လမ်းပျော် ဓာတ်ပုံဆရာကို Viewfinder မှ ကြည့်ခြင်း

“ကျွန်တော် ကိုယ့်ကိုယ်ကို Artist လို့ ပြောရတာ ရှက်တယ်”

လက်ထဲက ဘီယာခွက်ကို စားပွဲပေါ် ဆောင့်ချလိုက်သည်။ ပိန်ချောင်ချောင် မျက်နှာနှင့်မလိုက်လှစွာ သူ့မျက်လုံးတွေက အရောင်တောက်နေသည်။ မှန်သားခင်းထားသည့် စားပွဲခုံပေါ်တွင် ကျည်အပြည့်ဖြည့်ထားသည့် သေနတ်တစ်လက်လို ကင်မရာတစ်လုံးကို ဓားလွယ်ခုတ်ဟန်ဖြင့် ချထားသည်။ ပြောဟန်ဆိုဟန် ခြေဟန်လက်ဟန်ကလည်း Rapper ပုံ ပေါက်နေသေး၏။

သူက တွေးတွေးဆဆပုံစံဖြင့် ဆက်ပြောသည်။ “ကျွန်တော်က ဒီလို Street ဓာတ်ပုံတွေရိုက်နေရတာကို Passionate ဖြစ်တယ်။ ပျော်တယ်။ ဓာတ်ပုံဆိုတာကြီးက ပိုပြီး သိလာလေလေ ပိုပြီး နက်ရှိုင်းလာလေလေပဲဗျ”

သူ့နာမည်ရင်းက မျိုးသော်ဖြစ်သည်။ တကယ်တမ်းဆိုရလျှင် သူနှင့် ကျွန်တော် အွန်လိုင်းမှတဆင့် သိကျွမ်းခဲ့သည်မှာ ၅ နှစ်ဝန်းကျင်ရှိပြီ။ Photo Rhymer ဟု Tag ထိုးထားသည့် သူ၏ ဓာတ်ပုံတွေ ကျွန်တော့် အမြင်အာရုံမှာ တွယ်ငြိခဲ့သည်မှာလည်း နှစ်အတော်အတန် ကြာခဲ့ပြီ။

ပြောရလျှင် လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက အမှတ်မထင် အွန်လိုင်းမှာ စကားပြောဖြစ်ကြရင်း ပဒုမ္မာလမ်းထဲက ဘားဆိုင် ခပ်သေးသေးလေးဆီ ချိန်းဖြစ်ခဲ့ကြသည်။ ကျွန်တော်က သူ၏ ဓာတ်ပုံပညာအကြောင်းကို လေ့လာချင်သည်။ သူကလည်း မျှဝေချင်သည်။ ဒီလိုနှင့်ပင် ကျွန်တော်တို့ ဓာတ်ပုံကို အကြောင်းပြ၊ မိတ်ဖြစ်ဆွေဖြစ် တခွက်တဖလား ခွက်တိုက်ရန် ဤဆိုင်သို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။

ဆိုင်ထဲ ဝင်လာကတည်းက သူ့ကိုယ်သူ Street ဓာတ်ပုံဆရာတစ်ယောက်လို့ မိတ်ဆက်သည်။ သူ ဓာတ်ပုံ စရိုက်တော့ ၂၀၁၄ မှဟုဆိုသည်။ နှစ်အနည်းငယ်အတွင်း သူ့အရည်အသွေးတွေ ဘယ်လောက် တိုးတက်လာသလဲဆိုသည်ကို ကျွန်တော် တွေးနေမိသည်။

ဓာတ်ပုံရိုက်တဲ့ Rapper

၂၀၁၄ မှာ မျိုးသော်ထံ ဓာတ်ပုံပိုး စဝင်လာတော့ အဓိက အလုပ်အကိုင်အဖြစ် ရုပ်သံလိုင်းတစ်ခုတွင် ဗီဒီယို ရိုက်ကူးရေးသမားအဖြစ် အသက်မွေးဝမ်းကျောင်းနေဆဲကာလ ဖြစ်သည်။ နောက်တော့ ရုပ်ရှင်သမားဘဝကနေ ရုပ်သေမြင်ကွင်းတွေကို ရိုက်ဖို့ သူ ခြေလှမ်းစသည်။

နိုကီယာအမှတ်တံဆိပ် မိုဘိုင်းဖုန်းလေးဖြင့် သူ၏ ဓာတ်ပုံခရီးကို စတင်ခဲ့ခြင်းဖြစ်သည်။ ကိုယ်ပိုင် ကင်မရာနှင့် လမ်းပေါ် ထွက်မရိုက်ဖြစ်ခင်အထိ မိုဘိုင်းဖုန်းများက သူ၏ လက်စွဲတော် ကင်မရာများ။

“ဓာတ်ပုံဘက်ကို ကူးဖြစ်တာက Facebook ကနေစတယ်ပဲ ဆိုရမှာပဲ။ အဲ့တုန်းက ကိုယ့်ကို နှိမ်တဲ့ ဓာတ်ပုံဆရာတချို့ ရှိဖူးတယ်။ ဗီဒီယိုကနေ လာတဲ့ကောင်ဆိုပြီးပေါ့လေ။ အရင်က ဖုန်းနဲ့ ရိုက်တာ၊ မှတ်မှတ်ရရ Nokia လေးနဲ့ ရိုက်တာ။ နောက် Samsung နဲ့ ရိုက်တယ်။ အာ့လို ရိုက်နေရင်းနဲ ငြိလာတာပါပဲဗျာ”

တကယ်တမ်း မျိုးသော်ကို ကျွန်တော် စသိသည်က Rap အဆိုတော် တစ်ယောက်ဖြစ်သောကြောင့်ဖြစ်သည်။ အတန်ငယ် အဆက်အသွယ် ပြတ်သွားခဲ့ပြီးသည့်နောက် သူက မိုက်ကရိုဖုန်းနေရာမှာ ကင်မရာကိုင်နေပြီဖြစ်သည်။

“Hip Hop နဲ့ ဓာတ်ပုံသမားဘဝ တူညီတာက Self-mate ပဲ၊ ကိုယ်လုပ်မှ ကိုယ်ရတာ။ ဓာတ်ပုံကလည်း ဘယ်သူမှ မပါလည်း တစ်ကောင်တည်း ရိုက်လို့ရတယ်။ Rap ရေးတာလဲ အဲ့အတိုင်းပဲ။ အဓိက ကတော့ ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်လမ်းကိုယ်ဖောက်ရတဲ့ အမျိုးအစားပါပဲ။ ကိုယ့်ဘာသာကိုယ် ပြည့်ဝနေမှဖြစ်တာမျိုးပေါ့” လို့ သူက ပြန်တွေ့ချိန်တွင် ဖွင့်ဟသည်။

အကောင်းအဆိုး အကြောင်းအကျိုးများနှင့် အဖန်ဖန် အထပ်ထပ်ကြုံခဲ့ရပြီးနောက် လောကဓံရိုက်ချက်များအကြား အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ရင်း သူ အရည်အသွေးပြည့်ဝသည့် ကင်မရာသမားတစ်ယောက် ဖြစ်လာခဲ့သည်။ အထူးသဖြင့် Street Photography နယ်ပယ်တွင် နေရာတစ်နေရာ ရလာခဲ့သည်။ သူ၏ လက်ရာများသည် နိုင်ငံတကာ ဓာတ်ပုံ ဝက်ဘ်ဆိုက်များ၊ လူမှုကွန်ယက်စာမျက်နှာများအထိ ပေါက်ရောက်ခဲ့သည်။

စိတ်အာဟာရကို ရှာဖွေခြင်း 

Street Photography နှင့် ပတ်သက်၍ လူသိများသည့် အချက်တစ်ချက်က ‘ဝင်ငွေရပေါက် ရလမ်းနည်းပါသည်’ ဆိုသည့် အချက်ပင်။ မျိုးသော်ကတော့ ဒီလမ်းကိုပင် စိတ်အားထက်သန်စွာ ရွေးချယ်လိုက်သည်။

“Street ကို ဘာလို့ ကြိုက်လဲဆိုတော့ အဓိကက စိန်ခေါ်မှုများတယ်၊ စိတ်အာဟာရပြည့်တယ်၊ On-spot မြင်ရတဲ့ အရာတွေကို ဖမ်းနိုင်တဲ့ အရည်အသွေး၊ ကိုယ်ဘယ်လောက်အထိ အမြင်စူးရှလဲဆိုတဲ့အပေါ် မူတည်ပြီး ထွက်လာတဲ့ ဟာမျိုးမို့။ ဒါပေမယ့်လည်း လစ်တာတော့ လစ်တာပေါ့နော်။ ဘဝကြီးနဲ့ ရင်းပြီးတော့ ရိုက်နေရတာ။ လူပဲ ပိုက်ဆံကတော့ လိုချင်တာပေါ့” လို့ သူက ဆိုသည်။ 

ဝါသနာဟူသည် ဖျောက်ရခက်တတ်သည့် သဘောရှိသည်။ ဘယ်လို အခက်အခဲမျိုးတွေ ရှိနေသည်ဖြစ်စေသူ Street Photo တွေ ဆက်ရိုက်သည်။ အချိန်တိုင်း ဒီဓာတ်ပုံများနှင့် မျောသည်။ ငယ်ရွယ်စဉ်အချိန်ကာလများတုန်းက Rap ဂီတကို ရူးသွပ်ခဲ့သည့် အတိုင်းပင်။

“ငယ်ငယ်တုန်းက Rap ဆိုတဲ့ ပုံစံမျိုးပဲ တစ်နေ့လာလဲဒါပဲ။ စားလဲ Hip Hop ပဲ၊ အိပ်လည်း Hip Hop ပဲ ဆိုတာမျိုး။ ပုံတွေဆိုလည်း စောက်ရမ်းကြည့်တယ်ဗျာ။ တစ်နေ့ကို အနည်းဆုံး ပုံ ၁၀၀၀၀ ကြည့်တယ်။ မျက်လုံးနဲ့ ရိုက်တာပေါ့ဗျာ”

ဖြတ်သန်းခဲ့သည့် ကာလများအတွင်း သူမည်ရွေ့မည်မျှကြိုးစားခဲ့သည်ကို ခုချိန် သူ၏ လက်ရာများကို ကြည့်ပြီး အကဲဖြတ်နိုင်သည်။ သူက Candid တွေ ရိုက်ကူးရသည်ကို နှစ်သက်သူ။ Bruce Gilden လို Candid close-up တွေ၊ Constantine Manos လို Light and Shade အသားပေးပုံတွေ ရိုက်ကူးရတာကို နှစ်သက်သူ။ သူနှစ်သက်သလို ရိုက်ကူးနိုင်ဖို့ ကြုံဆုံလာရသမျှ အခြေအနေ၊ Perspective၊ Angle တိုင်းကို ဓာတ်ပုံအဖြစ် ရှုမြင်မိနေအောင် သူလေ့ကျင့်ခဲ့ရသည်ဟု ဆိုသည်သည်။

“ကျွန်တော်မြင်တာကတော့ ဘယ်နေရာကြည့်ကြည့် ဓာတ်ပုံဖြစ်နေရမယ်။ အဲ့လိုမျိုးရအောင်လို့လည်း အဲ့ Vision ရအောင် Sharp အောင် ကျွန်တော်ကျင့်တယ်။ အရင်ကဆို စောက်ရမ်း ပိန်းတယ်။ အဲ့လို မမြင်တတ်ဘူး။ ခုဆို ဘယ်နေရာ ရိုက်ရိုက် ကိုယ့်အတွက် Photograph ဖြစ်နေတယ်။ ဒါပေမယ့်လည်း အဲ့ဒါက တစ်ခါတစ်လေကျရင် စိတ်ညစ်ဖို့ကောင်းတယ်။ လူကို ရူးနေတယ်လို့ ထင်ကြတယ်” လို့လည်း ရင်ဖွင့်သေးသည်။ 

ဖောက်ထွက်၍ ဖမ်းယူခဲ့ရသည့် မြင်ကွင်းသေ ဆက်ထုံးများ

ညနေခင်းက တဖြေးဖြေးမှောင် ရီသန်းလာသည်။ သူကလည်း သူ့အတွေ့အကြုံတွေကို အာဘောင်အာရင်း သန်သန်ဖြင့်ဆိုနေဆဲဖြစ်သည်။ သူဖြတ်သန်းခဲ့ရသည့် အမှောင်ညများအကြောင်း၊ သူဂုဏ်ယူခဲ့ရသည့် အမိုက်စား ဓာတ်ပုံများအကြောင်း စသဖြင့်၊ စသဖြင့်။

သူ ရှုမြင်ထားသည့် ဓာတ်ပုံဆိုင်ရာ အယူအဆတွေအကြောင်းလည်း ပါသည်။ ထူးထူးထွေထွေသော အဆိုပါယူဆချက်များနှင့် ပတ်သက်၍လည်း သူပြောပြသေး၏။ သူ့အနေဖြင့် ဓာတ်ပုံရိုက်နေခြင်း သက်သက်သာဖြစ်ပြီး ဘယ်လို Category မျိုးဟူ၍ သတ်မှတ် ရိုက်ကူးနေခြင်းမျိုး မဟုတ်ဟု ဆိုခြင်းဖြစ်သည်။

“ထွေထွေထူးထူး မရှိဘူး ဓာတ်ပုံကို ဓာတ်ပုံလို့ပဲ မြင်တယ်။ (ကျွန်တော် ရိုက်နေတဲ့ အနေအထားကို) အများက သတ်မှတ်တာကတော့ Street ပေါ့။ Street ဆိုတော့လည်း Street ပေါ့။ ဓာတ်ပုံဆိုတာဗျာ ကိုယ်ပေးချင်တဲ့ Point of View ပဲဗျ။ အဓိကက Point of View တွေ ပြနေတာဗျာ။ ကိုယ်ဘယ်လောက် အမြင်ရှိတယ်။ ဘယ်လောက် နားလည်တယ်ပေါ့။ ဒီလောက်ပါပဲ” ဟု ဆို၏။

သူ သတ်မှတ်ထားသည့် သူ့ အနုပညာဖန်တီးချက်က စည်းဘောင်တွေ၊ အနားသတ်တွေမရှိ။ အဆုံးအစွန် လွတ်လပ်စွာ ဖန်တီးဖောက်ထွက်နိုင်စွမ်းတွေသာ လွှမ်းခြုံထားသည်။ လွတ်လပ်စွာ ဖန်တီးဖောက်ထွက်နိုင်မှုများကပင် သူ့ထံမှ မတူထူးခြားသည့် ရိုက်ချက်များ ပေါ်ထွက်လာစေခဲ့သည်။

“ကျွန်တော့်အတွက် Rules တွေ မရှိဘူး။ Ethic ကတော့ ရှိကောင်းရှိလိမ့်မယ်။ အဲ့ဒါတွေလည်း လိုက်နာနိုင်သလောက်တော့ လိုက်နာတယ်။ ခုက သိတဲ့အတိုင်း Focus မပြတ်တောင် Art ဖြစ်နေတဲ့ ခေတ်။ ဒါပေမယ့် ကျွန်တော်တို့ ရိုက်တဲ့ Focus မပြတ်တဲ့ Art က မတူစေရဘူး။ ဓာတ်ပုံ ခံစားတတ်တဲ့ကောင်က သိကို သိတယ်။ ဒီကောင့် Focus ဘာလို့ Blurry ဖြစ်နေတာလဲ။ ဒါက Hand Shake လား Motion လား ဒီကောင်ဘယ်လိုသွားနေလဲ ဘာကို ဖန်တီးနေတာလဲ ဆိုတာမျိုးပေါ့” လို့ သူ့ အတွေးအခေါ် သူ့ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်းဆိုသည်။

ကမ္ဘာကြီးကို မကယ်ချင်ဘူး၊ ဓာတ်ပုံအမိုက်စားတွေကိုပဲ ရိုက်ချင်တယ်

ဘေးတွင်စီချထားသည့် ဘီယာခွက်များလည်း အရေအတွက်များလာခဲ့ပြီဖြစ်သည်။ ညသည် မှောင်သည့် အခြေအနေသို့ ချဉ်းကပ်လာခဲ့ပြီ။ ကျွန်တော်တို့ ထိုင်နေသည့် စားပွဲဝိုင်းမှ လှမ်းမျှော်ကြည့်လျှင် ဗားဂရာလမ်းမပေါ်ကို လှမ်းမြင်ရသည်။ ခပ်ဝေးဝေးလမ်းမထိပ်သို့တိုင်အောင် မျိုးသော်တစ်ယောက် ခပ်တွေတွေ ငေးမောရင်း ငြိမ်သက်သွားသည်။

သူ့ မြင်ကွင်းတစ်လျှောက်တွင် ဆီပူအိုးကြီးတစ်လုံးနှင့် ဟစ်အော်ရောင်းချနေသည့် ကြက်ကြော်သည်ကြီး တစ်ဦး၊ ခပ်ပိန်ပိန် ခပ်ညစ်ညစ် လူတစ်ချို့ ခွေးချေပုလေးများဖြင့် ထိုင်သောက်နေကြသည့် အရက်ဖြူဆိုင်လေးတစ်ဆိုင်နှင့် ပြင်လက်စ လူသွားလမ်းလေးတစ်ခု။ သူဘာတွေကိုတွေး၍ ဘယ်လို အမြင်အာရုံဖြင့် ဓာတ်ပုံရိုက်နေသည်ကို ကျွန်တော် မခန့်မှန်းနိုင်။

တိတ်ဆိတ်နေသည့် စကားဝိုင်းလေးကို ရုတ်တရက် သူက ပြန်လည်အသက်သွင်းလိုက်သည်။

“ဒီလိုဗျ၊ Street ရိုက်တာ ဘာလို့ ရိုက်တာလဲလို့ လူတွေက မေးကြတယ်။ ပိုက်ဆံမရဘူးဆိုတာ မှန်တယ်။ ဒါပေမယ့် စိတ်ကျေနပ်မှု ဖြစ်တယ်။ ကိုယ်ရိုက်ခဲ့တယ်။ ဒါမျိုး ဓာတ်ပုံတွေ ရိုက်နိုင်ခဲ့တယ်ဆိုတဲ့ စိတ်ကျေနပ်မှုမျိုးရတာကို ကျေနပ်နေတာ”

ကျွန်တော်မေးချင်နေသည့် မေးခွန်းကို သူက ကြိုတင် အဖြေပေးသွားခြင်းဖြစ်သည်။ ဤမျှနှင့် မပြီးသေး သူကဆက်ပြောသေးသည်။

“ကျွန်တော်တို့က ကမ္ဘာကြီးကို ကယ်တင်မယ့်ကောင်မျိုးလည်း မဟုတ်ဘူး၊ ကမ္ဘာကြီးကို ဆေးချယ်မယ့် ကောင်မျိုးလည်း မဟုတ်ဘူး၊ ကမ္ဘာကြီးကို ပြောင်းလဲအောင်လုပ်မယ့် ကောင်မျိုးလည်း မဟုတ်ဘူး။ နောက်ဆုံး သားသမီးတွေရခဲ့ရင်တောင် သူ့အဖေက ဘယ်သူ၊ သူ ဘယ်လိုတွေ ဖန်တီးခဲ့တယ်ဆိုတာမျိုးကျန်ချင်တာ။ သူ့ အဖက စောက်ပေါကြီးပါကွာလို့ အပြောမခံချင်ဘူး၊ အဲလိုကောင်မျိုးတော့ အဖြစ်မခံနိုင်ဘူး။ ဒါကြောင့် ကျွန်တော့် ဖန်တီးမှုကို ဦးစားပေးပြီး အမိုက်စားရိုက်နေတာ” ဟု ဆိုရင်း လက် ၃ လုံးစာခန့်ကျန်ရှိနေသေးသည့် ဘီယာလက်ကျန်ကို ဇတ်ခနဲ မော့ချလိုက်သည်။

ဘားထဲမှ စားပွဲထိုးကောင်လေးက ရုတ်တရက် စားပွဲနားသို့ရောက်လာသည်။ ဘီယာထပ်မှာဖို့  လာမေးသည် ထင်ခဲ့သော်လည်း သူ့ အမေးကြောင့် ကျွန်တော်တို့ နှစ်ဦးလုံးပြုံးဖြစ်ခဲ့ကြသည်။

“အကိုတို့ နှစ်ယောက်ကို ကျွန်တော် ဓာတ်ပုံရိုက်ပေးရဦးမလား” ဟူ၏။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *