မြို့ပြရန်ကုန်၏ အမွေ

သူ့ဟန်က တစ်စုံတစ်ရာကို အလွန် စိုးရိမ်နေ သလို ပင်။ အဆောက်အအုံ တစ်ခုကို သေချာ ကြည့်နေ သည်။ အမှတ်တံဆိပ် သက်တမ်း နှစ် ၉၀ ကျော်ရှိ မာဘိုရို စီးကရက် တစ်လိပ်ကို မက်မက်မောမော ဖွာရှိုက်လိုက်ရင်း စိုးရိမ်တကြီး လေသံဖြင့် စကား စပြောသည်။

“နောက် ၂ နှစ်၊ သုံးနှစ်အတွင်း ဒီအဆောက်အအုံ တွေကို ဘယ်သူမှ ဘာမှ မကာကွယ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ ဒီအဆောက်အအုံတွေကို ဘယ် တော့မှ မြင်ခွင့်ရတော့မှာ မဟုတ်ဘူး” ဟု စိုးရိမ် တကြီး ဆိုလိုက်သူမှာ ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန့်မြင့်ဦး ဖြစ်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးလည်းဖြစ်သည့် သူသည် ရန်ကုန်မြို့ပြ အမွေ အနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) ကို ၂၀၁၂ ခုနှစ်က တည်ထောင်ခဲ့ပြီး ရန်ကုန်ရှိ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများကို ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်သည်။

“ဒီကိစ္စလေးတစ်ခုက အခုအချိန်မှာ Priority မဟုတ်ပေမယ့် ဘာမှမလုပ်ရင် နောက် ၂ နှစ်၊ သုံးနှစ် အတွင်း Too Late ဖြစ်သွားမယ်။ နောက် ၁၅ နှစ်၊ နှစ် ၂၀ ကြာရင် ကျွန်တော်တို့လည်း ဖွံ့ဖြိုးလာမယ် လို့ ယုံကြည်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ နောင်တ ရမနေချင်ဘူး” ဟု သူက ဆက်ပြောသည်။

သမိုင်းပညာရှင် တစ်ဦး ဖြစ်သလို၊ စာရေးဆရာ တစ်ယောက်လည်း ဖြစ်သော သူသည် ဝါသနာအရ သူအလွန် စိတ်ဝင်စားသော ယခု လုပ်ငန်းများ လုပ်ကိုင်ရန် ကမ္ဘာနောက်ခြမ်း အမေရိကမှ လာခဲ့ခြင်း ဖြစ်သည်။

“ဥပမာ-စင်ကာပူကိုပဲကြည့်။ ရှေးဟောင်း အဆောက်အအုံတွေကို ဖျက်ဆီးပစ်ခဲ့တယ်။ တကယ် တန်ဖိုးကို နားလည်လာတဲ့အချိန်မှာ ဘာမှ မရှိတော့ဘူး။ အရမ်း နောက်ကျနေပြီ” ဟု သူက ရှင်းပြ သည်။

စင်ကာပူနိုင်ငံသည် ဖွံ့ဖြိုးရေး လုပ်ငန်းများ စတင် ဆောင်ရွက်စဉ်ကာလက ဖွံ့ဖြိုးမှုကို ရှေ့တန်း တင်ကာ ရှေးဟောင်း အဆောက်အအုံများကို ဖျက်ချ၍ ခေတ်မီ အဆောက်အအုံများအဖြစ် ပြောင်းလဲခဲ့သည်။ သို့သော် ယခုအချိန်တွင်မူ စင်ကာပူတွင် ရှေးဟောင်း အဆောက်အအုံများ မရှိတော့ဘဲ အသစ်ပြန်လည် တည်ဆောက်ထားသော ပုံတူ အဆောက်အအုံများသာ တည်ရှိတော့ သည်။

နောက်ပိုင်း ကာလများတွင် နာမည်ကျော် စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုကိုယ်တိုင် သူ၏ အုပ်ချုပ်မှု သက်တမ်း တစ်လျှောက် အကြီးမားဆုံး အမှားဟု ဝန်ခံခဲ့သည်။

ဒေါက်တာသန့်မြင့်ဦး စိုးရိမ်မိသလိုပင် ရန်ကုန်ရှိ ရှေးဟောင်း အဆောက်အအုံများသည် အလွန် အန္တရာယ်ရှိသော အနေအထားဖြင့် နေထိုင်နေရပြီဖြစ်သည်။

အစိုးရ အပြောင်းအလဲ နောက်ပိုင်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး ပိုမို ပွင့်လင်းလာမှု ကြောင့် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ အပြိုင်အဆိုင် ပြုလုပ်နေကြပြီး စီးပွား ဖွံ့ဖြိုးတိုးတက်မှု က သမိုင်းဝင် အဆောက်အအုံများ၏ ဖြစ်တည်မှုကို များစွာ ခြိမ်းခြောက်နေသည်။

နှစ်ထောင်ချီ သက်တမ်းရှိသော ရန်ကုန်မြို့တော်မှာ ၂၀ ရာစု အစောပိုင်းက အာရှတွင် အသန့်ရှင်းဆုံး နှင့် အလှပဆုံး မြို့တော်ဖြစ်ခဲ့သည်။ နိုင်ငံရေးသမားများနှင့် စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲသူများ နေထိုင်ကြသည့် ရန်ကုန်သည် မြန်မာနိုင်ငံ အတွက်သာမက အာရှတိုက်အတွက်ပါ သမိုင်းဝင်မြို့ ဖြစ် သည်။

ကိုလိုနီခေတ်ကို နှစ်ပေါင်း ၁၀၀ ကျော် ဖြတ်သန်းခဲ့ပြီး ဗြိတိသျှ အရာရှိများ အဓိက ရုံးစိုက်ရာ မြို့တော် ဖြစ်ခဲ့သော ရန်ကုန်တွင် ကိုလိုနီခေတ်လက်ရာ အဆောက်အအုံများ ယနေ့တိုင် ကျန်ရှိနေဆဲ ဖြစ် သည်။

သို့သော် ယခု ရန်ကုန်သည် ယခင် နှစ် ၁၀၀ က ရန်ကုန်မြို့ထက် ၁၀ ဆခန့် ပိုမို ကျယ်ဝန်းနေသော ကြောင့် အဆိုပါ အဆောက်အအုံများသည် ရန်ကုန်ဧရိယာ၏ ၁၀ ရာခိုင်နှုန်းသော နေရာတွင်သာ စုဝေးနေခြင်း ဖြစ်သည်။ ယင်းကို သမိုင်းပညာရှင် အချို့က ရန်ကုန်မြို့ဟောင်း ဧရိယာဟု ခေါ်ဝေါ် သမုတ်ကြသည်။

ရန်ကုန်ရှိ မြို့ပြ အမွေအနှစ် အဆောက်အအုံများသည် ကိုလိုနီခေတ် အဆောက်အအုံများသာ မဟုတ်ပေ။ ရွှေတိဂုံ စေတီတော်၊ ဆူးလေ စေတီတော်တို့ကဲ့သို့သော နှစ်ပေါင်း ရာထောင်ချီနေသော ဘာသာရေး အဆောက်အအုံများလည်း ပါဝင်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စာရင်းများအရ ထိုရှေးဟောင်း အဆောက်အအုံ များထဲမှ မဖြစ်မနေ ထိန်းသိမ်း ကာကွယ်ရမည့် အဆောက်အအုံ ၁၈၉ ခု ရှိနေပြီး ၈၀ ခန့်မှာ ဘာသာရေး အဆောက်အအုံများ ဖြစ်ကာ အားလုံး အစိုးရပိုင်များ ဖြစ်ကြသည်။

အဆိုပါ အဆောက်အအုံများသည် ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ ဖြစ်ကြသည် ဆိုသော်လည်း အားလုံးကို ပြုပြင် ထိန်းသိမ်းရန် အခက်အခဲများ ရှိနေသည်။အချို့အဆောက်အအုံ များမှာ နှစ်ရှည်လများ ပြုပြင် ထိန်းသိမ်းခြင်း မပြုခဲ့သောကြောင့် ယိုယွင်း ပျက်စီးနေကြပြီ ဖြစ်သည်။

“ဒီအဆောက်အအုံတွေမှာက တချို့ အဆောက်အအုံတွေမှာ လူနေသေးတယ်။ ဒါတွေကို ထိန်းသိမ်းဖို့ လက်ရှိ နေထိုင်သူတွေကို ဆွဲချရမှာလား” ဟု ကျောက်တံတားမြို့နယ် အတွင်း နေထိုင်သူ အသက် ၃၅ နှစ် အရွယ်ရှိ ဦးမောင်မောင်ဦးက ဆိုသည်။

ရန်ကုန်မြို့လယ်ရှိ ကျောက်တံတားနှင့် ပန်းဘဲတန်းမြို့နယ် နှစ်ခုတွင်ပင် ရှေးဟောင်း အဆောက်အအုံ သုံးရာမှ လေးရာခန့်အထိ ရှိမည်ဟု ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) က ခန့်မှန်းထားပြီး အချို့ အဆောက်အအုံများတွင် လူနေထိုင်မှုများရှိကာ အချို့ မှာမူ စနစ်မကျသော ခေတ်ပေါ် ပြုပြင်မှုများ ရှိသည်။

