ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအတွက် စီးပွားရေးစောင့်ကြည့်အစီရင်ခံစာကို ယခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် ကမ္ဘာ့ဘဏ်က တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။ ကမ္ဘာ့ဘဏ်အနေဖြင့် အဆိုပါ အစီရင်ခံစာကို မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးစောင့်ကြည့်အစီရင်ခံစာများကို ၆ လ ၁ ကြိမ် ထုတ်ပြန်သွားရန် အစီအစဉ်ထားသည်။
နိုဝင်ဘာ ၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် ယင်းအစီရင်ခံစာအရ သဘာဝဓာတ်ငွေ့၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆောက်လုပ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်တင်ပို့မှုများ ဖွံ့ဖြိုးလာသောကြောင့် ယခု ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆ ဒဿမ ၅ ရာခိုင်နှုန်း တိုးတက်မှုရှိပြီး လာမည့် ၂၀၁၄ တွင် ၆ ဒဿမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ကြောင်း ဖော်ပြထားသည်။
သို့သော်လည်း အဆိုပါအစီရင်ခံစာတွင်ပင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုအခြေအနေမှာမူ စိုးရိမ်ဖွယ် အနေအထားတွင် ရှိနေကြောင်း ဖော်ပြထားပြီး စားသောက်ကုန်ဈေးနှုန်းနှင့် အိမ်ခြံမြေငှားရမ်းခ စသော ကုန်ကျစရိတ်များ မြင့်တက်လာသောကြောင့် ငွေကြေးဖောင်းပွမှု အခြေအနေမှာ ယခုနှစ် ဩဂုတ်လအထိ ၇ ဒဿမ ၃ ရာခိုင်နှုန်းရှိကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
“အဓိကကတော့ ငွေကြေးဖောင်းပွမှုကို ဖြစ်စေမယ့် အကြောင်းအရင်းတွေကို မဖြစ်အောင်လုပ်ဖို့ပဲလိုအပ်တာပါ။ IMF ကတာ့ အဓိကပြောမှာပေါ့ monetary Supply ကို မမြှင့်ဖို့တို့ဘာတို့ပေါ့။ ငွေကြေးဖောင်းပွမှုက ဘက်ဂျက်လိုငွေပြရင်လည်း ငွေကြေးဖောင်းပွမှုဖြစ်တတ်တယ်။ ငွေလဲနှုန်းတန်ဖိုးကျရင်လည်းဖြစ်တတ်တယ်။ ငွေကြေးဖောင်းပွမှု ၅ ဒဿမ ၅ ရာခိုင်နှုန်းအောက်မှာပဲရှိသင့်တယ်လို့ IMF ကလည်းပြောထားတယ်။” ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ကုန်ထုတ်လုပ်နိုင်စွမ်းနည်းပါး၍ သွင်းကုန်ပေါ်မှီခိုနေရပြီး ဘဏ္ဍာရေးလိုငွေပြနေသောနိုင်ငံ ဖြစေ်နေသောကြောင့် ကုန်ဈေးနှုန်းတက်ခြင်း၊ မီတာခတက်ခြင်းကဲ့သို့သော ငွေကြေးဖာင်းပွမှုကို ဖြစ်စေနိုင်သော ကိစ္စရပ်များကို ဂရုတစိုက်ထိန်းသိမ်းသင့်သည်ဟု စီးပွားရေးပညာရှင်အချို့က သုံးသပ်သည်။
“ငွေကြေးဖောင်းပွမှုကတိုက်ရိုက်ပြဿနာမဟုတ်ဘူး။ တိုင်းပြည်တိုင်းမှာ ငွေကြေးဖောင်းပွမှုရှိတယ်။ Inflation ရယ်၊ ကုန်ဈေးနှုန်းရယ်၊ လုပ်ခလစာရယ်၊ ကုန်ထုတ်လုပ်မှုရယ်က ဆက်စပ်မှုတွေရှိနေနေတယ်။ တစ်ခုတက်ရင် အခြားတစ်ခုက လိုက်တက်မယ်။ Inflation တက်လာရင် ကုန်ဈေးနှုန်းတက်လာမှာ။
ကုန်ဈေးနှုန်းတက်တာကိုထိန်းဖို့ လစာတို့ ကုန်ထုတ်လုပ်မှုတို့ ပြည်ပပိုကုန်တို့ တက်လာရမယ်။” ဟု အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပြီး စီးပွားရေးတက္ကသိုလ်မှ မဟာဘွဲ့ရ တစ်ဦးဖြစ်သူ ကိုနိုင်ဦးကဆိုသည်။
ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းများတက်လာမည်ကို စိုးရိမ်ပြီး အခြေခံလူတန်းစားများအတွက် အခက်အခဲများဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း ၎င်းကဆိုသည်။
“အခုလိုမီတာခက တက်မိလုဖြစ်နေတဲ့ အချိန်မှာ အခြားကုန်စည်ဈေးနှုန်းတွေပါ ထပ်တက်လာရင် ပြည်သူတွေ ဒီ့ထက် အကျပ်အတည်းတွေ့ဖို့ပဲရှိတော့တယ်။” ဟု ၎င်းကဆိုသည်။
ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်အရ လက်ရှိ ၇ ဒဿမ ၃ ရာခိုင်နှုန်းရှိနေသော မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ထက်မံတိုးတက်လာဖွယ်ရှိနေပြီး စိုးရိမ်ဖွယ်ရှိနေကြောင်း ဖော်ပြထားသည်။

အစိုးရလိုငွေပြမှု၊ ကုန်သွယ်ရေးမညီမျှမှုနှင့် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကုန်စည်ဈေးနှုန်းများမြင့်တက်မှု များကြောင့် ဖြစ်နိုင်ကြောင်း လည်း စီးပွားရေးပညာရှင် အချို့က သုံးသပ်သည်။
“ငွေကြေးဖောင်းပွမှုကြောင့် တစ်ယူနစ်ထုတ်လုပ်မှုစရိတ်ပိုမြင့်မားစေတယ်။ Total Production Cost ရော Unit Production Cost ရော မြင့်မားလာတယ်။ မြန်မာနိုင်ငံက ထုတ်ကုန်တွေက ပြည်ပနိုင်ငံတွေကထုတ်ကုန်တွေကို မယှဉ်နိုင်ဘူး။ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ မြင့်မားနေလို့။ ယှဉ်ပြိုင်နိုင်စွမ်းနိမ့်သွားတယ်။ ဈေးနှုန်းအတိုင်းအတာ ယှဉ်နိုင်စွမ်းနိမ့်သွားတယ်။ နောက်ပြီး ငွေကြေးဖောင်းပွမှုမြင့်ရင် ငွေတန်ဖိုးကျမယ်။ ငွေလဲနှုန်းကျမယ်။” ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုကဆိုသည်။
တရုတနိုင်ငံတွင်းတွင်ရှိနေသော ပြည်ပလုပ်ငန်းအချို့ တရုတ်နိုင်ငံမှ ရွှေ့ပြောင်း၍ ပြည်တွင်းတွင် လာရောက်လုက်ကိုင်ရန် စိတ်ဝင်စားမှုရှိနေသော်လည်း စီးပွားရေးတည်ငြိမ်မှုရှိနေမှသာ လာရောက်ကြမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
“ငွေကြေးဖောင်းပွမှုနှုန်းမတည်ငြိမ်ရင် စီးပွားရေးလည်းတည်ငြိမ်မှာမဟုတ်ဘူး။ ယှဉ်ပြိုင်နိုင်စွမ်းရှိမှ တရုတ်နိုင်ငံထဲကိုရောက်နေတဲ့ FDI တွေက ဒီနိုင်ငံကို ဝင်လာမှာ။ ယှဉ်ပြိုင်နိုင်စွမ်းမရှိရင် လက်ဝေခံ နိုင်ငံပဲဖြစ်နေမှာ။ တရုတ်တို့၊ ထိုင်းတို့ကနေ ဒီမှာ တဆင့်လာထုတ်တာမျိုးပဲ ဖြစ်နေလိမ့်မယ်။” ဟု အဆိုပါ အရာရှိကဆိုသည်။
“ကုန်ဈေးနှုန်းတက်ရင် ထိန်းနိုင်ဖို့က FDI တွေများများ ဝင်လာရင် စက်ရုံအလုပ်ရုံတွေများလာရင် ကုန်ထုတ်လုပ်မှုမြင့်လာရင် ကုန်ဈေးနှုန်းတွေကျလာမယ်။ အခုက FDI တွေက လောက်လောက်လားလားမဝင်သေးဘူး။ ထင်သာမြင်သာ မဝင်သေးဘူး။ ထုတ်လုပ်မှုတိုးတက်လာရင် ကုန်ဈေးနှုန်းကျလာမယ်။ Double Digits မဖြစ်အောင်လုပ်ရမယ်။ သူများနိုင်ငံတွေ တက်တာက ၁ ရာခိုင်နှုန်း ၂ ရာခိုင်နှုန်း လောက် ပဲရှိတယ်။ ကုန်ဈေးနှုန်းထပ်တက်ရင် အခြေအနေပိုဆိုးမယ်။ လျှပ်စစ် မီတာခတက်ရင် ပိုဆိုးမယ်။ အကျိုးဆက်တွေအများကြီးပဲ သေချာစဉ်းစားကြသင့်တယ်။” ကမ္ဘောဇဘဏ် ဒုဥက္ကဌ က ပြောကြားသည်။
ငွေကြေးဖောင်းပွမှုသည် အထွေထွေကုန်ဈေးနှုန်း နှင့် ဆက်စပ်နေပြီး နိုင်ငံသားများ၏ ဝယ်ယူနိုင်စွမ်းအားကျဆင်း စေကာ အထူးသဖြင့် အခြေခံလူတန်းစားတွေပိုထိခိုက်စေသည်ဟု ဒေါက်တာအောင်ကိုကိုက ဆိုသည်။
“လစာဝင်ငွေနှုန်းထားနိမ့်ပါးသူတွေပိုထိမယ်။ ကုန်ကျစရိတ်နဲ့ စာရင် လုပ်ခလစာက တော်တော်နဲ့ မတက်ဘူး။ ကုန်ဈေးနှုန်းက တက်ပေမယ့် လစာနှုန်းထားက လိုက်မတက်ဘူးဖြစ်နေတယ်။ အခြေခံလူတန်းစားဆိုတာက ဝင်ငွေအဆင့်နိမ့်တဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ ပုဂ္ဂလိကဝန်ထမ်းတွေ ကိုဆိုလိုတာ။ ဒါပေမယ့် ဒီကိစ္စကြီးက နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တယ်။”
Inflation ကို သတ်မှတ်ပုံသည် နိုင်ငံတစ်ခုနှင့်တစ်ခု သတ်မှတ်ပုံခြင်းမတူဘူးပဲ နိုင်ငံတစ်ချို့က Double Digits အထိမြှင့်တင်ထားပြီး တစ်ချို့က Single Digit အထိသာထားကြကာ နိုင်ငံ၏စီးပွါးရေးအခြေအနေနှင့် အခြေခံလူတန်းစားများ၏ လုပ်ခလစာ အပေါ်မူတည်ပြီးသတ်မှတ်ကြသည်။
“ဒီနိုင်ငံမှာက လုပ်ခလစာနဲ့ ငွေကြေးဖောင်းပွမှုကို ချိန်ညှိထားတာမရှိဘူး။ တစ်ချို့နိုင်ငံတွေမှာက လုပ်သားတွေရဲ့ ပင်စင်လစာတို့၊ လုပ်ခလစာတို့ ကို ငွေကြေးဖောင်းပွမှုနဲ့ ချိန်ညှိပြီး သတ်မှတ်ကြတယ်။ ဒီမှာက အဲဒီလို လုပ်တာမျိုးမရှိဘူး။ ငွေကြေးဖောင်းပွမှုက Single Digit ပဲဖြစ်ဖြစ် Double Digits ပဲဖြစ်ဖြစ် တိုင်းပြည်နဲ့ သင့်တော်တဲ့ အနေအထားရှိမှ ဖြစ်မယ်။ လုပ်ခလစာကတော်တော်နဲ့ မတက်ဘူး။ ကုန်ဈေးနှုန်းကတော့တက်သွားတယ်။ ကုန်ဈေးနှုန်းတက်ပြီး ဝင်ငွေနည်းရင် အကျိုးဆက်အနေနဲ့ မြေယာမဲ့တွေ အလုပ်လက်မဲ့တွေများလာမယ်။ အခုလို နယ်ဒေသတွေမှာ လယ်ယာ အလုပ်သမားရှားပါးတာတို့ လယ်မဲ့ယာမဲ့ များတာတို့က အဲဒါတွေနဲဆိုင်တယ်။” ဟု ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။
Inflation သည် တိုင်းပြည်စီးပွားရေးအတွက် အလွန်အရေးပါပြီး ငွေကြေးဖောင်းပွမှုနှုန်း ၇ ရာခိုင်နှုန်းကျော်ရှိနေခြင်းကြောင့် စားသုံးသူများ အပါအဝင် ကုန်ထုတ်မှုလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုရှိကြောင်း တောင်ဒဂုံစက်မှုဇုန်ရှိ စက်မှုလုပ်ငန်းစု တစ်ခုမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးရန်နောင်က သုံးသပ်သည်။
“ကုန်စည်ဈေးနှုန်းတွေကတော့ မသိမသာရော၊ သိသိသာသာရော တဖြည်းဖြည်းတက်လာတာပဲလေ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က လက်ဖက်ရည်တစ်ခွက် ၂၀၀ ကနေ အခု ၂၅၀၊ ၃၀၀ ဖြစ်လာနေပြီ” ဟု ညောင်ပင်လေးဈေးတွင် လက်ကားကုန်ပစ္စည်းရောင်းချသူ ဒေါ်ခင်ဖုန်းက ဆိုသည်။
ငွေကြေးဖောင်းပွမှုမြင့်မားနေမှုအတွက် အထင်ရှားဆုံး ဥပမာသည် စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်သည်။ အခြေခံလူတန်းစားများအတွက် အခက်အခဲဖြစ်စေသည်။
“စားသောက်ကုန် ဈေနှုန်းတွေက တစ်စ တစ်စ တက်လာနေတယ်။ လုပ်ခလစာက မတက်သလောက်ပါပဲ။ လျှပ်စစ်မီးလို၊ လမ်းပန်းဆက်သွယ်ရေးလို တခြားအမည်မဖေါ်နိုင်တဲ့ အပိုကုန်ကျစရိတ်တွေများနေတော့ လုပ်ငန်းရှင်တော်တော်များများကလည်း လစာကို လောက်လောက်လားလား မတိုးပေးနိုင်ကြဘူး။ ကုန်ဈေးနှုန်းနဲ့ လစာမညီမျှတာ ဘာကာသိသာလဲ ဆိုတော့ အလုပ်သမားတွေ ဆန္ဒပြပွဲတွေ စိတ်လာတာပဲကြည့်လေ။” ဟု ကိုနိုင်ဦးကဆိုသည်။
Inflation ကြောင့် စားသောက်ကုန်ဈေးနှုန်များတက်လာမည်မှာ သေချာနေသောကြောင့် ကြိုတင်ပြင်ဆင်မှုများနှင့် တရားမဝင်ကုန်သွယ်မှုကို ထိထိရောက်ရောက် ကြိုတင်ကာကွယ်မှုများ စနစ်တကျလုပ်ဆောင်ထားသင့်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဌ ဦးသန်းလွင်ကဆိုသည်။
“Inflation တက်တော့ စားသောက်ကုန်ဈေးနှုန်းလိုက်တက်မယ်။ Inflation တက်လာရင် ဘဏ်အတိုးနှုန်းကိုချလို့မရဘူး။ အတိုးနှုန်းက Inflation အထက်မှာပဲ ရှိနေရမှာ။ သား၊ ငါး စတဲ့ လူသုံးကုန်တွေ၊ စားသောက်ကုန်တွေ တက်မယ်။ နွားတွေ၊ ဆိတ်တွေ ပြည်ပကိုခိုးပို့နေတာတွေကို မထိန်းနိုင်ရင် စားသောက်ကုန်ဈေးနှုန်းတွေ ပိုဆိုးမယ်။ အသားငါးက တစ်ခုတက်ရင် တစ်ခြားဟာတွေပါ လိုက်တက်တာ။ တရားမဝင် ကုန်စည်တွေကို ဖမ်းနေတဲ့ကြားထဲကနေ တင်ပို့မှုတွေရှိနေတာကို အံ့ဩမိတယ်။ နွားတို့၊ ကျွဲတို့ တရားမဝင်တင်ပို့တာက လယ်ယာကဏ္ဍကိုပါဒုက္ခပေးတယ်။ နောက်ဆက်တွဲအနေနဲ့ ကုန်ဈေးနှုန်းကထပ်တက်မယ်။ အဆိုးကျော့ သံသရာပေါ့။” ဟု ၎င်းကဆိုသည်။
ပြည်တွင်းရှိ ဈေးဝယ်စင်တာများတွင် ပြည်ပထုတ်ကုန်များသာများနေခြင်းမှာ ပြည်တွင်းထုတ်ကုန်များအနေဖြင့် ပြည်ပထုတ်ကုန်များကို ဈေးနှုန်းပိုင်းအရ မယှဉ်နိုင်ကြောင်း သိသာစေသည်ဟု ဈေးဝယ်စင်တာကြီးတစ်ခုမှ အထွေထွေမန်နေဂျာ အမျိုသမီးတစ်ဦးကဆိုသည်။
“ပြည်တွင်းထုတ်ကုန်တွေက ပြည်တွင်းမှာပဲထုတ်တာလေ။ ပြည်ပက ကုန်ပစ္စည်းတွေကို ဈေးနှုန်းပိုင်းအရ မယှဉ်နိုင်ဘူးဆိုတာတကယ်ဆိုမဖြစ်သင့်ဘူး။ ဒါပေမယ့် ဒါက တကယ်ဖြစ်နေတယ်။ သူတို့ဘာအခက်အခဲတွေဖြစ်နေလဲဆိုတာ အဖြေရှာရမယ်လေ။ Inflation ကြောင့် ကုန်ဈေးနှုန်းတွေတက်တော့ သူတို့လည်း ကုန်ကြမ်းဝယ်ယူရာမှာ ထိခိုက်မယ်။ သူများနိုင်ငံတွေမှာ အများကြီးမစဉ်းစားရတဲ့ လျှပ်စစ်မီးတို့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် အပိုကုန်ရတဲ့ Transection Costs တွေ က မယှဉ်နိုင်အောင်ဖြစ်စေတာ။” ဟု သူမကဆိုသည်။
အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံမှာမူ စီးပွားရေးဖွံ့ဖြိုးရန် စတင်ကြိုးပမ်းစဉ်ကတည်းက Inflation ကို ၃ ရာခိုင်နှုန်းပတ်ဝန်းကျင်တွင် ထိန်းနိုင်သည်။ လုပ်သား၊ ဝင်ငွေနှင့် ကုန်ဈေးနှုန်း မျှတအောင် စီမံခန့်ခွဲနိုင်ခဲ့သောကြောင့် ယနေ့အနေအထားသို့ရောက်ရှိလာခြင်းဖြစ်သည်။
အရည်အသွေးနိမ့်ပါးမှုရှိသော်လည်း ဈေးနှုန်းသက်သာသော ထုတ်ကုန်များဖြင့် ပြည်ပဈေးကွက်သို့ တိုးချဲ့နိုင်ခဲ့သည်။ တင်ပို့သည့် ပစ္စည်းတိုင်းတွင် အိမ်ရှင်နိုင်ငံများမှ ထုတ်ကုန်များကို ယှဉ်ပြိုင်နိုင်ခဲ့သည်။ ငွေကြေးဖောင်းပွမှုကို နိမ့်အောင်ထိန်းထားပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များနှင့် မလိုလားအပ်သောအပိုကုန်ကျစစရိတ်များကို လျော့ကျအောင် ပြုလုပ်ခဲ့ပြီး ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် ပြည်တွင်း စုဆောင်းငွေပမာဏကို မြှင့်တင်နိုင်ခဲ့သောကြောင့်ဖြစ်သည်။
ပြည်တွင်း ငွေကြေးဖောင်းပွအခြေအနေကို စနစ်တကျ ထိန်းချုပ်နိုင်ရန် ဗဟိုဘဏ်နှင့် IMF တို့ အတူတကွပူးပေါင်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
“ပြည်တွင်း ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ IMF ပူးပေါင်းဆောင်ရွက်နေပါတယ်။ နောက်ပြီဒါကို ထိန်းညှိဖို့အတွက် IMF နဲ့ တောက်လျှာက်လည်း ဆွေးနွေးမှုတွေလုပ်နေပါတယ်။ ဈေးကွက်တွေမဖွံ့ဖြိုးသေးတဲ့အတွက် လုပ်ဆောင်ရာမှာလည်း အခက်အခဲရှိတယ်။ အခြေခံလူတန်းစားတွေကို ထိခိုက်မှု နည်းပါးအောင်ဆောင်ရွက်မယ်။” ဟု ဗဟိုဘဏ်မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားသည်။
Inflation ကို ပုံမှန်အခြေအနေဖြစ်အောင် ဆောင်ရွက်နေပြီး အချိန်မည်မျှယူရမည်ကိုမူ အတိအကျမသတ်မှတ်နိုင်သေးကြောင်း အဆိုပါအရာရှိကဆိုသည်။
“Single Digit ဖြစ်နေဖို့အဓိက ကျတယ်၊ Double Digit မဖြစ်ဖို့လိုတယ်။ အချိန်တော့ ယူရမယ်။” ဟု ဗဟိုဘဏ်မှ အရာရှိကဆိုသည်။
Inflation လျှော့ချရန် အစိုးရ အသုံးစရိတ်ကို ချွေတာရမည်ဖြစ်ပြီး ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒများနှင့် ဆက်စပ်နေကာ ယင်းမူဝါဒများအပေါ်မူတည်၍ ငွေကြေးဖောင်းပွမှုကို ထိန်းရမည်ဖြစ်ကြောင်း ဒေါက်တာအောင်ကိုကိုကဆိုသည်။
“အစိုးရ အသုံးစရိတ်ကို ကျစ်ကျစ်လစ်လစ် ဖြစ်အောင်လုပ်ပြီး Small Government ဖြစ်အောင် လုပ်ရမှာ။ အစိုးရ ယန္တရားရဲ့ အသုံးစရိတ်ကို လျှော့ခိုင်းတာ။ ဝန်ကြီးဌာနအချို့ကို ပေါင်းသင့်ရင် ပေါင်းရမယ့် လျှော့သင့်ရင်လျှော့ရမယ်။ စီမံကိန်းဝန်ထမ်းတွေကို လျှော့ခိုင်းတာမဟုတ်ဘူး။” ဟု ဒေါက်တာအောင်ကိုကိုက ဆိုသည်။
ထို့အပြင် ဈေးကွက်ကိုလည်း ပြိုင်ဆိုင်မှုရှိလာအောင် ဖန်တီးပေးရမည်ဖြစ်ပြီး အရင်းအနှီးဈေးကွက် အားကောင်းမောင်းသန်ဖြစ်လာစေရန် ဖန်တီးပေးရဖြစ်ကာ ကုန်စည်စီးဆင်းမှု၊ ငွေကြေးစီးဆင်းမှုများ မှန်ဖို့လိုအပ်ကြောင်း ၎င်းကဆိုသည်။
“တိုင်းပြည် စီးပွားရေးတက်လာရင် Inflation လည်းတက်လာတာပဲ။ နိုင်ငံတိုင်းမှာ ဖြစ်တတ်တယ်။ ပြည်တွင်း ငွေကြေးဖောင်းပွမှုအခြေအနေကို ထိန်းညှိဖို့ Monetary Instrument တွေ သုံးပြီး ကိုင်တွယ်ရမယ်။ Instruments သုံးပြီးကိုင်တွယ်ရ Direct/ Indirect နည်းလမ်းတွေသုံးပြီးကိုင်တွယ်ရမှာ။” ဟု ဗဟိုဘဏ်မှ အရာရှိတစ်ဦးကဆိုသည်။
မြန်မာနိုင်ငံအနေနှင့် Inflation ကို နိမ့်နိုင်သမျှ နိမ့်အောင် ပြုလုပ်ရမည်ဖြစ်ပြီး Inflation ၅ ဒဿမ ၅ ရာခိုင်နှုန်းထက် မကျော်သင့်ကြောင်း IMF ကဆိုထားသည်။
ငွေကြေးဖောင်းပွမှုကြောင့် ကုန်စေးနှုန်းအပါအဝင် ကုန်ကျစရိတ်များ ပိုမိုကုန်ကျလာပါက အခြေခံလူတန်းစားများ ပိုမိုကျပ်တည်းလာနိုင်ကာ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှုကို ထိခိုက်လာနိုင်ကြောင်း ကိုနိုင်ဦးကဆိုသည်။
“ကျွန်တော်တို့မှာ လစာတိုးဖို့လွှတ်တော်မှာ လူကြီးတွေပြောတာထိုင်စောင့်နေရချိန်မှာ။ ကုန်ဈေးနှုန်းကတော့ တက်လာနေတယ်။ အဲဒါ Inflation ကြောင့်လေ။ အစိုးရဝန်ထမ်းတွေက လစာ ဒီနှစ်ပိုင်းတွေမှာ တက်လာသေးတယ်။ ပုဂ္ဂလိကဝန်ထမ်းတွေက ပိုအခြေအနေဆိုးတယ်။ သူတို့က တော်တော်နဲ့ မတက်နိုင်ဘူးလေ။ ရနေတဲ့ လစာတွေကလည်း ကုန်ဈေးနှုန်းနဲ့ ယှဉ်ရင်နိမ့်တယ်လို့ပြောလို့ရတယ်။” ဟု ၎င်းကဆိုသည်။
လူတစ်ဦးချင်းရရှိနေသော လုပ်ခလစာများသည် ကုန်ဈေးနှုန်း၊ အိမ်ခြံမြေ ဈေးနှုန်းများကို မယှဉ်ပြိုင်နိုင်ပါက အခြေခံလူတန်းစားမာ်းသာမက တိုင်းပြည်စီးပွားရေးကိုပါ ဆိုးဆိုးဝါးဝါးထိခိုက်လာမည်ဖြစ်သည်။
“ကျွန်မတို့ အဖေတွေခေတ်က အဖေက သာမန်အစိုးရဝန်ထမ်း။ သူတစ်ယောက်တည်းရှာစာဖွေစာနဲ့ ကျွန်မတို့မောင်နှမလေးယောက် လုံလုံလောက်လောက် အဆင်ပြေပြေနေနိုင်တယ်။ အခု တစ်မိသားစုလုံး အလုပ်ကိုစီ လုပ်နေတာတောင် အဆင်မပြေတဲ့ သူတွေ ကျွတ်မတို့မျက်စိရှေ့မှာ အများကြီးပဲ။ ကုန်ဈေးနှုန်းက ဘယ်ခြေအနေရောက်နေလဲ စဉ်းစားသာကြည့်တော့” ဟု ဒေါ်ခင်ဖုန်းကဆိုသည်။
“အခု ရန်ကုန်မှာ လူတစ်ယောက်နေရာတစ်နေရာ၊ ကျောတစ်ခင်းစာ ရဖို့ကို တော်တော် ခက်ခက် ခဲခဲ ရှာဖွေနေရတယ်။ အိမ်ပိုင်ရှိတဲ့သူက အချိန်မရွေး အိမ်မဲ့ဖြစ်သွားနိုင်ပေမယ့် အိမ်လက်ရှိ မရှိတဲ့ သူတွေကတော့ အိမ်ပိုင်တစ်လုံးရဖို့ မစဉ်စားနိုင်သေးဘူး။ ကျွန်မတို့လို လခစား ဝန်ထမ်းတွေဆိုရင် ပိုဆိုးတာပေါ့” ဟု မြောက်ဥက္ကလာပမြို့နယ်တွင် အိမ်ငှားရမ်းနေထိုင်နေရသော ဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်း ဒေါ်ချိုမာလွင်ကဆိုသည်။
Inflation သည် တိုင်းပြည်အတွက် ဆိုးကျိုးတစ်ခုဟု မမြင်သင့်ပဲ ရှိသင့်သောအနေအထားတွင်ရှိအောင်လုထားရမည်ဖြစ်ပြီး အမှန်တကယ်စဉ်းစားရမည်မှာ နိုင်ငံသားများလူတန်းစေ့နေနိုင်ရေးသာဖြစ်ကြောင်း ကိုနိုင်ဦးကဆိုသည်။
“လူတိုင်းက သူနဲ့ထိုက်တန်တဲ့ ဝင်ငွေရှိမယ်။ ကုန်ဈေးနှုန်းနဲ့ ကိုက်ညီတဲ့ ဝင်ငွေမျိုးပေါ့လေ။ အဲဒါက နိုင်ငံသားတိုင်းရဲ့ မျှော်လင့်ချက်လေ။ ကျွန်တော်တို့လဲမျှော်လင့်တာပဲ။ လူတွေ စီးပွားရေးအဆင်မပြေရင် တိုင်းပြည်လဲ စီးပွားရေးအဆင်ပြေမှာမဟုတ်ဘူး။ ဒါဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာမယ်။ မတည်ငြိမ်မှုတွေရှိလာမယ်။” ဟု ၎င်းကဆိုသည်။
သို့သော် သာမန်အစိုးရဝန်ထမ်းလခစား တစ်ယောက်ဖြစ်သောသူက ကုန်ဈေးနှုန်းတက်လာမည်ကို ကြိုသိနေသကဲ့သို့ လုပ်ခလစာများတိုးတက်လာရန်လည်း မျှော်လင့်နေသည်။
“အခု Inflation တက်နေတယ်။ ကုန်ဈေးနှုန်းလည်း တက်မှာပဲ။ လအနည်းဆုံးလုပ်ခလစာဥပဒေကလည်းရှိနေပြီဆိုတော့။ လစာလေးတွေတက်လာမယ်ဆိုရင် အားလုံးအတွက်အဆင်ပြေမယ်ထင်တယ်။ အခုရနေတဲ့ လစာနဲ့ဆိုရင် ကုန်ဈေးနှုန်းထပ်တက်လာရင် အဆင်မပြေနိုင်ဘူးထင်တယ်။ ” ဟု သူက ဆိုလိုက်သည်။
ရဲဇွန်အောင်
နိုဝင်ဘာ၊ ၂၀၁၃
The Voice Weekly