ဖြတ်ခနဲရုပ်တရက် မှောင်မိုက်သွားသောကြောင့် ကလေးများက ဟေးခနဲ အော်ကြလိုက်သည်။ လူကြီးအချို့က မကြေမနပ်မြည်တွန်တောက်တီးကုန်ကြသည်။
လက်ဖက်ရည်ဆိုင်တစ်ခုလုံး တီးတိုးတီးတိုးစကားသံများသာ ဆူညံစွာထွက်ပေါ်လာသည်။
မိုးတွင်းကာလမကုန်သေးသော်လည်း မီးက ယခုကဲ့သို့ အလျဉ်းသင့်သလို ပြတ်တောက်လေ့ရှိသည်။ မိုးရာသိကာလဖြစ်သော်လည်း လိုင်းပြဿနာများအပါအဝင် အမျိုးမျိုးသောအကြောင်းများကြောင့် မကြာခဏမီးပျက်တတ်ကြောင်း ဗဟန်းမြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းတစ်ဦးကဆိုသည်။
“ဘောလုံးပွဲရှိတဲ့ရက်တွေဆို မကြာခဏ ပြတ်တတ်တယ်။ အခုမိုးတွင်းကြီးတောင်မှ မိုးရွာရင်လည်း ပြတ်တယ်။ မလာရင်လည်း ပြတ်ချင်ထပြတ်တာပဲ။” ဟု မြောက်ဥက္ကလာပမြို့နယ်မှ ဆုံဆည်းရာလက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုထူးက ဆိုသည်။
ရန်ကုန်မြို့အပါအဝင် မြို့တော်တော်များများတွင် လက်ဖက်ရည်ဆိုင်အများစုသည် နိုင်ငံတကာဘောလုံးပွဲများ၊ နေ့စဉ်ထွက် မြန်မာကားများ သာမက တစ်နေကုန်ထုတ်လွှင့်ပေးနေသော Skynet၊ 5 Movies နှင့် Myawady Digital တို့မှ ရုပ်ရှင်ကားများကို လည်း တစ်နေကုန် ဖွင့်လှစ်ပြသကြလေ့ရှိသည်။ ထို့ကြောင့် မီးမလာပါက သူတို့၏ ဝင်ငွေ များစွာထိခိုက်လေ့ရှိသည်။
“ကျွန်တော်တို့ဆီမှာကတော့ လက်ဖက်ရည်ဆိုင်ဆိုတာ ကိုယ့်ဆိုင်လူဝင်အောင် ဘောလုံးပွဲလည်းပြတယ်။ မြန်မာကားလည်းပြရတယ်။ တစ်နေကုန်လည်း Skynet တို့ 5 Movies တို့ကနေလာတဲ့ ရုပ်ရှင်တွေလည်း ပြနေရတယ်။ မီးမလာရင် အဆင်မပြေဘူး။ ဆီဖိုးနဲ့တင်သေပြီ။” ဟု ကိုထူးက ဆိုသည်။

လက်ရှိရန်ကုန်
လျှပ်စစ်ဓာတ်အားမလုံလောက်မှုများရှိနေသော်လည်း စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းအများစုတည်ရှိပြီး အဓိကစက်မှုမြို့တော်ကြီးဖြစ်သော ရန်ကုန်မြို့ကို တစ်နေ့လျှင် လျှပ်စစ်ဓာတ်အားပမာဏ ၈၂၀ မဂ္ဂါဝပ် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ မှ အင်ဂျင်နီယာချုပ် ဦးရန်လင်းကပြောကြားသည်။
“ရန်ကုန်မြို့ကို တစ်နေ့ကို လျှပ်စစ်ဓာတ်အားပမာဏ ၈၂၀ မဂ္ဂါဝပ် ဖြန့်ဖြူးနေတယ်။ အခုမိုးတွင်းကာလမှာ ၈၂၀ ပေါ့။ နွေရာသီရောက်ရင်တော့ အဲဒီလောက်မပေးနိုင်ဘူး။ နည်းနည်းလျော့ သွားတာပေါ့။” ဟု ၎င်းကဆိုသည်။
“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့က လျှပ်စစ်ဓာတ်အားပမာဏ ၂၀၀၀ မဂ္ဂါဝပ်လောက် ထုတ်လုပ်နေတာ။ သုံးစွဲမှုပမာဏလည်း ခန့်မှန်းခြေ အဲဒီပမာဏလောက်ပါပဲရှိ။” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဦးအောင်မျိုးဝင်းက ပြောကြားသည်။
လျှပ်စစ်ဓာတ်အားကို မိုးရာသီတွင် လုံလောက်စွာပေးနိုင်သော်လည်း နွေရာသီတွင်မူ အခက်အခဲများရှိနေသေးကြောင်း ၎င်းကဆိုသည်။
“လျှပ်စစ်ဓာတ်အားက မိုးတွင်းဆိုရင် လိုအပ်ချက်ကို ပြည့်မှီအောင်ပေးနိုင်တယ်။ နွေရာသီဆိုရင်သာ နည်းနည်းလျော့ပေးရတာ။ ဒါတောင် တစ်နှစ်ထက် တစ်နှစ် ပိုပို အဆင်ပြေလာပါပြီ။ အရင်နှစ်တွေကထက်စာရင် မီးပြတ်တာ ပိုပိုနည်းလာပါတယ်။” ဟု ၎င်းကဆိုသည်။
ထို့အပြင် လျှပ်စစ်ဓာတ်အားအသုံးပြုရာတွင် ဓာတ်အားဆုံးရှုံးမှုနည်းပါးစေရန် ရန်ကုန်မြို့ရှိ ခရိုင်အလိုက် တတ်နိုင်သလောက် ပြုပြင်မှုများဆောင်ရွက်နေပြီး တောင်ပိုင်းခရိုင်တွင် နေရာတော်တော်များများ မီတာများလဲလှယ်တပ်ဆင်ပြီးဖြစ်ကာ အရင်ထက် ဓာတ်အားဆုံးရှုံးမှု နည်းပါးလာကြောင်းဦးရန်လင်းကဆိုသည်။
“လျှပ်စစ်ဓာတ်အားပို့လွှတ်တဲ့နေရာမှာ အလေအလွင့် ကတော်တော်နည်းပါတယ်။ အလေအလွင့်ရှိတာက ကျန်တဲ့ ဖြန့်ချိရေးအပိုင်းကျမှပါ။ သုံးစွဲတဲ့ အပိုင်းတွေ၊ Transformar Overload ဖြစ်တာမျိုး၊ မီးအားကျ တာမျိုးတွေကြောင့် ဖြစ်တယ်။” ဟု ဦးရန်လင်းကဆိုသည်။
သို့သော်လည်း ယခုနှစ် မိုးရာသီတွင်ပင် မကြာခဏ လျှပ်စစ်ဓာတ်အားပျက်တောက်မှုများ ကြုံတွေခဲ့ရကြောင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးထူးကဆိုသည်။
ဘာကြောင့်မလာသလဲ
လက်ရှိရန်ကုန်မြို့တော်အားဖြန့်ဝေနေသော လျှပ်စစ်ဓာတ်အားပမာဏမှာ မိုးရာသီဖြစ်သောကြောင့် လုံလောက်မှုရှိပြီး တစ်ခါတစ်ရံ မီးပြတ်တောက်မှုဖြစ်ပေါ်နေခြင်းမှာ Line False များကြောင့်သာဖြစ်ပြီး ရပ်ကွက်အလိုက် ခဏတာ ဖြတ်တောက်ခြင်းမျိုးသာရှိတော့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
“အခုက လျှပ်စစ်ဓာတ်အားပေးနေတာက မလုံလောက်တာမဟုတ်ဘူး။ အခုပေးနေတဲ့ လျှပ်စစ်ဓာတ်အားက မိုးရာသီဖြစ်တဲ့ အတွက် လုံလုံလောက်လောက်ပေးနေတယ်။ ဒီကာလအတွင်းမှာ မကြာခဏ မီးပြတ်တယ်ဆိုတာကလည်း မိုးတွင်းကာလမှာ လိုင်းတွေက သစ်ပင်နဲ့ညီတာတို့ဘာတို့ ရုံးပိတ်ရက်မှာ သစ်ပင်ခုတ်ရတာတို့ကို ပြင်ဆင်တာပေါ့လေ။ တစ်ချို့ကာလလေးတွမှာ ရပ်ကွက်ကို မီးပိတ်ပြီး အလုပ်လုပ်ရတာလေးတွေရှိတယ်” ဟု ဦးရန်လင်းကဆိုသည်။
စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းအများစုတည်ရှိပြီး အဓိကစက်မှုမြို့တော်ကြီးဖြစ်သော ရန်ကုန်မြို့ကို တစ်နေ့လျှင် လျှပ်စစ်ဓာတ်အားပမာဏ အပြည့်အဝ ဖြန့်ဖြူးပေးနိုင်ရန် ရေအားလျှပ်စစ်ကိုအားကိုးနေရဆဲဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်စီမံကိန်းဌာနမှ အရာရှိကြီးတစ်ဦးကပြောကြားသည်။
“အခုလက်ရှိအခြေအနေမှာ တခြားစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုပမာဏက ရန်ကုန်မြို့လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏကို ပြည့်ဝအောင်မဖြန့်ဖြူးနိုင်သေးဘူး။ အဲဒီတော့ ရေအားစက်ရုံတွေကနေမှ ရန်ကုန်မြို့ရဲ့ ဓာတ်အားကိုဖြည့်ဆည်းပေးနေရသေးတယ်။ ရေအားစက်ရုံတွေရဲ့ အကျိုးများပုံကတော့ အဲဒီလောက်အထိရှိတယ်။” ဟု အဆိုပါအရာရှိကဆိုသည်။
ရေအရင်းအမြစ်ပေါကြွယ်ဝေသော်လည်း ရေအားလျှပ်စစ်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအများစုမှာ တည်ဆောက်ဆဲဖြစ်နေကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေအားလျှပ်စစ်ကိုသာ အားကိုးနေရသောကြောင့် နွေရာသီတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရာတွင် အခက်အခဲများရှိနေကြောင်းလည်း ၎င်းကဆိုသည်။
“အခု Gas Turbine တွေ Thermal Power Plant တွေ ဆောက်နေတယ်။ အဲဒါတွေက နွေရာသီအတွက်ကို Backup လုပ်ပေးထားတာ။ Gas Turbine တွေကနေ ပြီးခဲ့တဲ့နှစ်နွေကဆိုရင် ၄၅၀ လောက်ထုတ်ပေးနိုင်တယ်။ အဲဒီလောက်ထုတ်ပေးနိုင်တာတောင်မှ မှီလု မှီရုံလေးပဲရှိတယ်။” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဦးအောင်မျိုးဝင်းက ပြောကြားသည်။

တစ်နိုင်ငံလုံး
မြို့ကြီးများရှိ ပြည်သူများက လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ဝေဖန်မှုများရှိနေသော်လည်း တကယ်တမ်းတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ အိမ်ထောင်စု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်ရှိသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများအရသိရှိရသည်။
“တစ်နိုင်ငံလုံးမှာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်တဲ့ အိမ်ထောင်စု ပမာဏက ၃၀ ရာခိုင်နှုန်းအောက်မှာပဲရှိသေးတယ်။ ဆိုလိုတာက မီးမရသေးတဲ့သူ ၇၀ ရာခိုင်နှုန်းလောက်ရှိနေတယ်ဆိုတဲ့ သဘောပေါ့။” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက ဆိုသည်။
နှစ်သုံးဆယ် စီမံကိန်းအဖြစ်ရေးဆွဲထားသော အမျိုးသားစွမ်းအင်စီမံကိန်းအရ အဆိုပါစီမံကိန်းပြီးဆုံးမည့် ၂၀၃၀-၃၁ ခုနှစ်တွင်ပင်လျှင် မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ထောင်စု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းသာလျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ဦးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့လည်း လုပ်ပေးချင်တာပေါ့။ ဒါပေမယ့် အခက်အခဲတွေအများကြီးပဲ။ လူ၊ အရင်းအနှီး၊ နည်းပညာ၊ အချိန် စတာတွေအကုန်ရှိရမှာ ပြီးရင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင်လဲ လုပ်ရတယ်။ အကုန်အဆင်ပြေအောင်လိုက်တက်လုပ်နေရတာ။ ဒါကြောင့်လဲ ပြည်ပက ကုမ္ပဏီကြီးတွေကို ဖိတ်ခေါ်နေတာ” ဟု အဆိုပါ အရာရှိက ပြောကြားသည်။
နှစ်သုံးဆယ် အမျိုးသားစွမ်းအင်စီမံကိန်းအရ အဆိုပါစီမံကိန်းပြီးဆုံးမည့် ၂၀၃၀-၃၁ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် နှစ်သောင်းကျော် တပ်ဆင်ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် မဂ္ဂါဝပ် ငါးထောင်ကျော် တပ်ဆင်ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားသည်။
စက်မှုဇုန်များ၏ လျှပ်စစ်မီးမျှော်လင့်ချက်
လက်ရှိအချိန်တွင် အိမ်ထောင်စုများသာမက လျှပ်စစ်ဓာတ်အားပမာဏ အများအပြားသုံးစွဲသော စက်မှုဇုန်များအတွက်လည်း လျှပ်စစ်ဓာတ်အားလုံးလောက်စွာရရှိရန် စီစဉ်နေပြီး စက်မှုဇုန်လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းများကို ပုဂ္ဂလိက ကုမ္ပဏီများလုပ်ကိုင်နိုင်ရန် ဖိတ်ခေါ်ဆွေးနွေးမှုများပြုလုပ်နေကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးရန်လင်းကဆိုသည်။
“စက်မှုဇုန်တွေက မိုးတွင်းကာလမှာ အဆင်ပြေပေမယ့် နွေရာသီရောက်ရင် လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝမပေးနိုင်တဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို IPP လုပ်ဖို့ဖိတ်ခေါ် ဆွေးနွေးနေတယ်။ ဓာတ်အားခ ဘယ်လောက်နဲ့ရောင်းမယ်တို့ဘာတို့ သူတို့အချင်းချင်း ညှိနှိုင်းပြီး အတည်ဖြစ်ပြီဆိုတဲ့အခါကြမှ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နဲ့ ဆက်ပြီးဆွေးနွေးဆောင်ရွက်သွားဖို့ရှိပါတယ်။” ဟု ၎င်းကပြောကြားသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင် စက်မှုဇုန် ၁၅ ခု ရှိပြီး ရန်ကုန်စက်မှုဇုန်နှင့် မင်္ဂလာဒုံစက်မှုဇုန် နှစ်ခုကို ပုဂ္ဂလိက ဓာတ်အားရန် စီစဉ်ထားပြီး လျှပ်စစ်ဓာတ်အားပေးလိုမည့် ကုမ္ပဏီများနှင့် စက်မှုဇုန်က ကော်မတီများ ဆွေးနွေးနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။
“စက်မှုဇုန်တွေမှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကတော့ ဒီဇုန်တွေမှာ ရင်းနှီးမြှုပ်နှံမယ့် Industry ပေါ်မှာမူတည်တယ်။ အထည်ချုပ်လောက်၊ ကားတပ်ဆင်တာလောက်ဆိုရင် ပါဝါသိပ်မလိုဘူး။ ဆောက်မယ့်စက်ရုံတွေက ဘိလပ်မြေစက်ရုံတွေ၊ Chemical Complex တွေ ဖြစ်နေရင် သူတို့က ပါဝါအများကြီးလိုသွားပြီ။ လက်ရှိသိရသလောက်တော့ အဲဒီလိုဟာမျိုးကြီးတွေမလာသေးဘူး။ ပုံမှန် ရိုးရိုး စက်ရုံတွေလောက်ဆိုရင် စက်မှုဇုန် တစ်ခုကို မဂ္ဂါဝပ် ၃၀၀၊ ၄၀၀ လောက်ပဲလိုပါလိမ့်မယ်” ဟု Barons Machinery & Engineering မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်အိဖြူစင်ဌေးက ဆိုသည်။
JICA၊ World Bank၊ ADB စသည့် နိုင်ငံတကာမှ ချေးငွေအကူအညီများဖြင့် လက်ရှိတည်ရှိနေသော Power Plant များကို ထပ်မံတိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်နိုင်ပါက မဂ္ဂါဝပ် ၂၀၀၊ ၃၀၀ ခန့် ပိုမိုထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်လောက်တွင်လျှပ်စစ်မီးဖြန့်ဝေပေးနိုင်မှု အခြေအနေတိုးတက်လာနိုင်ကြောင်း ၎င်းကဆိုသည်။
“ဒီမှာက လျှပ်စစ်ဓာတ်အားက မိုးရာသီဆိုရင် သေချာတယ်။ နွေတစ်ခုပဲ။ နွေမှာကတော့ ဒီမှာက ရေအားလျှပ်စစ်များတော့ ရနေတဲ့ စက်ရုံတွေက နွေရာသီဆိုရင် တစ်ဝက်လောက်ပဲရတော့တယ်။ ဒီလို စက်ရုံတွေများနေတဲ့ အတွက် ၂၀၁၅-၁၆ မှာ ပြဿနာတက်နိုင်နေတယ်။ ၅၀၀ မဂ္ဂါဝပ်လောက်ကို လိုအပ်နိုင်တယ်။ အဲဒါတွေကို ဘယ်လိုဖြေရှင်းမလဲပေါ့။” ဟု Barons Machinery & Engineering မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်အိဖြူစင်ဌေးက ဆိုသည်။
လျှပ်စစ်ဓာတ်အားရရှိမှုသည် စက်မှုဇုန်များအတွက် အသက်ပင်ဖြစ်သည်။ လျှပ်စစ်ဓာတ်အားလုံလောက်စွာမရရှိမှုကြောင့် မြန်မာ့စီးပွားရေးတွင် ထိခိုက်မှုများရှိကြောင်း နိုင်ငံတကာနှင့် ပြည်တွင်း စာတမ်းပေါင်းများစွာက ဖော်ပြခဲ့ကြသည်။
ထို့အပြင်လျှပ်စစ်ဓာတ်အားမလုံလောက်မှုက နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို လက်တွန့်သွားစေသည်။ စက်ရုံတော်တော်အများစုလိုအပ်သော လျှပ်စစ်ဓာတ်အားကိုလုံလောက်စွာမပေးနိုင်ခဲ့သောကြောင့် ပြီးခဲ့သောနှစ်များအတွင်း စက်ရုံများဒုက္ခရောက်ခဲ့ရသည်။
“ဖိလစ်ပိုင်မှာ အထည်ချုပ်စက်ရုံဖွင့်ဖူးတယ် ဟိုမှာက ဒီမှာထက် ကုန်ကျစရိတ်သက်သာတယ်။ လျှပ်စစ်ဓာတ်အားမှန်မှန်မရရင်တော့ ဒီကထုတ်ကုန်တွေက ဈေးကြီးနေဦးမှာပဲ။ လျှပ်စစ်အတွက်အပိုကုန်ကျစရိတ်တွေရှိနေတော့ တခြားဟာတွေမှာ ကုန်ကျစရိတ်တွေလျှော့ချရတယ်။ အဲဒီတော့မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာတာပေါ့” ဟု ရွှေပေါက္ကံ စက်မှုဇုန်မှ နိုင်ငံခြားသား အထည်ချုပ်စက်ရုံပိုင်ရှင်ဦးက မှတ်ချက်ပေးသည်။
နိုင်ငံတော်အနေဖြင့် တိကျသော မူဝါဒတစ်ခုချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သင့်နေပြီး ရေရှည်တွင် လက်ရှိအတိုင်းသွားပါက အားလုံးနစ်နာနိုင်ကြောင်း ၎င်းကဆိုသည်။
“ပြဿနာက နိုင်ငံတော်က ဘာကိုဦးစားပေးမလဲဆိုတာပဲ။ ရှိတဲ့ ပါဝါက နည်းနည်းလေး၊ လူတွေကို ဦးစားပေးမလား စက်မှုဇုန်တွေကို ပေးမလားဆိုတာ Political Decision နဲ့ ဆိုင်မယ်ထင်ပါတယ်။” ဟု ဒေါ်အိဖြူစင်ဌေးက ဆိုသည်။
ဒီနွေရော မီးမှန်မှာလား
နိုင်ငံတကာတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချမှုကို ရေရှည်အကျိုးစီးပွားအတွက် သေချာစနစ်တကျ စဉ်းစားဆောင်ရွက်ကြလေ့ရှိသည်။ လျှပ်စစ်ဓာတ်အားမည်မျှ ရရှိအောင်ဆောင်ရွက်နိုင်သည်ဟူသည်မှာ တိုင်းပြည်၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုနှုန်းနှင့် တိုက်ရိုက်သက်ဆိုင်နေသကဲ့သို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အမှုအခင်းများနှင့်ပါ သက်ဆိုင်နေသည်။
“လျှပ်စစ်ဓာတ်အားကို ပြည်သူကိုရောင်းလိုက်တယ်။ ပြည်သူဆီက ပိုက်ဆံ ပြန်ရလိုက်တယ်ဆိုတာလောက် စဉ်းစားရင်တော့ မရဘူး။ အဲဒီလိုမဟုတ်ပဲနဲ့ လျှပ်စစ်ပိုရတဲ့အတွက် ဝင်လာတဲ့ Industry တွေ အဲဒါတွေကနေ သုံးတဲ့ အခါမှာ ပြည်ပကရင်းနှီးမြှုပ်နှံမှုတွေများလာမယ်။ သူတို့က အမတို့ လူမျိုးတွေကို အလုပ်ခန့်မယ်။ တစ်ဦးချင်းဝင်ငွေတိုးမယ်။ တိုင်းပြည်လည်း Growth ဖြစ်မယ် ။ ဒါတွေက တစ်ဆင့်ခံ အကျိုးအမြတ်တွေ။အဲဒီလိုအဆင့်ဆင့်စဉ်းစားရမယ်။” ဟု ဒေါ်အိဖြူစင်ဌေးကဆိုသည်။
လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းကို ပုဂ္ဂလိက ကဏ္ဍသို့ အလျင်အမြန်လွဲအပ်သင့်နေပြီး အမြန်ဆုံး အကောင်အထည်ဖော်သင့်ကြောင်း ပြည်တွင်းရှိ လျှပ်စစ်လုပ်ငန်းနှင့် နီးစပ်သူများက အကြံပြုကြသည်။
နိုင်ငံတကာမှာကဲ့သို့ အစိုးရမှ Transmission ပိုင်းမှ လွဲ၍ အခြားကဏ္ဍများကို ပုဂ္ဂလိကသို့လွဲပြောင်း၍ အပြိုင်အဆိုင်လုပ်ကိုင်စေခြင်းဖြင့် ဝန်ဆောင်ခကိုပါ ပြိုင်ဆိုင်မှုကြောင့်လျော့ကျစေရန်ဆောင်ရွက်သင့်ကြောင်း ဒေါ် အိဖြူစင်ဌေးက ဆိုသည်။
“အိမ်တွေကိုရောင်းဖို့ကျတော့ များသေားအားဖြင့် ပုဂ္ဂလိက ကပဲလုပ်ကြတာများတယ်။ ဒီမှာလည်း အဲဒီလိုလုပ်ဖို့ Plan ရှိပါတယ်။ ရှိလို့လည်း အစိုးရဘက်က တင်ဒါတွေလည်းခေါ်နေတယ် ။တစ်ခုပဲ ဒီမှာက မသေချာတဲ့ Economic Model ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။
သို့သော် ယခုနှစ်နွေရာသီတွင် ယခင်နှစ်နွေရာသီများထက် လျှပ်စစ်ဓာတ်အားပိုမို တိုးတက်ရရှိမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီဌာနမှ တာဝန်ရှိသူများက တညီတညွတ်တည်းပြောကြားကြသည်။
“ဒီနှစ်နွေကတော့ အရင်နှစ်တွေကထက် ပိုတိုးတက်လာမယ်ထင်တယ်။ နှစ်စဉ်လည်း တဖြည်းဖြည်းခြင်းတိုးထုတ်နေတာပဲ။ နွေရာသီတွေအတွက် ရည်ရွယ်ပြီး ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ တိုးချဲ့ဆောက်နေတယ်။ ဒီနှစ်ထဲမှာပြီးမယ့် စကရုံတွေလည်းရှိနေတော့ အရင်နှစ်ကထက် ပိုရမှာသေချာတယ်။ နွေရာသီမှာ အရင်ကဆို အချိန်ပိုင်းပဲပေးနိုင်ခဲ့တာ အခုတော့ တဖြည်းဖြည်းတိုးပေးနေနိုင်ပါပြီ” ဟု ဦးအောင်မျိုးဝင်းကဆိုသည်။
သို့သော်လည်း ရေအားလျှပ်စစ်မှ အဓိကထုတ်လုပ်နေရခြင်းဖြစ်သောကြောင့် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပုံမှန်ရမည်ဟု ကတိမပေးနိုင်သေးကြာင်း ၎င်းကဆိုသည်။
မည်သို့ပင်ဖြစ်စေ စက်ရုံအလုပ်ရုံပိုင်ရှင်များနှင့် တစ်နိုင်ငံလုံးရှိ ပြည်သူများကဲ့သို့ပင် ကိုထူးတို့ကဲ့သို့သောရပ်ကွက်ကလေးများအတွင်းက လက်ဖက်ရည်ဆိုင်ပိုင်ရှင်များကလည်း လျှပ်စစ်ဓာတ်အားပုံမှန်ရရှိရန်မျှော်လင့်နေသည်။
“နေ့ခင်းနေ့လည် မီးမလာတာ ပြဿနာသိပ်မရှိဘူးဗျ။ ညပိုင်းလေးလာရင် တော်ပြီ။ ဒီအချိန်မှာ ပဲပိုက်ဆံလေးရှာရတာ။ မီးမလာရင် ဆီဖိုးက သိပ်ကုန်တာဗျ။” ဟု ၎င်းကဆိုသည်။
နိုင်ငံတကာဘောလုံးပွဲများ ကျင်းပလေ့ရှိသော စနေနှင့် တနင်္ဂနွေရက်များသည် လက်ဖက်ရည်ဆိုင်များ၊ ဘီယာဆိုင်များအတွက် လူဝင်အများဆုံးအချိန်ဖြစ်နေသောကြောင့် သူ့ဆိုင်ကိုယ့်ဆိုင် အပြိုင်ကြဲနေရသော စီးပွားရေးသဘောအရ မီးမလာသောအခါ မီးစက်ဖြင့် လုပ်ငန်းလုပ်ကိုင်ကြရပြန်သည်။
“မီးသာမှန်မှန်မလာရင် ဆီဖိုးက သက်သက်အပိုကုန်နေတာဖြစ်နေတယ်။ ဒါတောင် အခုမိုးရာသီမို့လို့ နွေသာဆိုရင်ကျွန်တော်တို့ တော်တော်ဒုက္ခရောက်တယ်။ ဒါကလည်းဒီတစ်နှစ်ထဲမှ မဟုတ်တာ နှစ်တိုင်းဖြစ်နေခဲ့တာပဲ။ ဒီနှစ်တော့ အရင်နှစ်တွေကထက် ပိုအဆင်ပြေမလားမျှော်လင့်မိတယ်။” ဟု ကိုထူးကဆိုလိုက်သည်။
ရဲဇွန်အောင်
နိုဝင်ဘာ၊ ၂၀၁၃
The Voice Weekly