သန်းခြောက်ဆယ် အိပ်မက် တကယ်ဖြစ်ပြီလား

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်ပ ဆက်သွယ်ရေး ကုမ ္ပဏီနှစ်ခု ဖြစ်သော နော်ဝေ အခြေစိုက် Telenor/နှင့် ကာတာအခြေစိုက် Q-Tel (Ooredoo) ကုမ္ပဏီ တို့ကို ဆက်သွယ်ရေး အော်ပရေတာလိုင်စင်ချထားပေးရန် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ဆက်သွယ်ရေးအော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့်ရွေးချယ်ရေးကော်မတီ၏ ရွေးချယ်မှုဖြင့် ဇွန်လ ၂၇ ရက်နေ့တွင် ရွေးချယ်လိုက်ပြီဖြစ်သည်။

ထို့အပြင် အကြောင်းအမျိူးမျိုးကြောင့်ရွေးချယ်ခံရသည့်တာဝန်ကိုမထမ်းဆောင်နိုင်ပါက အစားထိုးအနေနှင့် ပြင်သစ်တယ်လီကွန်းOrange နှင့် Marubeni ကော်ပိုရေးရှင်းကို အရန် အဖြစ်ရွေးချယ်လိုက်သည်။

ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများ ယခုလာမည့်လွှတ်တော်တွင် အတည်ပြုပြီးပါမှ အဆိုပါဆက်သွယ်ရေး လိုင်စင်ရကုမ္ပဏီများကို လိုင်စင်များတရားဝင်ချပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ဆက်သွယ်ရေးအော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့်ရွေးချယ်ရေးကော်မတီက ထုတ်ပြန်ကြေညာသည်။

အဆိုပါ ကုမ္ပဏီများသည် ပြည်တွင်းမှ မြန်မာ့ဆက်သွယ်ရေးနှင့် MEC Tel တို့ ပူးပေါင်းထားသည့် Myanmar Telecom၊ ပြည်တွင်းတွင် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေသည့် ကုမ္ပဏီများ စုပေါင်းထားသော ရတနာပုံ ဆက်က်သွယ်ရေးကုမ္ပဏီတို့နှင့် လူဦးရေ သန်းခြောက်ဆယ်ရှိသော နိုင်ငံအတွင်း မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်း တိုက်ပွဲဆင်နွှဲရတော့မည်ဖြစ်သည်။

ယင်းအနေအထားသည် ပြည်တွင်းတွင်လက်ရှိ လက်ဝါးကြီးအုပ်လုပ်ကိုင်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲရန်ပြင်ဆင်နေသော ရတနာပုံတယ်တယ်လီပို့ကုမ္ပဏီတို့ အတွက် ကြီးမားသော စိန်ခေါ်မှုလည်းဖြစ်သည်။

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို မကြာမီမှာ ကော်ပိုရေးရှင်းပြောင်းတော့မယ်။ နောက်ဆိုရင် နိုင်ငံတော် ဘဏ္ဍာ သိပ်မသုံးတော့ဘူး။ ဒီတော့ ကိုယ့်ဟာကိုယ်ရပ်တည်ရင် အခက်အခဲတွေရှိနိုင်တယ်။ ဒါကြောင့် ပြည်တွင်းပြည်ပကနေ လူ့စွမ်းအားအရင်းအမြစ်၊ ငွေကြေး၊ နည်းပညာပိုင်းပူးပေါင်း ဆောင်ရွက်မှုပြုလုပ်မယ့် ပြည်တွင်း ပြည်ပ ကုမ္ပဏီ တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်“ဟု ဆက်သွယ်ရေးဝန်ကြီး ဦးမြတ်ဟိန်းက ဆိုသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများအရ ယင်းကုမ္ပဏီလေးခုမှ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း မိုဘိုင်းဖုန်း အလုံးရေ သုံးဆယ့်ကိုးသန်းငါးသိန်း ရောင်းချပေးနိုင်ရန် ရည်ရွယ်ထားပြီး ၂ဝ၁၃-၁၄ တွင် လိုင်း ၁ဝသန်း၊ ၂ဝ၁၄-၁၅ တွင် လိုင်း ၁၄ သန်း၊ ၂ဝ၁၅-၁၆တွင် ၁၅ဒသမ၅သန်း တပ်ဆင်ပေးရမည်ဖြစ်သည်။

လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ မိုဘိုင်းဖုန်းသုံးစွဲနိုင်၍ အင်တာနက်အသုံးပြုသူ သိန်းဂဏန်းသာ ရှိခြင်းကြောင့်လည်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ နိုင်ငံတကာဆက်သွယ်ရေး ကုမ္ပဏီကြီးများအတွက် ရတနာသိုက်ကြီးတစ်ခုဖြစ်နေသည်။

လူဦးရေ သန်း ၆ဝ ရှိသောနိုင်ငံတွင်၂ဝ၁၆ခုနှစ်တွင် လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှ ၈ဝရာခိုင်နှုန်းအထိ သုံးစွဲမှုနှုန်း မြင့်မားလာရေး ဆောင်ရွက်ရန် လုပ်ဆောင်နေခြင်းကြောင့်လည်း တင်ဒါခေါ်ယူစဉ်က နိုင်ငံတကာမှ ဆက်သွယ်ရေး ကုမ္ပဏီကြီးများက ပြည်တွင်းမိုလ်ဘိုင်း ဆက်သွယ်ရေးဈေးကွက်သို့ အပြိုင်တိုးဝင် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ယခုတင်ဒါကြေညာမှုသည် လွယ်လွယ်ကူကူနှင့်ပြီးစီးခဲ့သည်တော့မဟုတ်ပေ။ ဆက်သွယ်ရေး တင်ဒါအောင်မြင်သူနှစ်ဦးကို တရားဝင်ထုတ်ဖော် ကြေညာမည့် ရက်နှင့်နီးကပ်သော အနေအထားတွင် ပြည်သူ့လွှတ်တော်က ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် ချထားပေးခြင်းကို ဆက်သွယ်ရေးဥပဒေ အတည်ပြုပြီးသည့် ကာလအထိ ရွှေ့ဆိုင်းရန် တိုက်တွန်းကြောင်း အဆိုကို ဇွန်လ ၂၆ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

သို့သော်လည်းဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် လက်ကျန်လိုင်စင် နှစ်နေရာ လုပ်ကိုင်ခွင့်ရမည့် ကုမ္ပဏီကို ဇွန်လ ၂၇ ရက်နေ့(ယနေ့)တွင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း တင်ဒါခေါ်ယူရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ထိုနေ့တွင်ပင်ပြောကြားခဲ့ပြီး အစိုးရအဖွဲ့က ဆက်လက်လုပ်ဆောင်ခဲ့သည်။

အဆိုပါ ကိစ္စသည် ပြည်သူများအကြား သို့လောသို့လော သံသယပွားစရာဖြစ်စေခဲ့ပြီး နိုင်ငံတကာတွင် တိုင်းပြည်၏ ပုံရိပ်ကိုဆိုးရွားစွာထိခိုက်စေနိုင်သည်ဟု ဝေဖန်မှုများလည်းပေါ်ထွက်လာခဲ့သည်။

“ကျွန်တော်တို့က Technical Team ပါ၊ Political နဲ့တော့ မဆိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့ကို လိုင်စင် ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး တာဝန်ပေးထားတဲ့ နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားချက် တစ်စုံ တစ်ရာမရှိရင် မနက်ဖြန်မှာ လိုင်စင် ရွေးချယ်ထားတဲ့ အမည်စာရင်းကို ကြေညာပါမယ်” ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ဖြစ်သူ ဦးဆက်အောင်က အဆိုပါနေ့တွင်ပင်ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဆက်သွယ်ရေးဝန်ကြီးကိုယ်တိုင် လွှတ်တော်တွင် သွားရောက်ရှင်းလင်းပြောကြားခဲ့ပြီး ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း တင်ဒါခေါ်ယူရေး ကော်မတီ အနေဖြင့် လိုင်စင်တင်ဒါ အောင်မြင်သူနှစ်ဦး၏ အမည်စာရင်းကို ဇွန်လ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်၍ ကြေညာခဲ့သည်။

ဆက်သွယ်ရေးဥပဒေသစ်မှာ ဥပဒေကြမ်းအဆင့်သာရှိသေးသော်လည်း လိုင်စင်ရွေးချယ်ပြီး ရက်ပေါင်း ၆၀ အတွင်း ဥပဒေအတည်ပြုပေးမည်ဟု တင်ဒါကော်မတီ ကပြောကြားထားပြီး၊ ဥပဒေကြမ်း ကိုလည်း ချပြထားကာ လက်ခံနိုင်ဖွယ် ရှိသည့် ဥပဒေဖြစ်သောကြောင့် ဝင်ရောက်လျှောက်ထားခြင်းဖြစ်ကြောင်း ပြည်ပကုမ္ပဏီကြီးနှင့် ပူးပေါင်းကာ လိုင်စင် ဝင်ရောက် ယှဉ်ပြိုင်နေသည့် ပြည်တွင်းကုမ္ပဏီ တာဝန်ခံတစ်ဦးက ရှင်းပြသည်။

ဆက်သွယ်ရေးလိုင်စင်ရွေးချယ်မှုကို သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပ မီဒီယာများ၊ လုပ်ငန်းရှင်များသာမက ပြည်သူများ၏ စိတ်ဝင်စားမှုမှာလည်း မြင့်မားလှသည်။

“အခုဆိုဗျာ ဖုန်းလိုင်းတွေက တစ်ခါတစ်လေ လိုင်းကမမိဘူး။ လိုင်းမကြည်တာလည်း ခဏခဏ ကြုံရတယ်။ သူတို့ဝင်လာရင် အဲဒီလို မဖြစ်လောက်တော့ဘူးထင်တယ်” ဟု မြောက်ဥက္ကလာပမြို့နယ်မှ အသက်သုံးဆယ်အရွယ် လခစားဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဖြိုးဝေဦးက မှတ်ချက်ပြုသည်။

ထို့အတူ မြန်မာ့ဆက်သွယ်ရေးကဏ္ဍရှိ ခေါ်ဆိုခများ၊ SIM Card ဈေးနှုန်းများမှာ နိုင်ငံတကာနှင့်ယှဉ်လျှင် ဈေးများကြီးမြင့်နေဆဲဖြစ်သည်။

“ကျွန်တော်တို့ အခုပေးရတဲ့ ခေါ်ဆိုခတွေ SIM Card ဈေးတွေက နိုင်ငံတကာနဲ့ယှဉ်ရင် အရမ်းဈေးကြီးလွန်းနေသေးတယ်။ ၁၅၀၀ တန်ဖုန်းရောင်းပေမယ့် အပြင်ပေါက်ဈေးက ငါးသောင်း ခြောက်သောင်းလောက်ဖြစ်နေတာပဲ ဘာထူးလဲ။”ဟု Programmer တစ်ဦးဖြစ်သူ ကိုရဲဝင်းအောင်က မှတ်ချက်ပေးသည်။

“ဒီနိုင်ငံမှာက ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းတစ်မျိုးလိုဖြစ်ခဲ့တာ။ အခုခေတ်ပြောင်းချိန်ရောက်ပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် အခုအနေအထားက သာတဲ့သူစားစတမ်းဖြစ်သွားပြီ။ ဘယ်သူဘယ်လောက်လုပ်နိုင်မလဲဆိုတာက စကားပြောသွားလိမ့်မယ်။” ဟု Programmer တစ်ဦးဖြစ်သူ ကိုရဲဝင်းအောင်က မှတ်ချက်ပေးသည်။

ယခုရွေးချယ်မှုကို ပြည်သူများက အလွန်ပင်မျှော်လင့်နေကြပြီး ရွေးချယ်မှုမှန်ကန်လိမ့်မည်ဟုလည်း ယူဆကြောင်း ၎င်းကဆိုသည်။

“ဘယ်ကုမ္ပဏီ ရရပါ။ အဓိက ကျတာက ဖုန်းဈေးနှုန်းသက်သာဖို့ရယ်။ ခေါ်ဆိုခတွေ လည်းသက်သာဖို့ရယ်ပဲ။” ဟု မြောက်ဥက္ကလာပမြို့နယ်မှ အသက်သုံးဆယ်အရွယ် လခစားဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဖြိုးဝေဦးက မှတ်ချက်ပေးသည်။

အဆိုပါ ရွေးချယ်ခံခဲ့ရသော ကုမ္ပဏီများအနေဖြင့် တင်ဒါစည်းမျဉ်းစည်းကမ်းများအရ အခြေံအဆောက်အအုံဆောက်လုပ်မှုများနှင့်ကွန်ယက်ချိတ်ဆက်မှုများကို အမြန်ဆုံးစတင်ရမည်ဖြစ်သည်။

သို့သော် အဆင်ပြေပြေဆောင်ရွက်သွားနိုင်မည်ဟု ၎င်း တို့ကယုံကြည်နေကြသည်။
နော်ဝေအစိုးရမှ ၅၄ ရာခိုင်နှုန်းပိုင်ဆိုင်သော တယ်လီနော်ကုမ္ပဏီအနေဖြင့် လူတိုင်း မိုဘိုင်းဖုန်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုများကို လွယ်ကူ အဆင်ပြေ သက်သာစွာ ကိုင်ဆောင်သုံးစွဲခွင့်ရရှိစေရမည်ဟု ကတိပေးထားသည်။

အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံပတ်ဝန်းကျင်ရှိ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား အစရှိသောနိုင်ငံများတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများဆောင်ရွက်နေပြီး ထိုင်းနိုင်ငံတွင်ဆိုပါက မြန်မာဘာသာ၊ မွန်ဘာသာများဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးခြင်းနှင့် Call Center များဖြင့်ဝန်ဆောင်မှုပေးခြင်းတို့ဆောင်ရွက်နေသည်။

“ကျွန်တော်တို့မှာ ဒီလိုအတွေ့အကြုံတွေရှိပြီးသားပါ။ လက်ရှိပြဿနာတွေကိုဖြေရှင်းပြီးဘယ်လိုလုပ်ရကိုင်ရမယ်ဆိုတာကိုတာကို သိပြးပြီးသားဖြစ်တဲ့အတွက်မြန်မာနိုင်ငံအတွက်လည်းဒီလိုလုပ်ဆောင်ပေးနိုင်မယ်ထင်ပါတယ်။ မြန်မာနိုင်ငံမှာလည်းမိုဘိုင်းဆက်သွယ်ရေးကြာင့်လူတွေအကျိုးအမြတ်ရအောင်ကူညီချင်ပါတယ်။တခြားနိုင်ငံတွေလိုဖြစ်လာအောင်ဆောင်ရွက်ပေးပါမယ်”ဟု တယ်လီနော်၏ ဥက္ကဌဖြစ်သူ Jon Fredrik Basksaas နေပြည်တော်တွင်ပြုလုပ်သော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင်ပြုလုပ်သော The Voice နှင့် သီးသန့်အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

အဆိုပါကုမ္ပဏီအနေဖြင့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍကို ကမ္ဘာ့အဆင့်မှီဖြစ်စေရန် HSPA နှင့် LTE နည်းပညာများကို အသုံးပြုသွားမည်ဟု တင်ဒါအောင်မြင်ပြီးနောက် ကြေညာခဲ့သည်။

ထို့အပြင် ငါးနျစ်အတွင်း မိုဘိုင်းကွန်ယက်ကို တစ်နိုင်ငံလုံးဖြမ့်ကျက်နိုင်ရန် စီစဉ်ထားပြီး ဆက်သွယ်ရေးဝန်ဆောင်မှုများကို ၂၀၁၄ ခုနှစ်မတ်လ ကျော်လွန်ပါက စတင်ဖြန့်ဖြူးရောင်းချနိုင်သွားမည်ဟု ဆိုသည်။

ထို့အပြင် ဝန်ထမ်းခန့်ထားရန်နှင့် ရေရှည်မွေးထုတ်ရန် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ တယ်လီနော်ပိုင် dtac ကုမ“ပဏီ သင်တန်းေျကာင်တးွင် မြန်မာ သင်တန်းသားများလက်ခံသွားမည်ဟုဆိုသည်။

ထို့အပြင် ကုမ္ပဏီ၏ အမည်ကိုလည်းမြန်မာနိုင်ငံ၊ မြန်မာပြည်သူများနှင့် တသားတည်းဖြစ်စေရန် မြန်မာနိုင်လိုက်နှင့်လိုက်ဖက်သော အမည်တစ်ခုလည်းပေးသွားမည်ဟု သိရသည်။

ကာတာအစိုးရနှင့် ပတ်သတ်မှုရှိသည့် ကာတာအခြေစိုက် ကုမ္ပဏီ Q-Tel (Ooredoo) ကုမ္ပဏီအနေဖြင့် မည်သည့်ဝန်ဆောင်မှုများနှင့် မည်ကဲ့သိုပေးအပ်သွားမည်ကိုမသိရှိရသေးသော်လည်း အရှေ့အလည်ပိုင်းဒေသများရှိ ငွေကြေးအင်အားကြီးမားသော ကုမ္ပဏီဖြစ်သည့် အလျှောက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန်ကြိုးပမ်းမည်ဟု ယူဆရသည်။

အဆိုပါကုမဏီသည် အရှေ့အလည်ပိုင်းဒေသတွင် အင်အားအကြီးဆုံးဖြစ်ပြီး ကာတာတော်ဝင်မင်းသား Sheikh Hamad bin Khalifa Al Thani an Oman’s Emir နှင့် ပတ်သတ်မှုရှိသောကုမ္ပဏီလည်းဖြစ်ကာ Vodafone၊ Saudi Telecom Companyနှင့် Korea Telecom တို့ကဲ့သို့သော နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏိကြီးများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်များချုပ်ဆိုထားသည်။

ထို့အပြင် အဆိုပါ ကုမ္ပဏီသည် နာမည်ကျော် အင်တာနက်ဖုန်းခေါ်ဆိုမှု Software များကို VOiP နှင့်Skype ကဲ့သို့သော ဝန်ဆောင်မှုများကို ပိတ်ပင်တားမြစ်ဖူးကြောင်း Wikipedia တွင်ဖော်ပြထားသည်။

ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရွေးချယ်ခဲ့ပြီးဖြစ်သော်လည်း အဆိုပါ ကုမ္ပဏီများမည်ကဲ့သို့သော ဝန်ဆောင်မှုများပေးအက်သွားမည်ကိုပြည်သူများက စိတ်ဝင်စားနေကြသည်။

“ပြည်သူတွေ ဈေးနှုန်းသက်သာစွာသုံးနိုင်မယ်။ ပြည်သူတွေ စိတ်ကြိုက်ရွေးချယ်သုံးစွဲနိုင်မယ်။ ဖုန်းသုံးစွဲမှုမြင့်တက်ရင် GDP တက်မယ်”ဟု ဆက်သွယ်ရေး ဝန်ကြီးဦးမြတ်ဟိန်းက ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အိမ်နည်းချင်းနိုင်ငံများတွင် မိုဘိုင်းဖုန်းသုံးစွဲမှုပမာဏမှာ တစ်နိုင်ငံခြင်းအလိုက် ကမ္ဘောဒီးယား ၇၀ ရာခိုင်နှုန်း၊ လာအို ၈၇ ရာခိုင်နှုန်းနှင့် ထိုင်း နိုင်ငံမှာ ၁၀၀ ရာခိုင်နှုန်းကျော်အထိ တယ်လီဖုန်းသုံးစွဲမှု ပမာဏများပြားနေသော်လည်း မြန်မာနိုင်ငံတွင်မူ ၁၀ ရာခိုင်နှုန်းပင်မပြည့်ပေဒ
ယခု ကုမ္ပဏီများအနေဖြင့် အဆိုပါအနေအထားကို အမြန်ဆုံးနည်းဖြင့်ကျော်ဖြတ်နိုင်ရန် အားသွန်ကြိုးပမ်းရတော့မည်ဖြစ်သည်။

တယ်လီကွန်ရွေးချယ်ပွဲသည်ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း တင်ဒါအောင်မြင်သောကုမ္ပဏီများတကယ် လုပ်နိုင်မလုပ်နိုင်ကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။

ရဲဇွန်အောင်
ဇူလိုင်၊ ၂၀၁၃
The Voice Weekly

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *