ဆီကြေး(ဂျီး) နံ့ပျယ်လာသည့် ကားဝပ်ရှော့များ

မြောက်ဥက္ကလာ သုဓမ္မာလမ်းပေါ်ရှိ သူတို့ ဝပ်ရှော့လေးသည် များစွာပြောင်းလဲသွားလေပြီ။ ပြီးခဲ့သော နှစ်က မော်ဒယ်မြင့်ယာဉ်များ လာရောက်ပြင်ဆင်စဉ် အလုပ်တတ် မကိုင်တတ်အနေအထားကို သူတို့ကဲ့သို့ ကားဝပ်ရှော့စက်ပြင်ဆရာတို့ တဖြည်းဖြည်း ကျော်လွှားနေပြီဖြစ်သည်။

ဝပ်ရှော့လေးသာမက ဝပ်ရှော့မှ စက်ပြင်ဆရာ ကိုကျော်ကျော်သည်လည်း ပြောင်းလဲလာပြီ။

“မနှစ်က နှစ်လယ်လောက်က မှတ်မှတ်ရရ ကျွန်တော်တို့ရဲ့ ဝပ်ရှော့မှာ မော်ဒယ်မြင့်ကားတစ်စီးလာအပ်တယ်။ ကားကမော်ဒယ်အသစ် ပြဿနာက ကားချက်မီးလင်းနေတာ။ ဒါပေမယ့် ဘာလုပ်ရမှန်း မသိဘူး။” ဟု ကိုကျော်ကျော်(အမည်လွှဲ)က ၎င်း၏ မော်တော်ယာဉ်ပြုပြင်မှု အတွေ့အကြုံတစ်ခုကို ပြန်ပြောပြသည်။

“ချက်မီးလင်းတယ်ဆိုတာ ကွန်ပျူတာဘောက်စ်ကနေ Error ပြလိုက်တာ။ ဒါပေမယ့် အဲဒီအချိန်တုန်းက သိမှ မသိတာ။ အဲဒီတော့ ဘာလုပ်လိုက်လဲဆိုတော့ကာ အဲဒီမီးနဲ့ဆိုင်တဲ့ကြိုးကိုလိုက်ရှာတယ် ပြီးတော့ ဖြတ်လိုက်တယ်။ ပိုဆိုးသွားရော။ ကောင်းချင်လို့ပြင်မှ ပိုဆိုးသွားပါလေရော။” ဟု သူက ဆက်ပြောပြသည်။

၂၀၁၂ ခုနှစ်အတွင်း အစိုးရက မော်တော်ယာဉ်မူဝါဒကို ပြောင်းလဲခဲ့ပြီးနောက် နောက်ပိုင်းတွင် မြန်မာနိုင်ငံ သို့ ဂျပန် အပါအဝင် နိုင်ငံတကာထုတ် မော်ဒယ်မြင့်ကားများ ပေါပေါသီသီ ဝင်ရောက်လာခဲ့သည်။

ယင်းနောက်ပိုင်းတွင် မော်ဒယ်မြင့်ကားများပြုပြင်ရာတွင် ကိုကျော်ကျော်တို့ကဲ့သို့သော စက်ပြင်ဆရာများမှာ အခက်အခဲများ မကြာခဏဖြစ်ပေါ်ခဲ့ကြသည်။ အဓိကပြဿနာမှာ ကွန်ပျူတာထိန်းချုပ်စနစ်ပါဝင်လာသော အဆင့်မြင့်မော်ဒယ်ကားများကို ကျွမ်းကျင်စွာပြုပြင်နိုင်သော ဝပ်ရှော့များမရှိခြင်းဖြစ်သည်။

မော်တော်ယာဉ်အရောင်း ပြခန်းများ အပြိုင်အဆိုင်ဖွင့်လှစ်လာကြပြီး အရစ်ကျစနစ်ဖြင့်ပါ ရောင်းချလာကြခြင်းကြောင့် ယခင်က အများစုလက်လှမ်းမမှသော ကားအမျိုးအစားများ ရန်ကုန်လမ်းမများပေါ်တွင် ပြည့်ကျပ်လာကြတော့သည်။

ယင်းအခြေအနေ၏ နောက်ဆက်တွဲ အဖြစ်မော်တော်ယာဉ်ပြုပြင်ရုံများလည်း ခေတ်ပြောင်းကြရလေပြီ။

ယခုနောက်ပိုင်း ဝင်ရောက်လာသော ကားအမျိုးအစားများတွင် OBD (On-Board Diagnotics System) ဟု အလွယ်ခေါ်ဆိုသော ကွန်ပျူတာဘောက်စ်များပါဝင်လာခဲ့ပြီး ယခင်မိရိုးဖလာ ကားပြင်ရုံများမှာ ကွန်ပျူတာထိန်းချုပ်စနစ် ပါဝင်သောကားများကို ပြုပြင်ရန် အခက်အခဲများဖြစ်စေသည်။

“ကားတစ်စီးလုံး ကိုယ့်ရှေ့မှာ ရှိနေလျက်နဲ့ တောင်မှ ဘာလုပ်ရမှန်းမသိဘူး” ဟု တာမွေမြို့နယ်ရှိ ကားဝပ်ရှော့တစ်ခုမှ ပိုင်ရှင်ဦးမင်းညွှန့် ကဆိုသည်။

Computerized စနစ်ဖြင့် မော်ဒယ်မြင့်မော်တော်ယာဉ်များပြုပြင်နိုင်ရန် အလုပ်သမားများသာမက မိမိကိုယ်တိုင်ပါ သင်တန်းတက်ခဲ့ရကြောင်း ၎င်းကဆိုသည်။

“ဒါပေမယ့် ခေတ်ကိုလိုက်ပြီး ပြောင်းလဲရတာပေါ။့ ဘာလို့လဲဆိုတော့ မပြောင်းလဲနိုင်ရင် ကိုယ်ပဲကျန်ခဲ့မှာကိုး” ဟု ၎င်းက ဆက်လက်ပြောသည်။

OBD စနစ်သည် မော်တော်ယာဉ် တစ်စီးလုံး၏ ချို့ယွင်းချက်၊ အားနည်းချက်များကို အမြန်ဆုံးနှင့် အလွယ်ကူဆုံး ရှာဖွေပြုပြင်နိုင်ရန် တီထွင်တပ်ဆင်ထားသောစနစ်ဖြစ်ပြီး ယခုအခါ စမတ်ဖုန်း၊ တက်ဘလက်တို့ဖြင့်ပါ ချိတ်ဆက် လုပ်ကိုင်နိုင်နေပြီဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ထို့အပြင် OBD စနစ်သည် အသစ်တင်သွင်းလာသော မော်တော်ယာဉ်အားလုံးနီးပါးတွင်ပါဝင်နေပြီဖြစ်ပြီး ပို၍ အဆင့်မြင့်သော မျိုးဆက်ဖြစ်သည့် OBD II စနစ်ကိုပါသုံးစွဲနေကြပြီးဖြစ်သည်။

“ကျွန်တော်တို့ဆီလာတာတွေက ဂျပန်ကားတွေ။ ဒီမှာပါလာတဲ့ အချက်အလက်တွေက တစ်ချို့ဟာတွေက ဂျပန်စာတွေနဲ့ – ဥပမာ Owner Manual ဆိုတာတွေကအစ ဂျပန်စာတွေနဲ့ဆိုတော့ တော်တော်များများက Service Manual တွေ ဘာတွေလိုက်ရှာတဲ့ အခါကအစ ဒုက္ခရောက်ကြတယ် မတွေ့ကြဘူး” ဟု ကိုမင်းညွန့်က အစပိုင်းကာလ အခက်အခဲများကိုပြောပြသည်။

ယင်းအပြောင်းအလဲနှင့်အတူ မော်ဒယ်မြင့်ကားများပြုပြင်ခြင်းကို သီးသန့်သင်ကြားပေးသော သင်တန်းများပေါ်ပေါက်လာကာ ကားဝပ်ရှော့ အချို့က ဝန်ထမ်းများကို သင်တန်းတက်ရောက်စေခြင်းများ ရှိလာကြသည်။

“ကျွန်တော်တို့ သင်တန်းစဖွင့်တဲ့ အချိန်တုန်းက မော်ဒန်ကားတွေနဲ့ပတ်သတ်တဲ့ Knowledge က ဒီမှာ သိပ်မရှိကြသေးဘူး။ တစ်ခုခုဖြစ်တယ်ဆိုရင် Workshop သွားတယ်။ အဆင်မပြေကြဘူးလို့ပြောကြတယ်” ဟု ၂၀၁၂ ခုနှစ် ကစတင်ဖွင့်လှစ်ခဲ့သော Engine Doctor Engineering သင်တန်းကျောင်းမှ နည်းပြ ဦးကျော်သူမင်းက ဆိုသည်။

မော်တော်ယာဉ်ပြုပြင်ရေးလုပ်ငန်းများကလည်း မိမိတို့အလုပ်သမားများကို မော်ဒယ်မြင့် ကားပြုပြင်ရေးသင်တန်းများ တက်စေခြင်းများ များပြားလာကြောင်း အဆိုပါသင်တန်းများထံမှ တာဝန်ရှိသူများကဆိုသည်။

“သူဌေး(အလုပ်ရှင်)က ကွန်ပျူတာနဲ့ ကားပြင်တဲ့ သင်တန်းတက်ရမယ်လို့ပြောတယ်။ အင်္ဂလိပ်စာတွေဘာတွေပြန်ကြည့်ထားဆိုလို့ အခုပြန်လေ့လာနေရတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်မှ ကျော်ကြားကားဝပ်ရှော့မှ ဝန်ထမ်း ကိုနေလင်းအောင် ကဆိုသည်။

နောက်ပိုင်းတွင် ဝပ်ရှော့ဆရာများနှင့် ဝပ်ရှော့အလုပ်သမားများ သာမက စိတ်ပါဝင်စားသော လူငယ်များပါ မော်ဒယ်မြင့် ကားပြုပြင်ရေးသင်တန်းများကို တက်ရောက်လာကြပြီး အလုပ်အကိုင်အခွင့်အလမ်းတစ်ခု ဖြစ်လာခဲ့သည်။

“ရိုးရိုး ကားပြင်သင်တန်းလည်းတက်ထားတယ်။ အခု ဒီ ကွန်ပျူတာဘောက်စ် သင်တန်းတက်ပြီးရင် Service Centre တွေမှာ ဝင်လုပ်မယ်လို့ စဉ်းစားထားတယ်။ စင်တာတွေကလည်း သင်တန်းကို လာခေါ်တာမျိုးရှိတယ်” ဟု လက်ရှိ မော်ဒယ်မြင့် မော်တော်ယာဉ်ပြုပြင်ရေးသင်တန်း တက်ရောက်နေသူတစ်ဦးဖြစ်သူသည့် ကိုဇော်ဇော်အောင်က ဆိုသည်။

“အများစုကတော့ Workshop လုပ်ငန်းလုပ်ဖို့တက်ကြတာများတယ်။ တစ်ချို့တွေကမေးတယ် ဒီကသင်တန်းဆင်းရင် အလုပ်အဆင်ပြေမလားဆိုတာမျိုးပေါ့” ဟု ဦးကျော်သူမင်းကဆိုသည်။

လက်ရှိအချိန်တွင် မော်ဒယ်မြင့်မော်တော်ယာဉ်များကို ကားဝပ်ရှော့တော်တော်များများတွင် ပြုပြင်နိုင်နေပြီဖြစ်သော်လည်း ယခင်အတိုင်းမပြောင်းလဲဘဲ ပုံမှန် မော်တော်ယာဉ်ပြုပြင်ရေးစနစ်အတိုင်းပြုပြင်ပေးနေသော လုပ်ငန်းများလည်း ရန်ကုန်တွင်အများအပြားရှိနေသေးသည်။

“ကျွန်တော်တို့ကတော့ အရင်အတိုင်းပဲ ဆက်လုပ်နေရဦးမှာပဲ။” ဟု တာမွေမြို့နယ် ၁၅၇ လမ်းရှိ ကားဝပ်ရှော့တစ်ခုမှ အလုပ်သမားကို ဇေဟိန်း(အမည်လွှဲ)က ပြောသည်။

ယခင်မော်ဒယ်နိမ့်ကားများလည်းပြည်တွင်းတွင် အမြောက်အများ ကျန်ရှိနေသေးသောကြောင့် မိရိုးဖလာ ကားဝပ်ရှော့လုပ်ငန်းများလည်းဆက်လက်ရှိနေဦးမည်ဖြစ်ကြောင့် မြောက်ဥက္ကလာပမြို့နယ်မှ ကားဝပ်ရှော့ဆရာ ဦးကျော်မြင့်ကဆိုသည်။

“အခုသွင်းလာတဲ့ ယာဉ်တွေမှာ ကွန်ပျူတာစနစ်တွေပါလာတယ် ဆိုပေမယ့် ဒီမှာ အရင်ကားဟောင်းတွေက အများကြီရှိနေသေးတာပဲ။ လူတိုင်းကားသစ်ပြောင်းစီးနိုင်တာမဟုတ်ဘူး။ အရင်တုန်းက ကားစုတ်လေးကိုပဲ ဖက်တွယ်ထားတဲ့သူတွေ အများကြီးပါဗျာ” ဟု သူ၏ အမြင်ကိုပြောပြသည်။

ကွန်ပျူတာဘောက်စ် ပါဝင်သော မော်တော်ယာဉ် အသစ်များကို ပြုပြင်ရာတွင် ရန်ကုန်တွင်အဆင်ပြေသော်လည်း နယ်ဘက်တွင် အခက်အခဲများရှိနေသေးကြောင်း ရန်ကုန်တွင် ကွန်ပျူတာဘောက်စ်ကားပြုပြင်ရေးသင်တန်း လာတက်သော တောင်ငူမြို့မှ ကားပြင်ဆရာ ဦးသန်းညိမ်းက ဆိုသည်။

“ရန်ကုန်မှာက သင်တန်းတွေလည်းရှိတယ်။ ဝပ်ရှော့တွေလည်းပေါလာပြီ။ နယ်ဘက်မှာကြတော့ အဲဒါနဲ့ပြောင်းပြန်ဖြစ်နေတယ်။ အခုက နယ်ဘက်မှာ ကားအမြင့်တွေနည်းနေသေးတဲ့ အတွက် ပြဿနာသိပ်မကြီးသေးပေမယ့် နောက်ပိုင်း တစ်နိုင်ငံလုံး ဒီကားတွေပဲဖြစ်လာမှာ ဒါကြောင့် ဒီမှာသင်တန်းလာတက်ပြီး ကြိုပြင်ထားတာ” ဟု ၎င်းက သူ၏ အမြင်ကို ပြောပြသည်။

ယခုကဲ့သို့ ဝပ်ရှော့များတွင် နည်းပညာပိုင်း လျင်လျင်မြန်မြန်ပြောင်းလဲလာခြင်းအပေါ် အမြင်အမျိုးမျိုးရှိကြသော်လည်း ကားပြင်ဆရာအများစုကမူ ယခုအပြောင်းအလဲကို သဘောကျကြကြောင်းဆိုကြသည်။

“ အဓိကကတော့ လူသက်သာသွားတယ်ဗျာ။ ဒီကားတွေပြင်မယ်ဆိုရင် Code ဖတ်နည်းက အဓိကပဲ။ ပြီးရင် ဒီ Code ကို Software ထဲကိုသွားပြီးတော့ ကြည့်။ ဒီ Code ဆိုရင်တော့ ဘယ်နားမှာဖြစ်တယ်၊ ဘာဖြစ်တယ်ပေါ့။ ပြီးတော့ Error ဖြစ်တဲ့ အစိတ်အပိုင်းကို ဖြုတ်ပြီးလဲ။ လူအများကြီးသက်သာသွားတယ်။ အရင်ကလို တစ်စီးလုံးတစ်စစီဖြုတ်နေစရာမလိုတော့ဘူး” ဟု ဦးမင်းညွန့်က ဆိုသည်။

သို့သော် နည်းပညာ၏ သဘောသဘာဝအရ Error များကို အမြဲတမ်းပုံသေ သတ်မှတ်ထား၍ မရကြောင်း ၎င်းကဆိုသည်။

“တစ်ချို့အပိုင်းကြတော့ Code ကိုပြန်ဖျောက်လိုက်တာနဲ့ရတယ်။ တစ်ချို့အပိုင်းကြတော့ Physically အရ ပြန်စစ်ရတာတွေလည်းရှိတယ်။ မော်တော်ယာဉ်ရဲ့ System ပိုင်းကိုနားလည်ရင်တော့ ပိုပြီးကောင်းတာပေါ့။” ဟု သူက ဆက်ရှင်းပြသည်။

ယင်းသို့ နည်းပညာမြင့်ကားများတင်သွင်းမှု များပြားလာပြီးနောက်ပိုင်းတွင် မော်တော်ယာဉ်ထုတ်လုပ်သည့် Mitsubishi၊ Nissan၊ Toyota အစရှိသော နိုင်ငံတကာမှ မော်တော်ယာဉ်ကုမ္ပဏီများကလည်း မော်တော်ယာဉ် Service Centre များ ပြည်တွင်းတွင်ဝင်ရောက် ဖွင့်လှစ်လာကြသည်။

ထို့အပြင်နိုင်ငံတကာတွင်သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လာသောမြန်မာများမှ ဖွင့်လှစ်သည့် ဂျပန်၊ ဥရောပနှင့် အမေရိကန် ထုတ်ကားများကို သီးသန့် ပြုပြင်သော အဆင့်မြင့်မော်တော်ယာဉ် Service Centre များလည်း ဖွင့်လှစ်လာကြသည်။

“နိုင်ငံခြား Service Centre တွေမှာ အားသာနိုင်တာတစ်ခုက သူတို့ကိုယ်တိုင်လာတယ်။ သူတို့ထုတ်တဲ့ကားပဲ။ စက်တွေက သူတို့ဆီမှာ အကုန်လုံးရှိပြီးသား ဒါသူတို့ရဲ့အားသာချက်ပေါ့။ ကျွန်တော်တို့က ဘေးကနေဝင်ရတာဆိုတော့ ကအခက်အခဲတွေတော့ရှိတာပေါ့” ဟု ကိုမင်းညွန့်က ဆိုသည်။

ယခင်က မော်တော်ယာဉ် များ၏ System ပိုင်းသည် ရှုပ်ရှုပ်ထွေးထွေး သိပ်မရှိလှပေ။ ဒီကုမ္ပဏီက ထုတ်ပါက ဒီပုံစံသာလာမည်ဖြစ်သည်။ ခန့်မှန်း၍ရသည်။ ယခုအခါ ယင်းကဲ့သို့ မဟုတ်တော့ပေ။

၁၉၉၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်တွင် လေထုညစ်ညမ်းမှုကိုကာကွယ်ရန် ဥပဒေထုတ်ခြင်းမှ စတင်ခဲ့သော ကွန်ပျူတာဘောက်စ် နည်းပညာသည် ယခုအခါကမ္ဘာပေါ်ရှိ ကားအမျိုးအစားများစွာတွင် တပ်ဆင်သုံးစွဲနေကြပြီဖြစ်သည်။

“မော်တော်ယာဉ်သစ်တွေလည်း ထပ်ဝင်နေဦးမှာပဲ။ ပြီးတော့ ပြည်ပ မော်တာ်ယာဉ်ကုမ္ပဏီတွေလည်း ဒီမှာ ဒေသနဲ့ကိုက်ညီတဲ့ ကားတွေ ထုတ်လုပ်လာကြမယ်ဆိုရင် နောက်ပိုင်းမှာ ကွန်ပျူတာဘောက်စ် ကားပြုပြင်ရေးက အဓိက ရွေးချယ်စရာ အလုပ်အကိုင် အခွင့်အလမ်းတစ်ခုဖြစ်လာမယ်ထင်တယ်” ဟု ကိုမင်းညွန့်က မှတ်ချက်ပေးသည်။

ကားဝပ်ရှော့များသည်လည်း အပြောင်းအလဲရေစီးကြောင်းတွင် ကျန်ရစ်မနေရေး လုံ့လထုတ်နေရဦးမည်။

ယခင်က မည်းညစ်ပေကြံနေသော ကိုကျော်ကျော်တို့ ကားဝပ်ရှော့ ကြမ်းပြင်သည် ယခုအခါ သက်ရပ်သန့်ရှင်းလာသည်။ အလုပ်ပါးလျှင် သူတို့ ထိုင်ကစားကြသေးသည်။ ယခင်က စက်ဆီများ ပေကျံနေသော စက်ကိရိယာများအစား ကွန်ပျူတာတစ်စုံနှင့် သပ်ရပ်သန့်ရှင်းသောစက်ပစ္စည်းများ အစားဝင်လာသည်။

မြောက်ဥက္ကလာ သုဓမ္မာလမ်းပေါ်ရှိ ကားဝပ်ရှော့လေးလည်း များစွာ ပြောင်းလဲ သွားလေပြီ။

ရဲဇွန်အောင်
၂၉ ဇူလိုင်၊ ၂၀၁၃
The Voice Weekly

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *