ဝက်သစ်ချပင် အရိပ်တွေ ထိုးယှက်နေတဲ့ မြက်ခင်းပြင်ပေါ်မှာ ဝါညိုရောင် အသွေးနဲ့ သစ်သားခေါင်းတလား တစ်ချို့ ဟိုတစ ဒီတစ။ မျက်နှာကို ခွဲစိတ်ခန်းသုံး မျက်နှာဖုံးနဲ့ စည်းကာထားတဲ့ ခပ်ရွယ်ရွယ် လူတစ်ချို့ဟာ ထရပ်ကားပေါ်က နောက်ထပ် ခေါင်းတလားတစ်ချို့ကို သယ်ထုတ်နေကြတယ်။ မြင်ကွင်းက စိတ်မချမ်းမြေ့ဖွယ်။
မျိုးဆက်တစ်ခု သေဆုံးသွားပြီလို့ အီတလီအာဏာပိုင်တွေက ဆိုလိုက်ပါတယ်။ ခုပြောပြခဲ့တဲ့ မြင်ကွင်းနဲ့ ဆက်စပ်တွေးတောလိုက်ရုံနဲ့ အနိတ္ထာရုံ ဇာတ်လမ်းတစ်ခု ဖြစ်ပျက်နေပြီဆိုတာကို သဘောပေါက်ကြမယ်ထင်ပါရဲ့။ များပြားလှတဲ့ အခေါင်းတလားတွေဟာ လူငယ်တွေကို ကိုယ်စားမပြုပါဘူး။ ဇရာကို ရင်ဆိုင်ရင် နောက်ဆုံးအချိန်ကာလတွေကို မြတ်နိုးရာမိသားစုကိုယ်စီနဲ့ ဖြတန်သန်းနေကြတဲ့ သက်ကြီးရွယ်အိုတွေရဲ့ ရုပ်အလောင်းတွေပါ။ ခုလို ကာလအတွင်း ဒီလို စုပေါင်းအသုဘအခမ်းအနားတွေကို လွန်ဘာဒီဒေသတစ်ဝှမ်းက သချိၤုင်းတွေမှာ ကြေကွဲဝမ်းနည်းဖွယ် အထပ်ထပ်အဖန်ဖန် မြင်တွေ့နေရပါလိမ့်မယ်။
ကြောက်မက်ဖွယ်ပျံ့နှံ့လာနေတဲ့ COVID-19 ရောဂါကပ်ဘေးဟာ အီတလီနိုင်ငံတစ်နံတစ်လျားမှာ ထိမ်းချုပ်ရခက်ခဲလောက်အောင် ပြန့်ပွားနေပါတယ်။ သက်ကြီးရွယ်အိုတွေကို ကယ်ဆယ်နိုင်စွမ်းမရှိတော့ဘူးလို့ ကျန်းမာရေးဝန်ထမ်းတွေက ထုတ်ဖော်ပြောဆိုထားရတဲ့အထိပါပဲ။
ကိုယ်ခံအားစနစ် အားနည်းတဲ့လူတွေကို ပိုမိုထိခိုက်စေနိုင်တဲ့ ဒီရောဂါဆိုးဟာ အီတလီနိုင်ငံတစ်ဝှမ်းက လူအိုတွေ ၊ လူကြီးတွေရဲ့ အသက်ဇီဝိန်ကို တဖြုတ်ဖြုတ်ကြွေကျစေခဲ့ပါတယ်။ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ သိထားရသမျှဆိုရင် အသက် ၃၅ နှစ်အောက် လူတွေမှာ သေဆုံးနိုင်ချေက သုညရာခိုင်နှုန်းနီးပါး အခြေအနေပါ။ ဒီထက်ပိုပြီး အသက်ကြီးလာလေလေ သေဆုံးနိုင်ခြေ မြင့်မားလေလေဆိုပေမယ့် အသက် ၇၀ နဲ့အထက် လူကြီးပိုင်းတွေအတွက် အသက်ဆုံးရှုံးရနိုင်ခြေကတော့ သိသိသာသာကို မြင့်မားလို့နေပါတယ်။
