့ လိုအပ်မှာပါ။

၁။ မိဘတွေရဲ့ အခန်းကဏ္ဍ
အမေရိကန် ၁ နိုင်ငံကို ဥပမာပေးရမယ်ဆိုရင် Sex Edu သင်ကြားပေးမှုကို ကျောင်းသားမိဘ ၉၀% ကျော်က ထောက်ခံကြပါတယ်။ ဒီလိုသင်ကြားပေးတာဟာ သူတို့ရဲ့ သားသမီးတွေကို အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်မှု ခိုင်ခိုင်မာမာရှိတဲ့သဘောပါ။ ဒီအချက်ဟာ Sex Edu စတင်ဖို့အတွက် အရေးပါတဲ့အချက်ပဲ။ မိဘတွေ နားမလည်ပဲ သားသမီးကို သင်ပေးဖို့ ခက်တယ်။ ကလေးတွေ ကျောင်းလာမှာပဲ ကလေးတွေကိုသင်တာ မိဘနဲ့ ဘာဆိုင်လဲလို့ တွေးနေရင်တော့ ကိုယ်တိုင်ကိုယ်က ပညာသင်ကြားရေးစနစ်မှာ နလပိန်းတုန်းအဆင့် အတွေးအခေါ်နဲ့ တွေးခေါ်နေမိပြီလို့ ဆိုရပါလိမ့်မယ်။
ကလေးငယ်အများစုဟာ ကျောင်းမှာ သင်ကြားလိုက်တဲ့ သင်ခန်းစာတွေကို အပြည့်အဝ သဘောမပေါက်ကြတာများပါတယ်။ ဒီလိုအခြေအနေတွေမှာ နေအိမ်တွေက မိဘတွေဆီမှာ ပြန်လည်မေးမြန်းတာတွေ၊ စူးစမ်းတာတွေ ရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေရဲ့ နားလည်နိုင်စွမ်းနဲ့ ပူးပေါင်းပါဝင်မှုဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာမှာဖြစ်ပါတယ်။
တကယ်တမ်းမှာ Sex Edu ဆိုတာ ဘာမှန်းမသိခဲ့ကြတဲ့ မြန်မာမိဘမျိုးဆက်တွေဟာ ဒီသင်ကြားမှုကို ဘယ်လောက် အတိုင်းအတာအထိ လက်ခံနားလည်ပေးနိုင်ကြမလဲ၊ ဘယ်လောက်ပူးပေါင်းပါဝင်ကြမလဲ ဆိုတာဟာ အရမ်းအရေးပါတဲ့ မေးခွန်းဖြစ်ပါတယ်။ မိဘတွေရဲ့ ပူးပေါင်းမှုမပါဝင်တဲ့ Sex Edu သင်ကြားမှုစနစ်ဟာ ပြီးပြည့်စုံမှုမရှိတဲ့ သင်ကြားမှုဖြစ်ပြီး ဘေးထွက်ဆိုးကျိုးလည်း အရမ်းများပါတယ်။
၂။ ကျောင်းသားတွေ လိုက်ပါနိုင်စွမ်း
အမေရိကန်လို တိုင်းပြည်မျိုးမှာတောင် Sex Edu ကို စာသင်ချိန်တွေရဲ့ နောက်ဆုံးချိန်တွေမှာသာ ထည့်ထားလေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျောင်းသားတွေဟာ ပင်ပန်းနေတာ၊ အိမ်ပြန်ဖို့ စိတ်စောနေတာ၊ အာရုံမစိုက်နိုင်တာနဲ့ အပျော်အပါးဘက်ကို ပိုစိတ်ရောက်နေတာတွေ ရှိနေတာမို့ သင်ကြားမှုတွေကို နားလည်သဘောပေါက်ဖို့ ခက်ခဲတတ်ကြပါတယ်။
နိုင်ငံတကာက အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြား လူငယ်တွေရဲ့ Sex Edu သင်ကြားမှုအပေါ် အမြင်တွေကို အခြေခံပြီး ပြောရမယ်ဆိုရင် ကျောင်းသားအများစုဟာ မူရင်းဆိုလိုရင်းနဲ့ လွဲချော်နားလည်နေကြတယ်ဆိုတာပါပဲ။ ဒီလိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ ဆရာ/ဆရာမတွေရဲ့ သင်ကြားမှု အားနည်းချက်နဲ့ ကျောင်းသားတွေရဲ့ လက်ခံမှု အားနည်းချက်တွေကြောင့်ပါပဲ။ ကျောင်းသားအများစုဟာ ဒီဘာသာရပ်ရဲ့ အဓိက ပေးချင်တဲ့ မက်ဆေ့ချ်ကို ကျော်သွားကြလေ့ရှိပါတယ်။ ဒါကြောင့် ကျောင်းသားတွေ လိုက်လျောညီထွေ လိုက်ပါနိုင်မယ့် သင်ကြားရေးအစီအစဉ်တွေရှိနေပြီလားဆိုတာက စိတ်ဝင်စားဖို့ ကောင်းတဲ့ မေးခွန်းတစ်ခုပါ။
၃။ ဆရာ/ဆရာမတွေ ကြုံရနိုင်တဲ့ ပြဿနာတွေ
Sex Eduကို ကျောင်းတွေမှာ သင်ကြားပေးတဲ့အခါမှာ ပဋိသန္ဓေတားခြင်းနဲ့ ကွန်ဒုံးအသုံးပြုခြင်းတွေအကြောင်းကို ထဲထဲဝင်ဝင်သင်ကြားရတယ်။ ဒီနေရာမှာ ပြဿနာရှိတာက အမေရိကလိုတိုင်းပြည်မျိုးမှာတောင် ဒီလိုသင်ကြားမှုတွေမှာ ဆရာ/ဆရာမတွေအနေနဲ့ စော်ကားပြောဆိုခံရတာတွေ၊ လှောင်ပြောင်ခံရတာတွေ၊ ထိပါးနှောင့်ယှက်ခံရတာတွေ ကြုံရလေ့ရှိတယ်။
ဒီလိုပြဿနာတွေကြောင့် U.S မှာတောင် ဆရာ/ဆရာမအများစုကိုယ်၌က Sex Edu ကို စိတ်ပါလက်ပါ သင်ကြားပေးလိုခြင်းမရှိကြဘူးလို့ Health Education Research ရဲ့ သုတေသန တစ်ရပ်မှာ ဆိုထားပါတယ်။ ဒီဘာသာရပ်ကို သင်ကြားနေရတဲ့အပေါ် စနိုးစနောင့်ဖြစ်ကြရတာတွေ ရှိပါသေးတယ်။ ဒီအချက်ကြောင့် သင်ကြားမှုအများစု ထိရောက်မှုမရှိဖြစ်ရတယ်လို့ ဆိုထားပါတယ်။ ဆရာ/ဆရာမတွေကို သာမန်ရက်တိုသင်တန်းပေးပြီး စာသင်ခန်းထဲ စေလွှတ်မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒီ့အတွက် ကြိုတင်ပြင်ဆင်ထားမှုတွေ ရှိနေပြီလား?

၄။ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
မြန်မာပြည်မှာ စာသင်ကြားမှုလုပ်နေသူတွေက အမျိုးသမီးတွေ အများစုပါ။ အားလုံးဟာ Sex Edu မရှိတဲ့အပြင် တစ်ဖက်ပိတ်ဆန်ပြီး အမျိုးသမီးတွေကို တစ်စိတ်တစ်ပိုင်းအားဖြင့် နှိမ့်ချထားတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ တစ်သက်လုံး နေထိုင်ကြီးပြင်းလာကြသူတွေပါ။
သူတို့တွေဟာ နိုင်ငံတကာမှာ ဘယ်လိုသင်ကြားကြသလဲဆိုတာကို မမြင်မတွေ့ဖူးကြပါဘူး။ သာမန်ကာလျှံကာ လေ့ကျင့်သင်ကြားမှု နည်းနည်းနဲ့ ဖတ်စာအုပ်ကိုင်ပြီး သင်ကြရတဲ့အခါ သူတို့ကိုယ်တိုင်လည်း အခက်တွေ့ကြပါလိမ့်မယ်။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို လျစ်လျူရှုမှုအများဆုံးတိုင်းပြည်တွေထဲက တစ်ခုပါ။ ဒါကြောင့် Sex Edu တွေ သင်ကြားရချိန်မှာ ဆရာ/ဆရာမတွေ ရင်ဆိုင်ရမယ့် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို ဖြေလျှော့ပေးနိုင်မယ့် နည်းလမ်းကတော့ ကြိုတင်စဉ်းစားထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
၅။ ယဉ်ကျေးမှုနဲ့ အသိုင်းအဝိုင်း
ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းနဲ့ ကျောင်းသားတွေရဲ့ ဖိအားဒါဏ်ကို ငယ်ရွယ်တဲ့ ဆရာမတွေ ခံနိုင်ရည် ရှိမရှိဟာ မေးခွန်းထုတ်စရာ ကိစ္စတစ်ခုဖြစ်ပါတယ်။ အမေရိကန်က ဆရာ/ဆရာမ ၂၇ % က Sex Edu သင်ကြားမှု ပြုလုပ်ချိန်မှာ စာသင်ခန်းကို ထိမ်းသိမ်းဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဝန်ခံထားကြပါတယ်။
လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ အယူဝါဒတွေကို လက်ကိုင်ထားတဲ့ မြန်မာပြည်မှာ Sex Edu သင်ကြားကြမယ့် ဆရာမအများစုအနေနဲ့ ဒီပဿနာကိုရင်ဆိုင်ရလာနိုင်ပါတယ်။ Sex Edu သင်ကြားမှုရဲ့ တစ်စိတ်တစ်ပိုင်းမှာ ယဉ်ကျေးမှုနဲ့သွေဖယ်မှုမရှိတဲ့ နည်းလမ်းတွေကို အသုံးချပြီး သင်ကြားပေးဖို့လိုအပ်တယ်ဆိုတဲ့ အချက်လည်းပါဝင်တယ်။ ဒါကြောင့် သင်ကြားမှုစနစ်တွေနဲ့ သင်ရိုးတွေဟာ ဓလေ့တွေနဲ့ သိသိသာသာသွေဖယ်မှုမရှိအောင် ဖန်တီးနိုင်ဖို့ လိုအပ်ပါမှာဖြစ်ပါတယ်။
၆။ အရှေ့/အနောက် အယူအဆ ကွဲပြားချက်
အနောက်နိုင်ငံတွေမဟုတ်တဲ့ တိုင်းပြည်တွေမှာ Sex Edu ကို သင်ကြားကြတဲ့အခါ ပိုပြီးရုံးကန်ရတတ်တယ်။ လူငယ်တွေက သင်ကြားတဲ့ ဆရာ/ဆရာမတွေအပေါ် လေးစားမှုကင်းမဲ့လာတတ်တယ်။ ဒါကြောင့် ကျောင်းသားတွေရဲ့ ဆရာ/ဆရာမတွေ အပေါ် ပြုမူလာမယ့်၊ ဆက်ဆံလာမယ့် အပြုအမူတွေကို ရင်ဆိုင်နိုင်ဖို့ စနစ်တကျ ကြိုတင်လေ့ကျင့်သင်ကြားပေးမှု လိုအပ်တယ်။ ရော့ဒီမှာ ဖတ်စာအုပ် သင်လိုက်ဆိုပြီး လွှတ်ပေးလိုက်လို့ မရဘူး။

လိင်ပညာပေးကနေ လိမ်ပညာပေး မဖြစ်စေဖို့ဆိုရင်
မှန်ကန်တဲ့ Sex Edu သင်ကြားမှုရဲ့ အကျိုးကျေးဇူးကတော့ လူငယ်တွေဟာ လိင်နဲ့ ပတ်သက်တဲ့ အခြေအနေတွေမှာ ပြောဆိုဆက်ဆံမှု အရည်အသွေး၊ ငြင်းဆိုရဲတဲ့ သတ္တိနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းတွေ တိုးတက်လာစေပါလိမ့်မယ်။ ဒါပေမယ့် လိင်ပညာပေးဘာသာရပ် သင်ကြားမှုတွေမှာ တိမ်းစောင်းခဲ့ရင်၊ အားနည်းချက်တစ်စုံတစ်ရာရှိခဲ့ရင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။
ကျောင်းသားတွေဟာ တစ်စိတ်တစ်ပိုင်း သိထားတာတွေကို လွဲမှားစွာ အသုံးချပြီး လက်တည့်စမ်းတာတွေ၊ မှားယွင်း အသုံးချတာမျိုးတွေ ပြုလုပ်လာတတ်ပါတယ်။ ဒါကြောင့်လည်း Sex Edu ဟာ အတိမ်းအစောင်းမခံတဲ့ ဘာသာရပ်ဖြစ်တယ်လို့ ဆိုနေကြတာပါ။
ဒီလိုအခြေအနေတွေကြောင့် Sex Edu နဲ့သက်ဆိုင်တဲ့ သင်ကြားရေးစနစ်ကို စတင်ရာမှာ Controversial ဖြစ်နိုင်ခြေများတဲ့ အသုံးအနှုန်းတွေ၊ နားလည်မှုလွဲမှားသွားနိုင်တာတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ဖို့၊ မိဘတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆရာတွေရဲ့ အရည်အသွေးတွေက အရမ်းအရေးကြီးလာတာပါ။ ဒီအချက်တွေကို ပြင်ဆင်မထားနိုင်ဘူးဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေများမှာပါ။
အချုပ်ဆိုရရင် Sex Eduဟာ မဖြစ်မနေ လိုအပ်တဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အထက်မှာပြောဆိုခဲ့သလိုပဲ ကြုံလာရနိုင်တဲ့ ပြဿနာတွေနဲ့ အတိမ်းအစောင်းဖြစ်စဉ်တွေအတွက် အဖြေတွေ ရှိထားဖို့တော့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ပေးချင်တဲ့ Message နဲ့ ပြောင်းပြန်ရလဒ်ထွက်သွားတာမျိုးလည်း ဖြစ်လာနိုင်တာမို့ သတိမူစရာပါ။
မောင်မိုးဇွန်
၁၅-၂၂၊ ဇွန်၊ ၂၀၂၀
Vol.16/ No.17
The Voice Weekly Journal