တစ်ချိန်က အစိုးရ ရုံးစိုက်ရာ အဆောက်အအုံများမှာ မြို့တော်သစ် နေပြည်တော်သို့ အုပ်ချုပ်ရေး ယန္တရား ပြောင်းလဲပြီး နောက်ပိုင်း ယင်းအဆောက်အအုံများကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုံးလုံး လျားလျား ဖြစ်စေ စွန့်ပစ်ခြင်း ခံခဲ့ရသည့်အတွက် ယခုအခါ မရေရာသော အနာဂတ်ဖြင့် ကြုံတွေ့ နေရသည်ဟု 30 Heritages Building of Yangon: Inside the City that Captured Timeစာအုပ်ကို ရေးသားခဲ့သူ ဆာရာ ရွန်းနီက မှတ်ချက်ပြုသည်။

“ဒီရှေးဟောင်း အဆောက်အအုံတွေကို အဘက်ဘက်က ထိန်းသိမ်းပြီး ဗိသုကာ လက်ရာတွေရော၊ ငွေရေးကြေးရေး အရရော အောင်မြင်အောင် လုပ်ဖို့ကတော့ တကယ့် စိန်ခေါ်မှု တစ်ရပ်ပဲ” ဟု ၎င်းက ဆိုသည်။

မကြာသေးခင်က အဆောက်အအုံ အချို့ကို အစိုးရက ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့ပြီးနောက် မြန်မာ့ မီးရထား အဆောက်အအုံဟောင်းကို SPA ကုမ္ပဏီက Peninsula ဟိုတယ်အဖြစ် အသွင်ပြောင်း မည်ဖြစ်ပြီး Rowe ကုန်တိုက်၊ High Court၊ Law Court ၊ ဝန်ကြီးများရုံးတို့ အပါအဝင် အချို့ အဆောက်အအုံများမှာ ပြတိုက်များ၊ ဟိုတယ်များ၊ ပုဂ္ဂလိကရုံး အဆောက်အအုံ များအဖြစ် အသွင် ပြောင်းမည်ဖြစ်သည်။

ရှေးဟောင်း အဆောက်အအုံ နေရာများသို့ ရင်းနှီးမြှုပ်နှံသူများ၊ ကမ္ဘာလှည့် ခရီးသွားများ ဝင်ရောက် လာခြင်းကြောင့် လက်ရှိ နေထိုင်သူများ၏ လူနေမှုပုံစံ ပျက်ယွင်းသွားမည်ကို မလိုလားကြောင်း ဒေါက်တာ သန့်မြင့်ဦးက ပြောဆိုသည်။

“ရင်းနှီးမြှုပ်နှံမှု မလုပ်စေချင်တာ မဟုတ်ဘူး။ ဒီအဆောက်အအုံတွေမှာ လက်ရှိ နေထိုင်နေတဲ့သူတွေ ကို ဘယ်လိုလုပ်မလဲ။ သူတို့အတွက် Benefit ကို ဘယ်လို ရှာပေးကြမလဲ။ ကျွန်တော် အကြောက်ဆုံး က ဒီအဆောက်အအုံတွေ ပျောက်ကွယ်သွားမှာကိုပဲ” ဟု ၎င်းက မှတ်ချက်ပြုသည်။

အစိုးရက ရှေးဟောင်း အဆောက်အအုံ တစ်ခုခုကို ပုဂ္ဂလိက လွှဲအပ်ရန် စီစဉ်မည်ဆိုပါက ပြည်ပမှ ကျွမ်းကျင် ပညာရှင်များနှင့် ပြည်တွင်း ပညာရှင်များ ပူးပေါင်းရေးဆွဲထားသော အစီအမံတစ်ခု ထားရှိ သင့်ကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာနမှ အငြိမ်းစား အရာရှိ တစ်ဦးက အကြံပေးသည်။

ရန်ကုန်ရှိ ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်းရေး ဥပဒေတစ်ခု ဖြစ်ပေါ်လာရန် ရန်ကုန် မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို အကြံပြုထားသည်။

လက်ရှိအချိန်တွင် ရန်ကုန်အတွက်သာ ရည်ရွယ်၍ တင်ပြထားသော်လည်း နောက်ပိုင်းတွင် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သော အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေတစ်ခု တင်သွင်းရန် စိတ်ကူး ရှိကြောင်း ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။