အီတလီမှာသာမကပါဘူး၊ ရောဂါပိုးစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံမှာရော လက်ရှိ ကပ်ဘေးဒါဏ်ကို ခံစားနေရတဲ့ ကမ္ဘာတစ်ဝှမ်းက တိုင်းပြည်အသီးသီးမှာပါ သေဆုံးမှုအားလုံးရဲ့ ၂၃%ဟာ အသက် ၇၀ နဲ့အထက် သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ ပြောရရင် Baby Boomer Generation တွေလို့ ဆိုရမှာပေါ့။ ဒီမျိုးဆက်တွေဟာ ဒီကနေ့ခေတ် ကမ္ဘာကြီးကို သူတို့ရဲ့ လက်တွေနဲ့ ကိုယ်တိုင်ထုဆစ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
ဒီနေ့ကမ္ဘာပေါ်က လူသားမျိုးဆက်တွေကို ယျေဘုယျအားဖြင့် ဒီဘက်နှောင်းပိုင်းခေတ်တွေမှာ မျိုးဆက်တွေ ခွဲခြားသတ်မှတ်လာကြပါတယ်။ မွေးဖွားခဲ့ရာ နှစ်တွေအလိုက် ခွဲခြား သတ်မှတ်ကြတယ်ဆိုပါတော့။
၁၈၉၀-၁၉၀၅ ဝန်းကျင်မှာ မွေးဖွားသူတွေကို The Lost Generation တွေလို့ သတ်မှတ်ထားပါတယ်။ သူတို့ရဲ့နောက်က မျိုးဆက်ကိုတော့ The Interbellum Generation လို့ ဆိုပါတယ်။ ၁၉၀၁-၁၉၁၃ ကြားမှာ မွေးဖွားခဲ့သူတွေဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ The Greatest Generation ရှိပါမယ်။ ပထမကမ္ဘာစစ်မတိုင်မီနဲ့ စစ်ပြီးကာလအကြား ၁၉၁၀-၁၉၂၄ ကာလတွေမှာ မွေးဖွားခဲ့သူတွေပါ။ အဲ့ဒီနောက်မှာတော့ The Silent Generation ပါ။ ၁၉၂၅-၄၅ ကြားကာလပေါ့။ သူတို့အားလုံးဟာ ကမ္ဘာ့ကပ်ဆိုးကြီးတွေအတွင်းမှာ ကြီးပြင်းလာကြသူတွေပါ။
နယ်မြေလုစစ်ပွဲတွေ၊ မြေရှင်ပဒေသရာဇ်စနစ်တွေနဲ့ ကမ္ဘာစစ်တွေရဲ့ ဒါဏ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရဖူးသူတွေ ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ ပြန်လည်ထူထောင်ရေးခေတ်ရဲ့ သားပျို၊ သမီးပျိုတွေ ထွန်းကာရာကာလကို ရောက်လာခဲ့ပါတယ်။ Baby Boomer Generation လို့ ခေါ်ကြပြီးတော့ ၁၉၄၆-၅၆ ကြားကာလတွေဖြစ်ပါတယ်။ လက်ရှိမှာ COVID-19 ကြောင့် ထိခိုက်ပျက်ဆီးမှု အရှိဆုံး သူတွေဖြစ်ကြပါတယ်။ သူတို့ရဲ့ နောက်မှာတော့ Generation X တွေ၊ ကျွန်တော်တို့လို Millennials (Generation Y) တွေ၊ iGen ဒါမှမဟုတ် Gen Z တွေ၊ နောက်ဆုံး Gen Alpha လို့ သမုတ်ခံထားရတဲ့ ၂၀၁၃ နောက်ပိုင်း မျိုးဆက်တွေ ရှိနေပါတယ်။
ခုလို မျိုးဆက်တွေ ခွဲခြားခဲ့တာကြောင့် မျိုးဆက်တစ်ခုနဲ့ တစ်ခုကြားမှာ အမြင်မတူမှုတွေ၊ စွမ်းဆောင်နိုင်စွမ်း ကွာခြားမှုတွေများစွာရှိခဲ့ဖူးပြီး မျိုးဆက်တွေအကြား ပွတ်တိုက်မှုတွေဟာ ဒီကနေ့ခေတ်အထိ ရှိနေကြဆဲပါ။
ဒါပေမယ့် ခုချိန်မှာတော့ ပြန်လည်ထူထောင်ရေးခေတ်ရဲ့ သားပျို၊ သမီးပျိုတွေလို့ တင်စားခံခဲ့ရတဲ့ မျိုးဆက်ကြီးဟာ ကပ်ဘေးတစ်ခုရဲ့ အစွန်းမှာ ရပ်တန့်နေကြရပါပြီ။ ၂၀ ရာစုကို မောင်းနှင်ခဲ့သူတွေဟာ ဒစ်ဂျစ်တယ်ခေတ်လို့ တင်စားခံရတဲ့ ၂၁ ရာစုကြီးထဲကနေ ဖယ်ရှားခံရဖို့ လက်တစ်ကမ်းအလိုမှာပါ။ တစ်ကမ္ဘာလုံးမှာ ပြန့်နှံ့နေတဲ့ ရောဂါကပ်ဘေးဆိုးတစ်ခု ဆိုပေမယ့် သေဆုံးမှုနဲ့ ထိခိုက်မှုမှာတော့ Immune System အားနည်းနေပြီဖြစ်တဲ့ ဒီသက်ကြီးရွယ်အိုတွေမှာ အပြင်းထန်ဆုံးထိခိုက်နေပါတယ်။
COVID-19 ရောဂါ ကူးစက်မှုလျှင်မြန်လာပြီး လူသေဆုံးနှုန်းလည်း တိုးတက်လျှင်မြန်လာချိန်မှာ လူတိုင်းနီးပါးဟာ ဒီရောဂါဆိုး ကူးစက်ခံရမှာကို ကြောက်ရွံ့တုန်လှုပ်လာကြပါတယ်။ ဒါပေမယ့် လူတိုင်းနီးပါး မေ့နေခဲ့ကြတာက ကိုယ့်အသက်အရွယ်ကိုလိုက်ပြီး အသက်ဘေးစိုးရိမ်ရနိုင်ချေ မတူညီဘူးဆိုတာပါပဲ။
လက်ရှိအချိန်အထိ ကျနော်တို့ မြင်တွေ့နေရတဲ့ သတင်းစကားတိုင်းမှာ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေရဲ့ တစ်ကိုယ်ရေ စိုးရိမ်မှုနဲ့ ဘေးဘယာကို ရှောင်လွဲလိုစိတ်တွေကိုပဲ မြင်တွေ့နေရေတာက စိတ်မကောင်းစရာ အခြေအနေတစ်ခုဖြစ်ပါတယ်။
လူတွေဟာ ကြောက်ရွံ့နေကြတယ်၊ ရောဂါမကူးစက်အောင် ကြိုးပမ်းနေကြတယ်၊ ကူစက်ပိုးကို ကာကွယ်နိုင်ဖို့ အပြင်းအထန်ပြင်ဆင်နေကြတယ်။ ဒါပေမယ့် အသက်ဘေးနဲ့ အနီးဆုံး အခြေအနေကို ရောက်နေတဲ့ အိမ်ဦးခန်းက အဘိုးအို အမယ်အိုတွေအတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ။
ဒီကနေ့အထိ လူအများစုရဲ့ စိုးရိမ်ကြောင့်ကျစကားတွေထဲမှာ ကိုယ့်မှာ ပိုးကူးစက်ခံရမှာကို စိုးရိမ်တယ်ဆိုတဲ့ အတ္တနောမတ္တိတွေကိုသာ အများဆုံးမြင်တွေ့နေရပါသေးတယ်။ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ လူလတ်ပိုင်းတွေ၊ ဝန်ထမ်းတွေ၊ ရင်သွေးတွေအတွက် ပူပန်မှုတွေကိုသာ အများဆုံးတွေ့နေရပါတယ်။
အိမ်မှာနေနေတယ်၊ အပြင်ထွက်ဖြစ်စရာအကြောင်းမရှိဘူးလို့ ဆိုလိုက်ရုံနဲ့ သူတို့ရဲ့ အသက်အန္တရာယ်က စိတ်ချသွားလို့ရနေပြီတဲ့လား။ ရောဂါဆိုးဟာ မြန်မာပြည်ကို ရောက်မလာသေးပါဘူး။ ကောလဟာလတွေနဲ့ အခြားသော ဘေးဘယာတွေရန်ကြောင့်နဲ့တင် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုကို လောင်စာလို တမြေ့မြေ့ကျွမ်းလောင်နေစေနိုင်တယ်ဆိုတာကို သတိမှ ရကြပါစ။
ဒီရက်ပိုင်းထဲ တစ်ရက် လက်ဖက်ရည်ဆိုင်ထိုင်တော့ ရောဂါအခြေအနေတွေ ဘာမှန်းမသိလို့ ဘေးဝိုင်းကလူငယ်တွေကို လိုက်မေးနေတဲ့ လူကြီးတစ်ယောက်ကို တွေ့ခဲ့ရတယ်။ သူ့အိမ်က အိမ်သားတွေရဲ့ စိုးရိမ်မှုထဲမှာ သူပါနေဟန်မရှိဘူး။ ဒါပေမယ့် သူ့ရဲ့ စကားရိပ်ခြေထဲမှာတော့ ကလေးတွေအပေါ် သောကတွေ ပြည့်လို့။
ထားပါတော့။ ကျနော်တို့ အီတလီကို ပြန်သွားရအောင်။ မီလန်မြို့ကို သိရင် လွန်ဘာဒီဒေသကိုလည်း သိလိမ့်မယ်။ လွန်ဘာဒီဟာ မီလန်မြို့တည်ရှိရာဒေသ။ ကမ္ဘာ့ဖက်ရှင်လောကရဲ့ နှလုံးသည်းပွတ်။ လူ ၁၀.၂ သန်းလောက် နေထိုင်နေကြတယ်။ ကိုမိုရေကန်ကြီးနဲ့ ကဗျာဆန်တဲ့ အလှတရားတွေ ရှိတယ်။ နုပညာကို ခံစားတတ်သူတိုင်းရဲ့ ရင်ကို ဖမ်းဆုပ်နိုင်တဲ့ သဘာဝရှုမျှော်ခင်းတွေ ပိုင်ဆိုင်ထားတယ်။
ခုတော့ ဒီဒေသဟာ ဒန်တေရဲ့ ကြေးချွတ်သန့်စက်ဘုံဖြစ်နေခဲ့ပြီ။ ဒီဒေသထဲက လူတွေထဲမှာ ရောဂါကူးစက်ခံရသူ ၄၀၀၀ နီးပါးသာရှိပေမယ့် ရောဂါကြောင့် အသက်စွန့်သွားရသူအရေအတွက်ကတော့ ၁၆၄၀ ဦးအထိရှိနေပြီ။ အားလုံးနီးပါးဟာ အိုမင်းရင့်ရော်နေပြီဖြစ်တဲ့ သက်ကြီးရွယ်အိုတွေချည်း။ ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်အတွင်းမှာ သူတို့ အသက်စွန့်သွားခဲ့ကြရတာ။ သူတို့ကို ဘယ်သူမှ မကယ်နိုင်ခဲ့ကြဘူး။ သူတို့ထဲက တစ်ချို့ဟာ မလုံလောက်တော့တဲ့ ဝန်ထမ်းအင်အားကြောင့် လူငယ်တွေကို ကယ်တင်ဖို့ အပြုံးမပျက် အသက်ပေးခဲ့ကြရတာ။
ဒေသတစ်ဝှမ်းမှာရှိနေတဲ့ အသုဘဝန်ဆောင်မှုကုမ္ပဏီ ၈၀ လောက်ဟာ နာရီပိုင်းအတွင်း ဖုန်းခေါ်ဆိုမှု ဒါဇင်ပေါင်းများစွာကို လက်ခံဖြေကြားခဲ့ကြရတယ်။ တခါမှ မမျှော်မှန်းထားတဲ့ ငွေကြေးအကျိုးအမြတ်တွေကို ရုတ်တရက် သူတို့ရှာဖွေနိုင်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ မပျော်ခဲ့ကြဘူး။ စိတ်ညစ်ညူးဖွယ်ရာ အခိုက်အတန့်တွေပါပဲ။
လက်ရှိအချိန် (မတ်လ ၂၀ ရက်နေ့) မှာ ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်မှုဖြစ်ခဲ့တဲ့အရေအတွက် ၂၄၈၆၈၄ ဦးအထိရှိနေပြီးတော့ သေဆုံးသူအရေအတွက်က ၁၀၀၈၃ ဦးအထိရှိနေပြီဖြစ်ပါတယ်။ ပြန်လည်ကျန်းမာလာသူ အရေအတွက်ကလည်း ၈၈၅၆၃ ဦးအထိရှိလာတာမို့ အတိုင်းအတာတစ်ခုအထိ တိုးတက်လာနေပါတယ်။ ဒါပေမယ့်လည်း Close Case တွေထဲမှာ သေဆုံးနှုန်းက ၆% ကနေ ၁၀% အထိ တိုးလာခဲ့တာမို့ အရမ်းကြီးတော့ အခြေအနေကောင်းလှတယ်ဆိုတဲ့ အနေအထားမျိုးမဟုတ်သေးပါဘူး။ Active Case ၁၅၀၀၃၈ အထိ ရှိနေဆဲပါ။ ဒီထဲက ၅% က အခြေအနေဆိုးနေကြဆဲပါ။
သတင်းတွေဟာ သတင်းကောင်းတွေရော သတင်းဆိုးတွေရော ရောပြွမ်းလို့နေပါတယ်။ ကိုမိုရေကန်ကြီးဟာ နေဝင်ခါနီးအချိန်မှာ သူ့ရဲ့ အလှတရားတွေကို ပိုပြီး လှစ်ဟပြလာနေသလိုပါပဲ။ ရေကန်ဘေးက ဗရင်နာ ကမ်းနားလမ်းဟာ တချိန်တုန်းကလို ခရီးသွားတွေနဲ့ ပြည့်နှက်မနေတော့ပါဘူး။ Cotoletta ရောင်းတဲ့ ဆိုင်လေးတွေလည်း တံခါးတွေ ပိတ်ရင်း တိတ်ဆိတ်ငြိမ်သက်လို့။
တချက် တချက်သုတ်ခနဲ တိုက်လာတဲ့ လေနုအေးလေးဟာ တိတ်ဆိတ်ခြောက်ကပ်နေသယောင်ယောင်။ မျိုးဆက်တစ်ခု ပျောက်ဆုံးတော့မယ့် နိမိတ်ပုံရိပ်တွေလား။ ဆရာကျော်ဝင်းရဲ့ မျိုးဆက်တစ်ခု ပျောက်ဆုံးခြင်းကို တစ်စွန်းတစ်စ ဖတ်ခဲ့ဖူးတယ်။ ခုမြင်နေရတာက ပျောက်ဆုံးခြင်း မဟုတ်တန်ရာ။ မျိုးဆက်တစ်ခု လူ့လောကထဲက စွန့်ခွာထွက်သွားကြသည်ကို ထိုင်ကြည့်နေသည့်ဟန်။
ပျောက်ဆုံးသောသူကို ရှာလျှင်တွေ့နိုင်ချေရှိနေပါသေးတယ်။ သေသောသူများကိုရော ကြာလျှင်မေ့နိုင်ပါမည်လော … ကျနော်တို့ မျိုးဆက်တစ်ခုကို လက်လွှတ်နေရပြီလော …
မောင်မိုးဇွန်
၂၀၊ မတ်၊ ၂၀၂၀
COVID-19
တောရေးတောင်ရေး