၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် စတင်ပြဌာန်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့မှုများစတင်ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ အဖော်ယမကာကုမ္ပဏီများအပါအဝင် နိုင်ငံတကာလုပ်ငန်းစုကြီးများ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့သည်။
ပက်စီ၊ ကိုကာကိုလာ၊ Sunkist၊ 100 Plusနှင့် နာမည်ကျော်ဘီယာများဖြစ်သည့် Carlsberg၊ Heineken၊ Cheng အစရှိသော နိုင်ငံတကာအဆင့်နာမည်ကျော် အဖျော်ယမကာကုမ္ပဏီများက ပြည်တွင်းတွင် စက်ရုံများတည်ဆောက်ကာ ကုန်ပစ္စည်းများထုတ်လုပ်ရန် ပြင်ဆင်လာကြသည်။
ယင်းထဲမှ သိသာထင်ရားသောပြိုင်ဆိုင်မှုအဖြစ် ကမ္ဘာကျော် Carbonated အချိုရည် Brand များဖြစ်သည့် ပက်စီနှင့် ကိုကာကိုလာတို့ဝင်ရောက်လာခြင်းနှင့် Carlsberg နှင့် Heineken တို့ပြည်တွင်းတွင် ထုတ်လုပ်ရန် ဝင်ရောက်လာခြင်းပင်ဖြစ်သည်။
အမေရိကန်နိုင်ငံမှ ပိတ်ဆို့အရေးယူမှုများကြောင့် ၁၉၉၇ ခုနှစ်တွင် ပြည်တွင်းတွင် ထုတ်လုပ်မှု ရပ်ဆိုင်း၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသော ပက်စီနှင့် နှစ်ပေါင်း ၆၀ ကျော်ကြာမှ ပြန်လည်ဝင်ရောက်လာသော ကိုကာကိုလာ၊ Sunkist စသည့် ကမ္ဘာကျော်အချိုရည်ကုမ္ပဏီများနှင့် Carlsberg၊ Heineken၊ Cheng အစရှိသော ဘီယာကုမ္ပဏီများ ဈေးကွက်လုကြသည့်ပြိုင်ပွဲတွင် မြန်မာနိုင်ငံပါပါဝင်လာသည့် သဘောဖြစ်သည်။
ကမ္ဘာ့ အဓိကပြိုင်ဘက်အဖော်ယမကာကုမ္ပဏီများဝင်ရောက်လာခဲ့သည့်အပြင် နယ်စပ်ဒေသများမှ တရားမဝင်တင်သွင်းနေသည့် အချိုရည်နှင့် အဖျော်ယမကာများကြောင့်လည်း ပြည်တွင်းအချိုရည်ကုမ္ပဏီများ၊ အသေးစားနှင့် အလတ်စား အဖျော်ယမကာထုတ်လုပ်သူများ အတွက်လည်း စိတ်ခေါ်မှုတစ်ရပ်ဖြစ်လာနေသည်။
ဤကဲ့သို့ ပြည်ပမှ နာမည်ကျော် အင်အားကြီး အဖော်ယမကာလုပ်ငန်းများ အပြိုင်အဆိုင်ဝင်ရောက်လာခြင်းနှင့် ပြည်ပမှတရားမဝင်ဝင်ရောက်နေသော ဈေးနှုန်းချိုသာသည့် အဖျော်ယမကာများကြောင့် ၂၀၁၅ ခုနှစ်၌ စတင်မည့် အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) ကာလတွင် ပြည်တွင်းရှိ အဖျော်ယမကာလုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းရှိမရှိသည် မေးခွန်းထုတ်စရာအခြေအနေဖြစ်သည်။
“ပြည်ပကုမ္ပဏီတွေ ဝင်လာတဲ့အတွက် ပြည်တွင်းအချိုရည်ဈေးကွက်အထဲမှာ ကြီးကြီးမားမားဘာမှ ဖြစ်မယ်မထင်ပါဘူး။ မြန်မာပြည်မှာ အချိုရည် ပုံမှန်သောက်သုံးတဲ့သူ အများကြီးမရှိပါဘူး။ ပြည်တွင်းအမှတ်တံဆိပ်တွေပဲ ရောင်းနေရတာပဲ။ နယ်စပ်ကနေလည်း တရားဝင်ရော၊ တရားမဝင်ရော ဝင်လာတဲ့ အချိုရည်ရော၊ ဘီယာတွေရောကအမျိုးမျိုးရှိနေတယ်။” ဟု မြောက်ဥက္ကလာပမှ အဖျော်ယမကာလက်လီလက်ကားဖြန့်ချိသူ ဦးခင်ရီကဆိုသည်။
ပြည်တွင်းမှာ ထုတ်လုပ်သည့် အမှတ်တံဆိပ်များသာမက ပြည်ပ အချိုရည်နှင့် ဘီယာများ ဈေးကွက်အတွင်း ဝင်လာသော်လည်း ပြည်တွင်းမှ Max၊ Star Cola အစရှိသော အချိုရည်အမှတ်တံဆိပ်များနှင့် မြန်မာ၊ ဒဂုံ၊ Tiger၊ ABC အစရှိသောပြည်တွင်းထုတ် ဘီယာများသာ ဈေးကွက်တွင်အဓိကရောင်းအားကောင်းနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်လည်း နေ့တိုင်းစဉ်းစားနေတယ်။ AEC စတင်တဲ့အချိန်မှာ ကျွန်တော်တို့တွေ ရှင်သန်နိုင်မလားဆိုတာကို။ ကိုယ့်မှာရှိနေတဲ့ အနေအထားကို ပိုကြီးလာအောင် လုပ်ရမယ်။” ဟု လွယ်ဟိန်းကုမ္ပဏီအုပ်စုမှ ဥက္ကဌဖြစ်သူ ဒေါက်တာစိုင်းဆမ်ထွန်းက ပြောကြားသည်။
ဈေးကွက်တိုးချဲ့ နိုင်မှုကြောင့် ပြည်တွင်းအဖော်ယမကာကုမ္ပဏီများအနေဖြင့် ရောင်းအားအခြေအနေများ တိုးတက်နေသော်လည်း AEC ကာလတွင် ယှဉ်ပြိုင်ရနိုင်သည့် အိမ်နီးချင်းနိုင်ငံများမှ ထုတ်ကုန်များကိုမူ စိုးရိမ်မှုများရှိနေကြသည်။
“အခုဆို ၂၀၁၂ ခုနှစ်ကထက် စာရင် ကျွန်တော်တို့ ထုတ်ကုန်တွေက ၂၀၁၃ မှာ ၅၀ % ရောင်းအားတက်လာတယ်။ ဒါပေမယ့် အန္တရာယ်ကတော့ အမျိုးမျိုးရှိနေတယ်။ ဒီလုပ်ငန်းက အလွယ်ဆုံးလုပ်ငန်းဖြစ်နေလို့လေ။ ကျွန်တော်တို့မှာ Alpine၊ Blue Mountain၊ Shark နာမည်ကျော်တံဆိပ်တွေရှိတယ်။ ရောင်းအားက ကျတယ်ဆိုတာမရှိဘူး။” ဟု ဒေါက်တာစိုင်းဆမ်ထွန်းကဆိုသည်။
အချိုရည်ဈေးကွက်တွင် ကိုကာကိုလာနှင့် ပက်စီတို့သာ အဓိကဖြစ်လာနိုင်ပြီး အခြားနိုင်ငံများမှ အမှတ်တံဆိပ်များကို စိတ်ပူပန်မှုမရှိကြောင်း MGS ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးသန့်ဇင်ထွန်းကဆိုသည်။
“Coke နဲ့ Pepsi က ကမ္ဘာ့အဆင့်ပြိုင်ဘက်တွေ။ ဒီမှာလည်း နောက်ပိုင်းသူတို့ကဈေးကွက်မှာ အဓိကဖြစ်လာမယ်ထင်တယ်။ အရင်က နယ်စပ်က ဝင်တာတွေရှိတယ်။ အခုတရားဝင်ထုတ်တော့မှာဆိုတော့ နယ်စပ်ကဝင်တဲ့ကိစ္စတွေ ထပ်မရှိနိုင်တော့ဘူးထင်တယ်။” ဟု ၎င်းကဆိုသည်။
အာဆီယံစီးပွားရေးအသိုက်အဝန်းကာလအတွက် ကြိုတင်ပြင်ဆင်မှုများကဏ္ဍ အသီးသီးမှ ပြင်ဆင်နေချိန်တွင် အဖော်ယမကာလုပ်ငန်းများအနေနှင့်လည်း ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားသင့်ကြောင်း UMFCCI မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမျိုးဝင်းက မှတ်ချက်ပေးသည်။
“ကဏ္ဍမျိုးစုံမှာ ကြိုတင်ပြင်ဆင်နေကြတာပဲ။ အဖော်ယမကာလုပ်ငန်းတွေလည်း ပြင်ဆင်ထားသင့်တယ်။ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာ လုပ်ငန်းရှင်တွေကိုယ်တိုင် သိနေတာပဲ။ အသေးစားနဲ့ အလတ်စားတွေအနေနဲ့ တော့တော်တော်ပြင်ဆင်ရမယ်ထင်တယ်။ သူတို့က ထိခိုက်နိုင်ခြေများတယ်။” ဟု ၎င်းကဆိုသည်။
လမ်းပန်းဆက်သွယ်ရေးစသည့် အခြေခံအဆောက်အအုံပိုင်းတွင် မပြည့်စုံမှုများရှိနေသောကြောင့် မလိုလားအပ်သောကုန်ကျစရိတ်များ ပိုမိုကုန်ကျခြင်းသည် ပြည်တွင်းထုတ်ကုန်များကို ပိုမိုဈေးနှုန်းကြီးမြင့်စေကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ဒေါ်ခင်အေးတင်က ဆိုသည်။
“ကျွန်တော်တိုအနေနဲ့ အဲဒီကာလတွေအတွက် ကြိုတင်ပြင်ဆင်ရမယ်။ အရည်အသွေးပိုကောင်းအောင်လုပ်ရမယ်။ ပိုပြီးရင်းနှီးမြှုပ်နှံရမယ်။ ကြော်ငြာတွေ ပိုထိရောက်အောင်ကြော်ငြာရမယ်။ နောက်ဆုံး ကျွန်တော်တို့က သူတို့ဈေးကွက်ကို ဝင်မယ်။ သူတို့ဈေးကွက်ကိုရောက်အောင်သွားမယ်။” ဟု ဒေါက်တာစိုင်းဆမ်ထွန်းကဆိုသည်။
အခြေတကျရှိနေပြီး ရင်းနှီးမြှုပ်နှံမှုများထပ်မံပြုလုပ်နိုင်သည့် ကုမ္ပဏီအကြီးများထက် အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ တနိုင်တပိုင်လုပ်ငန်းများ ပိုမိုထိခိုက်နိုင်ကြောင်းလည်း ၎င်းကဆိုသည်။
“စိုးရိမ်ရတာက တစ်နိုင်တစ်ပိုင်လုပ်ကြတဲ့ SME အချိုရည်လုပ်ငန်းလေးတွေ ယှဉ်နိုင်ပါ့မလားဆိုတာပဲ။ သူတို့တွေ ပြိုင်နိုင်မပြိုင်နိုင်က မသေချာဘူး။ ကုမ္ပဏီအကြီးတွေကတော့ ပြိုင်နိုင်တယ်။ ချကြမှာ။ SME တွေအတွက် စိုးရိမ်စရာရှိတယ်။ ကိုယ့်ကိုယ်ကိုယ်တောင့်တင်းအောင်လုပ်နေတယ်။ ရေရှည်ပြိုင်ရမယ်။ ကြိုတင်ပြင်ဆင်မှုတွေလုပ်ရမယ်။” ဟု ၎င်းကဆိုသည်။
အသေးစားချေးငွေ အစီအစဉ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ပြီး၊ နည်းပညာပိုင်းအကူအညီများ စနစ်ကျရမှသာ အဆိုပါကာလတွင် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ရွှေပေါက်ကံစက်မှုဇုန်မှ သစ်သီးအချိုရည်လုပ်ငန်းလုပ်ကိုင်သူ ဦးစိုးတင့် ကဆိုသည်။
“လုပ်ငန်းထပ်ချဲ့ဖို့က အရင်းအနှီးလိုတယ်။ ချေးငွေတွေပေးတယ်ဆိုပေမယ့် ဘယ်မှာပေးနေတာလဲမသိဘူး။ ကုမ္ပဏီတွေကပေးနေပေမယ့်လည်း ဘာတွေလိုအပ်လဲ မသိဘူး။ ဘယ်မှာ သွားယူရမလဲ မသိဘူး။ AEC ဝင်လာလို့ ပြည်ပကနေ အချိုရည်တွေ ပေါပေါသီသီဝင်လာရင် ကျွန်တော်တို့လည်း လုပ်ငန်းပြောင်းသင့်ရင်ပြောင်းရမယ်။” ဟု ဦးစိုးတင့်ကဆိုသည်။
နဂိုမူလကမှ အခြေမခိုင်သည့် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများအနေဖြင့် ပြည်ပကုန်စည်မာ်းကို မယှဉ်ပြိုင်နိုင်သောကြောင့် ပြိုပျက်သွားပါက တိုင်းပြည်စီးပွားရေးအကြီးအကျယ်ထိခိုက်နိုင်ကြောင်း၊ အချိန် တစ်နှစ်သာကျန်ရှိတော့သောကြောင့် အလျှင်ပအမြန် အစီအစဉ်များဆောင်ရွက်သင့်ကြောင်း ဦးစိုးတင့်ကဆိုသည်။
“ကျွန်တော်တို့က စက်ရုံအသစ်တွေ၊ ထုတ်ကုန်အသစ်တွေ ထပ်လုပ်မယ်။ အခုဒီမှာ သဘာဝသစ်သီးဖျော်ရည်တွေ သိပ်မရှိဘူး။ ယိုးဒယားက အဓိကသွင်းနေတယ်။ ကျွန်တော်တို့လည်းထုတ်မယ်။ ဒီမှာထုတ်တဲ့အတွက် သူတို့ထက် ဈေးပိုချို၊ အရည်အသွေးပိုကောင်းအောင်ထုတ်မယ်။ အဲဒီလိုလုပ်ပြီး သူတို့ဈေးကွက်ကို ပြန်လုမယ်။ ကျွန်တော်တို့အနေနဲ့ AEC စလည်းပဲ ဈေးကွက်ကို ၁၅ % ကနေ ၂၀ % ယူနိုင်မယ်လို့ထင်တယ်။ ဆက်လက်ရှင်သန်နိုင်ဖို့အတွက်တော့ အားလုံးရုံးကန်ရမယ်။” ဟု ဒေါက်တာစိုင်းဆမ်ထွန်းကဆိုသည်။
လူဦးရေ သန်း ၆၀ ခန့်ရှိနေသောကြောင့် မည့်သည့်လုပ်ငန်းလုပ်ကိုင်သည်ဖြစ်စေ ပြည်တွင်းဈေးကွက်အနေဖြင့် ကြီးမားကြောင်း ပြည်တွင်း၊ ပြည်ပ ပြိုင်ဆိုင်မှုများကြောင့် ကြီးကြီးမားမားထိခိုက်မှုမရှိနိုင်ကြောင်း ကိုကာကိုလာမြန်မာမှ အုပ်ချုပ်မှုဒါရိုက်တာ Mr.Rehan Khan ကပြောကြားသည်။
“အပြောင်းအလဲကတော့ ကြီးကြီးမားမားဖြစ်လာစရာမရှိပါဘူး။ ဈေးကွက်ထဲမှာက ကျွန်တော်တို့ထုတ်တဲ့ Star က ပျံ့နှံ့နေတာဆိုတော့ ဒီအနေအထားက သိပ်အများကြီးအပြောင်းအလဲများများစားစားရှိမှာမဟုတ်ပါဘူး။ Star က နေရာတိုင်းရောက်တယ်လေ။ လက်ရှိထုတ်မယ့် Pepsi ကတောင် ဒီအနေအထားကို မှီပြီး စတင်ရမှာပါ။” ဟု Star အမှတ်တံဆိပ်အချိုရည်များ ထုတ်လုပ်နေသည့် MGS ကုမ္ပဏီမှ ဒါရိုက်တာ ဦးသန့်ဇင်ထွန်းကဆိုသည်။
ပြည်တွင်းအချိုအရည်တွေအနေနဲ့ ရေရှည်မှာ ထိခိုက်မှုတွေမရှိနိုင်ပါဘူး။ ဥပမာအနေဖြင့် အိန္ဒိယနိုင်ငံတွင် ပြည်တွင်း အချိုရည်အမှတ်တံဆိပ်များက တိုင်းပြည်၏ အချိုရည်ဈေးကွက်တွင် အဓိကရောင်းအားရှိနေပြီး ပြည်ပအမှတ်တံဆိပ်များ ထက်ပိုရောင်းမိုရောင်းချနေရေကြောင်း ၎င်းကဆိုသည်။
ပြည်တွင်းသို့ ဝင်လာသည့် နာမည်ကျော်အချိုရည်နှင့် အဖော်ယမကာကုမ္ပဏီများ အနေဖြင့်လည်း ပြည်ပသို့တင်ပို့ရန်ထက်၊ ပြည်တွင်းတွင် ဖြန့်ချိရန်ကိုသာ ပိုမိုစိတ်ဝင်စားနေကြသည်။
“နိုင်ငံတကာမှာ လာရောက်ရင်းနှီးမြှုပ်နှံကြတာကလည်း အဲဒီနိုင်ငံရဲ့ ဈေးကွက်ကို အဓိကထားထိုးဖောက်ချင်လို့ပါ။ ပြည်ပကိုတင်ပို့ဖို့ဆိုတာ ကုမ္ပဏီတစ်ခုခြင်းစီရဲ့ သဘောထားနဲ့ပဲဆိုင်ပါမယ်။ ပြည်ပကိုပဲတင်ပို့ရမယ်လို့ ရင်းနှီးမြှုပ်နှံမှုဥပဒေမှာ သတ်မှတ်ထားတာမျိုးမရှိပါဘူး။” ဟု ဒေါ်ခင်အေးတင်ကဆိုသည်။
ကမ္ဘာကျော်ကုမ္ပဏီများ ဝင်ရောက်လာသော်လည်း မြန်မာစားသုံးသူများကမူ ပြည်တွင်းအချိုရည်များနှင့် ဈေးနှုန်းချိုသာသော တရားမဝင်ဝင်ရောက်လာနေသည့် အဖော်ယမကာအမျိုးအစားများကိုသာ ပိုမိုသုံးစွဲနေကြဦးမည်ဖြစ်ကြောင်း လက်ရှိအဖျော်ယမကာရောင်းဝယ်ဖောက်ကားနေသူအချို့က သုံးသပ်သည်။
“ပြည်တွင်းအချိုရည်တွေက နိုင်ငံအနှံ့ကို လက်လှမ်းမှီတယ်။ နေရာတိုင်းရောက်တယ်။ ပြီးတော့ မြန်မာလူမျိုးတွေက အကြိုက်တွေ့သွားရင် ဘယ်လောက်ညံ့ညံ့ အဲဒါပဲ သုံးတဲ့ အစွဲကလည်းရှိတယ်။ ရေသန့်တောင်မှ Alpine ကြိုက်တဲ့သူက Alpine ပဲသောက်တယ်။ မရှိရင် မသောက်ဘူးဆိုတာမျိုးကြုံဘူးတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်မှ အဖျော်ယမကာလက်လီလက်ကားရောင်းချသူ ဦးခင်ရီကဆိုသည်။
ထို့အပြင် ပြည်တွင်းတွင်အပြိုင်အဆိုင် ထုတ်လုပ်ကြတော့မည်ဖြစ်သောကြောင့် ဈေးနှုန်းချိုသာပြီး မြန်မာလူမျိုးကြိုက်အရသာမျိုးဖြင့် ထုတ်လုပ်နိုင်လျှင် အဆင်ပြေနိုင်ဖွယ်ရှိကာ ပြည်ပမှ ဝင်ရောက်လာသော အချိုရည်နှင့် ဘီယာများတဖြည်းဖြည်းပျောက်ကွယ်သွားနိုင်ကြောင်း တောင်ဥက္ကလာပမှ အဖျော်ယမကာ လက်လီလက်ကားဖြန့်ချိသူ ဒေါ်သီသီက ဆိုသည်။
၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များသည် မြန်မာနိုင်ငံအတွင်းထုတ်လုပ်မည့် ပြည်တွင်းအဖော်ယမကာ အမှတ်တံဆိပ်များနှင့် ကမ္ဘာကျော် အမှတ်တံဆိပ်များ ပြိုင်ဆိုင်ကြမည့် ပြိုင်ပွဲကို စောင့်ကြည့်ရတော့မည့် နှစ်တစ်နှစ်ဖြစ်လေသည်။ ထို့အပြင် ၂၀၁၆ မှာမူ ပြည်တွင်းထုတ် အဖျော်ယမကာအမှတ်တံဆိပ်များနှင့် AEC ကြောင့် ပြည်ပမှ ဝင်လာသည့် အာဆီယံဒေသတွင်း ထုတ်ကုန်များပြိုင်ဆိုင်ကြရမည့် နှစ်ဖြစ်ပေသည်။
“ဘယ်လိုပြိုင်ပြိုင် စားသုံးသူတွေအတွက် ကောင်းတယ်။ ဈေးနှုန်းတွေ အပြိုင်အဆိုင် သင့်တင့်မျှတအောင်လုပ်ကြမယ်။ အရသာပိုကောင်းအောင်လုပ်ကြမယ်။ နောက်ဆုံးတော့ စားသုံးသူအကျိုးအမြတ်ရမယ်။ နိုင်ငံတကာမှာလဲ ဒီလိုပဲလေ။” ဟု ဦးခင်ရီကဆိုလိုက်သည်။
ရဲဇွန်အောင်
ဧပြီ၊ ၂၀၁၄
The Voice Weekly