“Nation Wide Heritage Law လုပ်ဖို့က နည်းနည်းလေး ပိုပြီး စဉ်းစားရဦးမယ်။ နှစ်နှစ်၊ သုံးနှစ် လောက် ကြာဦးမယ်လေ။ အနည်းဆုံး ရန်ကုန်ကဟာလေး မြန်မြန်သွားရင် Legal Framework လေး တစ်ခုတော့ ရသွားတာပေါ့။ Zone Plan နဲ့ Legal Framework ရှိသွားရင်တော့ Basic Legal Framework လေး ရှိသွားတာပေါ့” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) အသင်း သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းရေးဆွဲနေသော Yangon Master Plan စီမံကိန်းတွင် ရှေးဟောင်း အဆောက်အအုံများ စောင့်ရှောက်ရေးနှင့် ပတ်သက်၍ ပါဝင် အကြံပေး ကူညီနေသည်။

“မြို့တော်စည်ပင်ရယ်၊ JICA ရယ်နဲ့ လုပ်တဲ့ Plan ထဲမှာ အရေးကြီးတဲ့ သမိုင်းဝင် နေရာတွေကို ကာကွယ်တဲ့ အစီအစဉ်ထည့်ဖို့ အကြံပြုတယ်။ တကယ် ကာကွယ်မှု လုပ်ဖို့ကတော့ ကိုယ်တိုင် လုပ်ရမှာ”ဟု ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ဆိုသည်။

လက်ရှိ စည်ပင်သာယာ ဥပဒေများ သည် အလွန် ယျေဘုယျဆန်သောကြောင့် လက်ရှိအတိုင်း ဆက်သွား နေပါက ရန်ကုန်မြို့၏ အမှတ်အသား စရိုက်လက္ခဏာများ ပျောက်ပျက်သွားနိုင်ကြောင်း ၎င်းက ရှင်းပြ သည်။

“အဲဒါကို ရှောင်လွှဲနိုင်အောင် ဇုန်တွေနဲ့ ထိန်းရမယ်။ ဒါမျိုးက အရင်ကလည်း အာရှမြို့ကြီး အချို့မှာ ဖြစ်ခဲ့ ပါတယ်။ မရည်ရွယ်ဘဲ အရမ်းကြီးထွားလာတော့ Plan က နောက်က လိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

ဥပဒေဆိုင်ရာ မူဘောင်များ လုပ်ဆောင်ခြင်းအပြင် နိုင်ငံသားများကို ရှေးဟောင်း အမွေအနှစ်ဆိုင်ရာ အသိပညာများ ပေးရန်လည်း စိန်ခေါ်မှုများစွာ ရှိဦးမည်။

“ဒီအဆောက်အအုံတွေက ဘယ်နှခုနှစ်က ဆောက်ခဲ့တယ်ဆိုတာက စားဝတ်နေရေးလောက် အရေးကြီး လို့လားဗျာ” ဟု ရန်ကုန်မြို့လယ်ရှိ အထင်ကရ အဆောက်အအုံ မြို့တော်ခန်းမ အနီးတွင် မုန့်ဟင်းခါး ရောင်းချနေသည့် ၂၅ နှစ် ဝန်းကျင် လူငယ်တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ပြ ဧရိယာ၏ ၁၀ ရာခိုင်နှုန်းသာရှိသော နေရာကို ကာကွယ် စောင့်ရှောက်ခြင်းမှာ ခေတ်မီ မြို့ပြ ဖြစ်ပေါ်လာခြင်းကို နှောင့်ယှက်လို၍ မဟုတ်ဘဲ ပို၍ မော်ဒန်ဆန်သော ရန်ကုန် ဖြစ်လာရန် ရည်ရွယ် ခြင်းသာ ဖြစ်သည်ဟု မြို့ပြ ဖွံ့ဖြိုးရေး ပညာရှင်များက ဆိုကြသည်။

“အသေးစိတ် စီမံကိန်း ဆွဲစေချင်တာ။ ခေတ်မီ မြို့ပြ စီမံကိန်းတွေက ရန်ကုန်ရဲ့ တခြား နေရာတွေမှာ သေချာ လုပ်လို့ရတယ်။ ဒီ အဆောက်အအုံတွေကို သေချာ ထိန်းသိမ်းပြီး မြို့ပြကလည်း စနစ်တကျ ဖွံ့ဖြိုးလာမယ်ဆိုရင် ရန်ကုန်က အာရှမှာ အလှဆုံးမြို့တော် ဖြစ်လာမှာ အသေအချာပဲ” ဟု အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ဦးညီညီဦးက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်တွင်း ငြိမ်းချမ်းရေး၊ လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး စသော အရေးကြီးကိစ္စ အများအပြား ရှိနေသော်လည်း ရန်ကုန်မြို့ရှိ သမိုင်းဝင် အဆောက်အအုံများကိုလည်း စနစ်တကျ ထိန်းသိမ်းစေလိုကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာန မှ အငြိမ်းစား အရာရှိ တစ်ဦးက မှတ်ချက်ပေးသည်။

နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ဖွံ့ဖြိုး တိုးတက်ရန် အလားအလာ ကောင်းလာနေ သော မြန်မာနိုင်ငံသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ၊ နိုင်ငံ့ ခေါင်းဆောင်များ၊ ကမ္ဘာလှည့် ခရီးသွားများ ပိုမို ဝင်ရောက်လာနေကာ ခရီးသွား လုပ်ငန်းလည်း ပိုမို ဖွံ့ဖြိုးလာနေသည်။ ထို့ပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနကလည်း ၂၀၂၀ ပြည့်နှစ်တွင် တစ်နှစ်အတွင်း ကမ္ဘာလှည့် ခရီးသွား အရေအတွက် ခုနစ်သန်းကျော် ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။

ယင်းအနေအထားတွင် လက်ရှိ အဆောက်အအုံများကို စနစ်တကျ ထိန်းသိမ်းထားနိုင်ပါက အဆိုပါ အချိန်တွင် အလွန် အကျိုးဖြစ်ထွန်းမည် ဖြစ်သည်။

“ဒီလိုနေရာမျိုးက Unique Landscape ။ နောက်ပြီး အာရှမှာ အတွေ့ရ နည်းလာတဲ့ ကိုလိုနီခေတ် အဆောက်အအုံတွေကို တစ်စုတစ်ဝေးတည်း မြင်ရမယ့် နေရာလေ။ ခရီးသွားတွေ တကယ် စိတ်ဝင် စားမယ့် နေရာပေါ့” ဟု ပြည်တွင်း ခရီးသွားလုပ်ငန်း တစ်ခုမှ အုပ်ချုပ်မှု မန်နေဂျာ ဦးကျော်ဝင်းက ဆိုသည်။

ရန်ကုန်ရှိ အဆိုပါ ရှေးဟောင်း အဆောက်အအုံ များသည် မြန်မာ့သမိုင်းအတွက် အလွန် အရေးကြီး သည်။ လူတချို့က ကိုလိုနီခေတ်က အဆောက်အအုံများ ဆိုပါက ဗြိတိသျှ အဆောက်အအုံဟု ထင်တတ်ကြသည်။ သို့သော် အဆိုပါ အဆောက်အအုံများ တည်ရှိရာ နေရာဒေသသည် မြန်မာ့ သမိုင်းအတွက် အရေးအကြီးဆုံး နယ်မြေဆိုသည်မှာ ငြင်းပယ်၍ မရပေ။

ထို့အပြင် ဤနေရာမှာပင် ကမ္ဘာပေါ်တွင် တွေ့ရခဲသော ပဒေသာစုံ ယဉ်ကျေးမှုကို တွေ့မြင်နိုင်မည်။ တစ်မိုင်သာသာ ခန့်ရှိသော နေရာလေးအတွင်း ဘုရားပုထိုး စေတီများရှိသည်။ ခရစ်ယာန် ဘုရား ကျောင်းများလည်း ရှိသည်။ အစ္စလာမ် ဗလီများလည်း ရှိသည်။ ဟိန္ဒူဘုရားကျောင်းများရှိသည်။

သို့သော် ရန်ကုန်ရှိ ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်းရာတွင် ဗိသုကာ သဘောအရ တန်ဖိုးကြီးသော အဆောက်အအုံများနှင့် သမိုင်း တန်ဖိုးကြီးသော အဆောက်အအုံများကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ပြီး အားလုံးကို ကာကွယ်ရန်မှာမူ မဖြစ်နိုင်ပေ။

“ကျွန်တော်တို့ စဉ်းစားရမှာက တစ်ရက်မှာ ကျွန်တော်တို့လည်း ဖွံ့ဖြိုး တိုးတက်လာမှာပဲ။ အဲဒီအချိန် တွေအထိ ဘယ် အဆောက်အအုံတွေကို ဆက်ထားမလဲပေါ့။ ကျွန်တော်တို့ အားလုံးကိုတော့ ကာကွယ်လို့ မရနိုင်ဘူး” ဟု ဒေါက်တာ သန့်မြင့်ဦးက သက်ပြင်းတစ်ချက် ရှိုက်ရင်း ဆိုလိုက်သည်။

ရဲဇွန်အောင်
၂၄၊ ဇွန်၊ ၂၀၁၃
The Voice Weekly

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *