သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍသည် ကမ္ဘာတစ်ဝှမ်းတွင် အချိန်နှင့်အမျှ လျှင်မြန်စွာ ပြောင်းလဲနေသော ကဏ္ဍတစ်ရပ်ဖြစ်သည်။ ထို့အတူ မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည်လည်း အရှိန်အဟုန်ဖြင့် အလျှင်အမြန်ပြောင်းလဲလာနေသည်။ ၂၀၁၁ ခုနှစ်မှ စတင်၍ အစိုးရက မိုဘိုင်းဖုန်း SIM Card ဈေးနှုန်းများကို တဖြည်းဖြည်းခြင်းလျှော့ချပေးခဲ့ပြီး ၂၀၁၃ တွင်မှု အလှည့်အပြောင်း အဖြစ် နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီများကို ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူ၍ ဆက်သွယ်ရေးကဏ္ဍကို အကြီးအကျယ်ပြောင်းလဲပစ်ခဲ့သည်။
နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီ နှစ်ခု ဖြစ်သော တယ်လီနော်နှင့် အော်ရီဒူးတို့ တင်ဒါအောင်မြင်ခဲ့ပြီးနောက် အဆိုပါကုမ္ပဏီများက မိမိတို့ လုပ်ကိုင်မည့် အစီအစဉ်များကို ကြိုတင်ကြေညာကြထားကြပြီး ပြည်သူများကလည်း ဈေးနှုန်းသက်သာခြင်း၊ နိုင်ငံတကာအဆင့်မှီ ဝန်ဆောင်မှုများ ပေးအပ်သွားမည်ဆိုခြင်းတို့ကြောင့် ဝန်ဆောင်မှုများမပေးမှီမှာပင် အဆိုပါကုမ္ပဏီများအပေါ် သဘောကြနှစ်ခြိုက်နေကြသည်။
ယင်းအနေအထားသည် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရန်မလိုအပ်ပဲ အော်ပရေတာလုပ်ကိုင်ခွင့် တစ်နေရာစီရရှိနေသော ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းနှစ်ခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)ကို အသွင်ပြောင်းလဲမည့် မြန်မာ့ဆက်သွယ်ရေးအများပိုင်ကုမ္ပဏီ (Myannmar Telecom)နှင့် ရတနာပုံတယ်လီပို့ကို အသွင်ပြောင်းလဲမည့် ရတနာပုံဆက်သွယ်ရေးကုမ္ပဏီ(Yatanarpon Telecom) တို့အတွက် အကြီးများဆုံးအခက်အခဲဖြစ်လာမည်ဖြစ်သည်။
အဆိုပါကုမ္ပဏီများအနေဖြင့် ပြည်ပကုမ္ပဏီများကဲ့သို့ နည်းပညာမြင့် ဝန်ဆောင်မှုများကို ဈေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနိုင်အောင်ကြိုးပမ်းရန်ပိုမိုလိုအပ်လာသည်။
ဈေးကွက်၏ လိုအပ်ချက်အတိုင်း လိုက်ပါဆောင်ရွက်နိုင်ခြင်းမရှိသော ကုမ္ပဏီများသည် ပြိုင်ဆိုင်မှုပြင်းထန်မည့် မြန်မာ့ဆက်သွယ်ရေးဈေးကွက်လုပွဲကြီးထဲမှ ထွက်ခွာသွားရမည်ဖြစ်သည်။
၂၀၁၆ နှင့် ၈၀ ရာခိုင်နှုန်း
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများအရ ယင်းကုမ္ပဏီလေးခုမှ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း မိုဘိုင်းဖုန်း အလုံးရေ ၃၉ ဒဿမ ၅ သန်း ရောင်းချတပ်ဆင်ပေးရမည်ဖြစ်ပြီး စုစုပေါင်းလူဦးရေ၏ ၇၅ မှ ၈၀ ရာခိုင်နှုန်းအထိ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို သုံးစွဲနိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
“တယ်လီဖုန်းသိပ်သည်းဆကို ၂၀၁၅-၁၆ မှာ ၇၅ ကနေ ၈၀ ရာခိုင်နှုန်းအထိ ရည်မှန်းထားပါတယ်။ ဆက်သွယ်ရေး ကုမ္ပဏီ လေး ခုစလုံးကဆောင်ရွက်ရမှာပါ။ အခုက လူဦးရေ သန်းခြောက်ဆယ်ရဲ့ ၁၁ ဒဿမ ၁ ရာခိုင်နှုန်းပဲရှိသေးတယ်။” ဟု သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသောင်းတင်က ပြောကြားသည်။
လက်ရှိအချိန်တွင် သန်းခြောက်ဆယ် ဝန်းကျင်ရှိသော မြန်မာနိုင်ငံလူဦးရေ၏ ၁၁ ဒဿမ ၁ ရာခိုင်နှုန်းသာ မိုဘိုင်းဖုန်းသုံးစွဲနိုင်၍ အင်တာနက်အသုံးပြုသူ သိန်းဂဏန်းသာ ရှိခြင်းကြောင့်လည်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ ဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီများအတွက် ရတနာသိုက်ကြီးတစ်ခုဖြစ်နေသည်။
ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့်အတွက် ရွေးချယ်ခံခဲ့ထားရသော ပြည်တွင်းပြည်ပကုမ္ပဏီများအနေဖြင့် ဆက်သွယ်ရေးဥပဒေသစ်အရ အခြေခံအဆောက်အအုံဆောက်လုပ်မှုများနှင့်ကွန်ယက်ချိတ်ဆက်မှုများကို အမြန်ဆုံးစတင်ရမည်ဖြစ်သည်။
ယခုအချိန်တွင် တယ်လီနော်ကုမ္ပဏီက လိုင်စင်ရရှိပြီးနောက် ၈ လအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများကို စတင်ပေးအပ်သွားမည်ဟု ကြေညာထားပြီး အိုရီဒူးက ခြောက်လအတွင်း စတင်သွားမည်ဖြစ်ကြောင်းကြေညာထားသည်။
“ရတနာပုံတယ်လီပို့အနေနဲ့ စတင်ဝန်ဆောင်မှုပေးမယ့်အချိန်ကို တိတိကျကျ သတ်မှတ်ထားတာမျိုးတော့ မရှိသေးဘူး။ ကျွန်တော်တို့က နောက်ကျရင် ကျွန်တော်တို့ပဲပြန်ပြီးတော့ ထိမယ်။ နိုင်ငံခြားအော်ပရေတာတွေ စတင်မယ်ဆိုတဲ့ ကာလထက်ကို ကျွန်တော်တို့က တစ်လနှစ်လလောက်ထပ်ပိုပြီးကွာလို့မရဘူး။ စောပြီးစနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ။” ဟု ရတနာပုံတယ်လီပို့ကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးရှိန်းသူအောင်က ဆိုသည်။
ထို့အပြင် ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းနှစ်ခုက 4G LTE စနစ်ကို စတင်အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး မကြာမှီကာလအတွင်း စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားကြသည်။
“ကျွန်တော်တို့ ရည်မှန်းချက်က 4G LTE ပေါ့။ ဒါကို ရည်မှန်းထားပေမယ့် 2G လည်းဆက်သွားမယ်။ 3G လည်းထည့်ပေးမယ်။ ဒီကြားထဲမှာ LTE မသွားခင် 3G နဲ့ LTE ကြား 3.75 G လုပ်ဖို့လည်း အစီအစဉ်ရှိပါတယ်။ 4G ကတော့ ဂျပန် အကူအညီနဲ့ တပ်ဆင်နေတာ SEA Games မတိုင်မီ စသုံးနိုင်မယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က ဆိုသည်။
ပြောင်းရန်ပြင်ခြင်း
ယခုအခါ ပြည်တွင်းမှ ဆက်သွယ်ရေးကုမ္ပဏီအဖြစ်အသွင်ပြောင်းလဲတော့မည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့က ဆက်သွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နည်းပညာနှင့် အရင်းအနှီးများ လာရောက်ရင်းနှီးမြှုပ်နှံကြရန် အဆိုပါလုပ်ငန်းနှစ်ခုစလုံးက နေပြည်တော်တွင် စက်တင်ဘာလ အတွင်းက ကျင်းပ ပြုလုပ်ခဲ့သော Myanmar Connect 2013 အခမ်းအနားတွင် တရားဝင် ထုတ်ဖေါ်ပြောကြားခဲ့သည်။
“လာပြီးရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကြိုဆိုပါတယ်။ Investment တင်မကဘူး နည်းပညာနဲ့ ကျွမ်းကျင်မှု၊ ဈေးကွက်ကိုဘယ်လိုသယ်ဆောင်မလဲဆိုတာ တွေနားလည်ပြီး ရေရှည်အကျိုးရှိအောင်ဆောင်ရွက်မယ့် သူတွေဖြစ်ဖို့လိုတယ်။” ဟု ရတနာပုံ တယ်လီပို့ကုမ္ပဏီမှ CEO ဖြစ်သူ ဦးတင်ဝင်းကပြောကြားသည်။
အဆိုပါ ရတနာပုံတယ်လီပို့ကုမ္ပဏီအနေဖြင့် ရေရှည် ရင်းနှီးမြှုပ်နှံသူများကိုဖိတ်ခေါ်ခဲ့ပြီး နည်းပညာ၊ ကျွမ်းကျင်မှုနှင့် ဈေးကွက်အကြောင်းနားလည်သော အတွေ့အကြုံရှိ ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြားသည်။
ထို့အပြင် MPT ကို အသွင်ပြောင်းလဲရန်အတွက် ပြင်သစ်၊ ဂျပန်၊ စင်ကာပူ၊ ထိုင်းနှင့် အခြားဥရောပနိုင်ငံများမှ အတွေ့အကြုံရှိဆက်သွယ်ရေးကုမ္ပဏီများနှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်းကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က ပြောကြားသည်။
“လက်ရှိ MPT နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ လာဆွေးနွေးနေတဲ့ ကုမ္ပဏီတွေရှိပါတယ်။ စတင်ဆွေးနွေးနေပါပြီ။ ဒီထဲကနေ အကောင်းဆုံး ကုမ္ပဏီ တစ်ခုကို ရွေးချယ် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ။ အခု ကုမ္ပဏီ ၅ ခုလောက်နဲ့ဆွေးနွေးနေပါတယ်။”ဟု ၎င်းကဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပူးပေါင်းဆောင်ရွက်လိုသည့် ကုမ္ပဏီများအတွက် ရှယ်ယာပမာဏ အချိုးနှင့် ရင်းနှီးမြှုပ်နှံရမည့် ပမာဏကို မသတ်မှတ်ရသေးသော်လည်း MPT ၏ ရှယ်ယာပမာဏမှာ အများဆုံးဖြစ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“JV ကတော့ တစ်ခုစီပဲပေါ့။ PPP ကတော့ ကဏ္ဍစုံ ဆိုတော့ အများကြီးဖြစ်မယ်။ ပြည်တွင်းပြည်ပက သင့်တော်တဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းမှာပါ။ အခုစတင်ဆွေးနွေးနေတယ်။ ပြည်တွင်းပြည်ပ ရော သင့်တော်တဲ့ ကုမ္ပဏီတွေနဲ့ပေါ့။ ငါးခုလောက်ရှိတော့ဆွေးနွေးပြီးပါပြီ။” ဟု ၎င်းကဆိုသည်။
သုံးပွင့်ဆိုင် အခက်အခဲ
“ပြည်တွင်းကုမ္ပဏီနှစ်ခု အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာက နည်းပညာ၊ အရင်းအနှီးနဲ့ ကျွမ်းကျင်လုပ်သား မရှိတာ။ ပြည်ပ ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တောင်မှ ခပ်မြန်မြန်လုပ်ဖို့လိုမယ်။ နောက်ကျလေ သူတို့နစ်နာလေပဲ။” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အငြိမ်းစား အရာရှိတစ်ဦးဖြစ်သူ ဦးသန်းဦးကဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လက်ရှိအချိန်တွင် ကျွမ်းကျင်လုပ်သားအလုံအလောက်မရှိမှု၊ နည်းပညာ နိမ့်ပါးမှုနှင့် ရင်းနှီးမြှုပ်နှံနိုင်သော ပမာဏ နည်းပါးခြင်း စသည့် အခက်အခဲများရှိနေကြောင်း ဦးအောင်မော်က ပြောကြားသည်။
“နည်းပညာပိုင်းက ရတနာပုံတယ်လီပို့နဲ့ပူးပေါင်းမယ့် International Partner ရွေးချယ်တဲ့ လုပ်ငန်းစတင်ဆောင်ရွက်နေပါပြီ။ အဲဒါပြီးသွားရင်တော့ နည်းပညာပိုင်းအနေနဲ့ကတော့ ပြည်ပကုမ္ပဏီတွေနဲ့ အတူတူလောက်ဖြစ်သွားမယ်။” ဟု ဦးရှိန်းသူအောင်က ဆိုသည်။
ဆက်သွယ်ရေးလုပ်ငန်းသည် အရင်းအနှီးပမာဏများပြားပြီး ရေရှည်ရင်းနှီးမြှုပ်နှံရသောလုပ်ငန်းဖြစ်သောကြောင့် နည်းပညာအရသာမက အရင်းအနှီးပမာဏ များမာ်းရင်းနှီးမြှုပ်နှံနိုင်သော ကုမ္ပဏီများကိုသာရွေးချယ်သင့်ကြောင်း ဦးသန်းဦးက အကြံပြုသည်။
“ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ပတ်သတ်ပြီး ကျွန်တော်တို့နိုင်ငံမှာ ကျွမ်းကျင်တဲ့သူ နည်းတယ်။ နည်းတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဖို့မှာ အဲဒါမျိုးတွေမှာကျွမ်းကျင်တဲ့ မြန်မာနိုင်ငံသား ပြည်ပမှာလုပ်နေတဲ့ သူတွေဟုတ်ရင်ဟုတ်။ မဟုတ်ရင် ဒီလုပ်ငန်းတွေမှာကျွမ်းကျင်တဲ့ ပြည်ပနိုင်ငံသာတွေကို ယူပြီသုံးရမယ့်သဘောရှိတယ်။” ဟု ဦးရှိန်းသူအောင်က ဆိုသည်။
သို့သော်လည်းပဲ ဒုတိယအဆင့် ရာထူးများတွင် မြန်မာနိုင်ငံသားများကို ခန့်အပ်၍ အတွအကြုံယူစေကာနောင်တွင် ထိုသူများကို တာဝန်ပေးအပ်လုပ်ကိုင်စေရန် ရည်ရွယ်ထားကြောင်း ၎င်းကဆိုသည်။
အမှန်တကယ်ပြောင်းရမည်၊ အမြန်ပြောင်းရမည်
ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းနှစ်ခုအနေဖြင့် ဈေးကွက်ဝေစု အခိုင်အမာရရှိရန် ဝန်ဆောင်မှုနှင့် ဈေးနှုန်းပိုင်း ပြင်ဆင်မှုများကြိုတင်ပြုလုပ်ထားသင့်သည်ဟု ဦးသန်းဦးက ပြောကြားသည်။
“တယ်လီနော်က ၂၅ ကျပ်။ အော်ရီဒူးက ၄၅ ကျပ်။ ဒါပေမယ့် သူတို့ပေးမယ့် ဝန်ဆောင်မှုက လက်ရှိ MPT ထက်သာမှာပဲ။ အဲဒီတော့ ပြည်တွင်းက အော်ပရေတာတွေ အဓိကထားလုပ်ရမှာက ဝန်ဆောင်မှု ပုံစံတွေပြောင်းလဲဖို့ပါ။ အခုပေးနေတဲ့ ဝန်ဆောင်မှုနဲ့တော့ ရှိတဲ့ ၁၁ ရာခိုင်နှုန်းလေးပါ ပျောက်သွားလိမ့်မယ်။” ဟု ၎င်းကဆိုသည်။
ပြည်ပကုမ္ပဏီများက ပေးအပ်မည့် ဝန်ဆောင်မှုများနှင့် ဈေးနှုန်း များကြိုတင်ကြေညာထားသလို ဝန်ထမ်းခေါ်ယူမှုများပြုလုပ်လျက် အလျှင်အမြန် ကြိုးပမ်းနေကြချိန်တွင် ပြည်တွင်းအော်ပရေတာနှစ်ခု၏ လုပ်ပုံကိုင်ပုံမှာ နှေးကွေးလွန်းနေကြောင်း ပြည်တွင်ဆက်သွယ်ရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်အချို့ကဝေဖန်ကြသည်။
“ကျွန်တော်တို့ကလည်း ပြောင်းလဲမှုတွေလုပ်နေပါတယ်။ ဖုန်းခေါ်ဆိုခတွေကိုလည်း အများကြီးလျှော့ချသွားဖို့ အစီအစဉ်ရှိပါတယ်။ လက်ရှိထက် အများကြီးလျှော့ချသွားဖို့ရှိပါတယ်။ သေချာတာကတော့ တယ်လီနော်တို့ အော်ရီဒူးတို့ထက် များဖို့တော့မရှိပါဘူး။ အချိန်ကတော့ အတိအကျပြောလို့မရသေးဘူး။ ဒီနှစ်ထဲလည်းဖြစ်ရင်ဖြစ်မယ်။နောက်နှစ်မှ လည်းဖြစ်ရင်ဖြစ်မယ်။” ဟု ဦးအောင်မော်က ပြောကြားသည်။
လက်ရှိ ပြည်တွင်းမှ ဒုတိယ အော်ပရေတာတစ်ခုဖြစ်သော ရတနာပုံတယ်လီပို့မှာလည်း ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်းအတွက် များများစားစားပြင်ဆင်ရသေးခြင်းမရှိပဲ အများပိုင်ကုမ္ပဏီ အဖြစ် အသွင်ကူးပြောင်းမှု ပြုလုပ်ဆဲ အခြေအနေတွင်သာရှိနေသေးသည်။
“ရတနာပုံတယ်လီပို့က အခု Telecom Operator (ဆက်သွယ်ရေးအော်ပရေတာ) လုပ်ငန်းကိုဆောင်ရွက်ဖို့ အများပိုင်ကုမ္ပဏီကို ကူးပြောင်းတဲ့ဟာတွေလုပ်နေတယ်။ အများပိုင်ကုမ္ပဏီလျှောက်ထားပြီးပြီ။ လုပ်ကိုင်ခွင့် ကျတော့မယ်။ ဒါပြီရင် Yadanarpon Teleport Public ကုမ္ပဏီနာမည်နဲ့ဖြစ်သွားမယ်။” ဟု ဦးရှိန်းသူအောင်က ဆိုသည်။
ပြည်ပရင်းနှီးမြှုပ်နှံမည့်သူများကို ဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သော်လည်း နည်းပညာမြင့်မား၍ ရေရှည်ရင်းနှီးမြှုပ်နှံမည့်သူများဖြစ်ရန် လိုအပ်ကြောင်း ဦးဝင်းတင်ကဆိုသည်။
“ဒီလို Speed မျိုးနဲ့ဆိုရင် ပြည်ပ ကုမ္ပဏီတွေပဲ စားသွားလိမ့်မယ်။ ကိုယ်ဘာလုပ်မယ် ဆိုတာတောင် သေချာမကြေညာနိုင်သေးပဲ နဲ့ အခုမှပြည်ပ ကုမ္ပဏီတွေနဲ့ အသည်းအသန်ပူးပေါင်းဖို့ ကြိုးစားနေကြတုန်း ကိုယ်က ဒေသခံ ကိုယ့်မှာအားသာချက်တွေ အများကြီး အားနည်းချက်တွေလည်း ရှိနေတာ သူတို့လည်း သိနေတာပဲ။ စောစောစီးစီး စနိုင်အောင်ပြင်ဆင်ထားရမှာကို အခုတေ့ ပြည်ပကုမ္ပဏီတွေကတောင် အရင် စမယ်နဲ့ တူတယ်” ဟု ဦးသန်းဦးကဆိုသည်။
ဘယ်သူဘာလဲ သိကြရမည့် ၂၀၁၄
ဆက်သွယ်ရေးဥပဒေကြမ်းသည် လွှတ်တော်မှ တဆင့် နိုင်ငံတော် သမ္မတ ထံရောက်ရှိနေပြီဖြစ်သည်။ နိုင်ငံတော် သမ္မတ အတည်ပြုပြီးပါက ဥပဒေ အတည်ဖြစ်လာမည်ဖြစ်ပြီး နောက်ရက်ကိုးဆယ် အကြာတွင် နည်းဥပဒေထွက်ရှိမည်ဖြစ်ကာအော်ပရေတာများကို လိုင်စင်မာ်း ချထားပေးသွားမည်ဖြစ်သည်။
လိုင်စင်ရရှိပြီးပါက အမြန်ဆုံးဝန်ဆောင်မှုပေးနိုင်ရန် အကောင်အထည်ဖော်ကြရမည်ဖြစ်ရာ မြန်မာ့သမိုင်တးြ င် ပထမဆုံး ပုဂ္ဂလိကကုမ္ပဏီများ၏ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို ၂၀၁၄ ခုနှစ် နှစ်လည်ခန့်တွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်။
တယ်လီနော်ကုမ္ပဏီက လိုင်စင်ရရှိပြီး ရှစ်လအကြာတွင် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်ဖြင့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများ စတင်ပေးအပ်သွားမည်ဟု ဆိုထားသည်။ ထို့အပြင် အော်ရီဒူးကုမ္ပဏီကလည်း လိုင်စင်ရရှိပြီး ၆ လ အကြာတွင် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၄၅ ကျပ်ဖြင့် 3G စနစ်ပါဝင်သော မိုဘိုင်းဝန်ဆောင်မှုကို စတင်ပေးအပ်သွားမည်ဖြစ်ကြောင်း ကြိုတင်ကြေညာထားသည်။
“သူများတွေက ကြိုကြေညာထားတယ်။ ကိုယ့်ပြည်ထဲက လုပ်ငန်းတွေကိ ဘာမှ အတိအျကမကြေညာနိုင်ကြဘူး။ စဉ်းစားကြည့်ရင် ရှက်စရာကြီး။ အခုကြတော့ လူတွေက ဈေးကြေညာထားတဲ့ ပြည်ပကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုတွေကိုပဲ စိတ်ဝင်စားကြတယ်လေ။ ကိုယ်နဲ့ ဘာကိုက်ညီလဲဆိုတာ ခန့်မှန်းတွက်ချက်နိုင်နေပြီဆိုတော့။ သူတို့ကို ထည့်ကို မတွက်တော့တာ။” ဟု တာမွေမြို့နယ်အတွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်တစ်ခုမှ တာဝန်ခံ ဒေါ်သူဇာဝင်းက ဆိုသည်။
ပြည်တွင်းအော်ပရေတာနှစ်ခု အနေဖြင့် ပွင့်လင်းမြင်သာမှုရှိရန် ပိုမိုလိုအပ်နေပြီး လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းအလျှင် အမြန်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးသန်းဦးကဆိုသည်။
ထို့အပြင် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများသည် အနာဂတ်ကာလတွင် စိန်ခေါ်မှုများ ပိုမိုများပြားလာမည်ဖြစ်သောကြောင့် သက်ဆိုင်ရာပြည်တွင်းအောပ်ရေတာများအနေဖြင့် သေချာစနစ်တကျ အစီအစဉ်ရေးဆွဲပြီး ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးမြတ်ဟိန်းကဆိုသည်။
“အရင်ကလို ကိုယ်ကလက်ဝါးကြီးအုပ်ခွင့်ရတော့မှာ မဟုတ်ဘူး။ အရင်က လိုစဉ်းစားနေလို့လည်းမရတော့ဘူး။ ပြည်သူက အဓိက ဖြစ်လာနေပြီ။ ကိုယ်နောက်ကျရင်ကိုယ်ပဲခံသွားရမှာ ဒါကိုနားလည်ဖို့လိုတယ်။” ဟု ၎င်းကဆိုသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်သူများအနေဖြင့် ၂၀၁၄ ခုနှစ် နှစ်တွင် ပြည်တွင်းပြည်ပ ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီများ၏ ဆက်သွယ်ရေးဝန်ဆောင်မှုများကို စတင်ထိတွေ့ရတော့မည်ဖြစ်သည်။ ဈေးနှုန်း၊ ဝန်ဆောင်မှုနှင့် နည်ပညာပေါ် မူတည်၍ ဈေးကွက်ဝေစုကို ခွဲဝေ ရယူကြရတော့မည်ဖြစ်သည်။ လက်ရှိ သုံးစွဲသူ ၅ သန်း ခွဲ ခန့်ရှိ၍ အားသာသည်ဟု ထင်ရသော MPT ပင်လျှင် အဆိုပါ အချိန်တွင် လက်ရှိ အသုံးပြုသူများကို ထိန်းသိမ်း၍ သုံးစွဲသူပိုမိုများပြားလာရန် ကြိုးပမ်းရမည်ဖြစ်သည်။
တကယ့် ပြိုင်ပွဲကွင်းပြင် ထဲတွင်အားလုံးသည် လက်ရည်တူမဖြစ်နိုင်ပေ။ အားနည်းသူ ဘေးထွက်သွားမည်ဖြစ်သည်။ ၂၀၁၄ မြန်မာ့ဆက်သွယ်ရေးဈေးကွက်ဝေစုလုပွဲတွင် ပြည်တွင်းအော်ပရေတာကုမ္ပဏီများ အသာရနိုင် မရနိုင်ကတော့ စောင့်ကြည့်ရဦးမည်။
ရဲဇွန်အောင်
အောက်တိုဘာ၊ ၂၀၁၃
Living Color Magazine