အထုံးမဖြည်နိုင်သော အလုပ်အကိုင်လမ်းစများ

ယုံကြည်ချက်အပြည့်နှင့် အင်တာဗျူးဖြေမည်ဆိုလိုက်မည်ဟုအားခဲထားသော်လည်း ကိုညီညီ(နာမည်လွဲ)အတွက် အထင်နှင့်အမြင် တက်တက်စင်လွဲမှားသွားခဲ့သည်။

အလုပ်လျှောက်လွှာတွင်ပူးတွဲတင်ထားသော အင်ဂျင်နီယာဘွဲ့လက်မှတ် နှင့် အခြားသင်တန်းလက်မှတ်များကို ကိုယ်တိုင်အားရကျေနပ်ခဲ့သော်လည်း အင်တာဗျူးမေးမြန်းသူက လုပ်ငန်းအတွေ့အကြုံရင့်သူကိုသာ ပိုလိုချင်ကြောင်း ပွင့်ပွင့်လင်းလင်းဖွင့်ပြောသည့်အတွက် အားခဲထားသမျှ သဲထဲရေကျဟု ခံစားရသည်။

အခြေခံပညာသင်ကြားသည့်အပါအဝင် တက္ကသိုလ်ပညာသင်ကြားသည့်နှစ်နှင့် ကွန်ပျူတာသင်တန်းတက်သည့်နှစ် အားလုံးပေါင်း ၂၀နှစ်နီးပါးကို ရင်းနှီးမြုပ်နှံထားသူ အသက် ၂၅ နှစ်အရွယ် ကိုညီညီအတွက် လုပ်ငန်းခွင်က အဆင်သင့်ဆီးကြိုမှုကို မခံခဲ့ရသည့်အပြင် အခြားအလုပ်အသစ်များကိုထပ်မံလျှောက်ထားရန်ပင် ရရှိထားသော အသိအမှတ်ပြုလက်မှတ်များကို ယုံကြည်မှု ပျောက်လာမိသည်။

ထပ်မံ၍ စိတ်ဝင်စားသော အလုပ်တစ်ခုခုရရန် “ဘာသင်တန်း ဆက်တက်ဦးရမလဲ”ဟု စိတ်ထဲတွေးရင်း ကိုညီညီအတွက် အလုပ်မရတော့မည်ကို တဖြည်းဖြည်းကြောက်လာသည်။

အုပ်ချုပ်ရေးယန္တရား ပြောင်းလဲလာမှုများဖြစ်ခဲ့သော ၂၀၁၀ ခုနှစ်နှောင်းပိုင်းမှစတင်ကာ နိုင်ငံတကာစီးပွားရေး လုပ်ငန်းစုများက မြန်မာနိုင်ငံ၏အရင်းအမြစ်များကို မျက်စိကျပြီး ဈေးကွက်လာရောက်ချဲ့ထွင်လိုချိန် ပြည်တွင်း လုပ်ငန်းရှင်များကလည်း ဝင်ရောက်လာသည့် ပြည်ပကုမ္ပဏီတို့နှင့်အပြိုင် လုပ်သားအင်အားဖြည့်တင်းနေသောကြောင့် ဘွဲ့ရလူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများသည် အရန်သင့် လက်ကမ်းကြိုဆိုလျက်ရှိသည်။

အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနရှိ ရင်းနှီးမြုပ်နှံမှုနှင့်ကုန်စည်များ ညွန်ကြားမှု ဦးစီးဌာနမှ ဇွန်လ ၃၀ ရက်နေ့ထိရရှိသော စာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံသားကုမ္ပဏီ ၃၂၅၆၃ ခု ၊ နိုင်ငံခြားကုမ္ပဏီ ၂၀၆၀ ခု ၊ Partner ကုမ္ပဏီ ၁၀၇၂ ၊ Joint Venture ကုမ္ပဏီ ၆၇ နှင့် Assoication ကုမ္ပဏီ ၆၇ တို့ရှိကြောင်း သိရှိရသည်။

သို့သော် ကိုညီညီကဲ့သို့ လူငယ်များကို ခန့်ထားလိုမည့် ကုမ္ပဏီများ ၊ လုပ်ငန်းရှင်များ မည်မျှရှိနေသနည်း။

လာမည့်နှစ်နှစ်နီးပါးတွင် အလုံးအရင်းဝင်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့်အတူဝင်ရောက်လာမည့် ပြည်ပ ကော်ပိုရေးရှင်းကြီးများတွင် မြန်မာနိုင်ငံသားများ ရာထူးအဆင့်ဆင့် ပါဝင်လုပ်ကိုင်ရန်အတွက် အစိုးရက မူဝါဒရေးရာ နှင့် ပညာရပ်ပိုင်းဆိုင်ရာ အားနည်းချက်တို့ကို ဖြည့်တင်းပေးချိန် တန်ပြီဟု ကိုညီညီ၏ အတွေ့အကြုံက မီးမောင်းထိုးပြနေသည်။

အငတ်မပြေသော ပြင်ပသင်တန်းများ
ငယ်စဉ်ကတည်းက တက္ကသိုလ်ဝင်တန်းအောင်လျှင် နည်းပညာတက္ကသိုလ်တတ်ပြီး စက်မှု အင်ဂျင်နီယာကြီးဖြစ်ရန် ကြိုးစားမည်ဟု ကိုညီညီတစ်ယောက် ဆုံးဖြတ်ထားသော်လည်း လက်တွေ့ အင်ဂျင်နီယာဘွဲ့လက်မှတ်ရရှိပြီးချိန်တွင် လုပ်ငန်းခွင်နှင့်ရင်းနှီးသော အငွေ့အသက်မရှိသည့်အတွက် ပြင်ပသင်တန်းများ၏ အကူအညီကိုအားကိုးခဲ့သည်။

ယင်းကြောင့်ပင် ရန်ကုန် နှင့် မန္တလေး မြို့ကြီးများတွင် သင်တန်းမျိုးစုံ အပြိုင်အဆိုင်ပေါ်ပေါက်လာသည်။ အလုပ်အကိုင် အခွင့်အလမ်းလွယ်ကူခြင်း နှင့် ဝင်ငွေကောင်းခြင်းတို့ကြောင့် လူငယ်အများစုစုံပြုံတိုးနေသောသင်တန်းများတွင် စာရင်းကိုင်သင်တန်း (LCCI/ACCA) ၊ ကွန်ပျူတာ သင်တန်း ၊ အင်ဂျင်နီယာ သင်တန်း ၊ ဟိုတယ်နှင့် ခရီးသွားသင်တန်းအချို့ နှင့် ဘာသာစကား သင်တန်းအချို့ တို့ကထိပ်ဆုံး၌ပါဝင်ခဲ့သည်။

“အခုအင်္ဂလိပ်စာသင်နေတာက အလုပ်လုပ်မယ်ဆို အကူအညီဖြစ်မယ်ထင်လို့ပါ။ ကိုယ်ရမယ့်ဘွဲနဲ့ စိတ်ဝင်စားတဲ့အလုပ်က တခြားစီဆိုတော့ ကျောင်းပြီးရင်သင်တန်းတွေထပ်တက်ရဦးမယ်”ဟု နေ့ကျောင်းတက္ကသိုလ်တက်နေသော တတိယနှစ် ကျောင်းသားတစ်ဦးက ပြောကြားသည်။

ပြည်တွင်းတွင်လာရောက်ဖွင့်လှစ်နေကြသည့်သင်တန်းများတွင် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ပေးနိုင်သည့် သင်တန်းတို့ကိုသာ လူငယ်များကပိုရွေးချယ်ကြသည့်အတွက် အလုပ်အကိုင်လိုအပ်ချက် ၊ သင်တန်း နှင့်လူဦးရေ အချိုးမျှတမှု မညီကာ အလုပ်လက်မဲ့များအဖြစ်ပြန်လည် ရောက်ရှိသွားနိုင်သည်။

သင်တန်းများ၏ အရည်အသွေးပိုင်းစစ်ဆေးချက်တွင် အစိုးရအသိအမှတ်ပြု ထောက်ခံချက်မပါရှိသည့်အတွက် အချို့သင်တန်းများက ထုတ်ပေးသောအသိအမှတ်ပြုလက်မှတ်များသည် လက်တွေ့အလုပ်အကိုင်နှင့် အံဝင်မှုနည်းပါးကြသည်။

ထို့အပြင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနည်းဥပဒေအတည်ပြုပြီးနောက် ပြည်ပကုမ္ပဏီမျိုးစုံ အလုံးအရင်း ဝင်ရောက်လာပါက အလုပ်အကိုင်လျစ်လပ်နေရာများအတွက် အစိုးရအသိအမှတ်ပြု ပုဂ္ဂလိက သင်တန်းကျောင်းများ ပိုမိုလိုအပ်သည်။

သို့သော် အလုပ်အကိုင်အကိုင်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းက လွှတ်တော်တွင်းမှာသာ ရှိနေသေးသည်။ မည်သည့်အချိန်တွင်အတည်ပြုလာပြီး အစိုးရအသိအမှတ်ပြုသင်တန်းကျောင်းများ ဖွင့်လာနိုင်မည်ကို ကိုညီညီအပါအဝင် ဘွဲ့ရရှိပြီးသား လူငယ်များ စောင့်ဆိုင်းရုံသာရှိသည်။

ပညာရေးစနစ် အားနည်းချက်
လူငယ်များအတွက် ပညာရေးနှင့်အလုပ်အကိုင် တစ်ထပ်တည်းမရှိခြင်းသည် ပညာရေးနိမ့်ပါးမှုကြောင့် ဖြစ်ကြောင်း လက်ရှိမြန်မာ့ပညာရေးပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသူတိုင်းဝေဖန်ထောက်ပြထားသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအဆုံးအဖြတ်နှင့်အဆင့်မြင့်ပညာ ဆက်လက်သင်ကြားရသည့်အတွက် ဝါသနာနှင့်တက်ရောက်သည့် ဘာသာရပ်တက္ကသိုလ်များလွဲချော်လျက်ရှိကြောင်း အသက် ၂၀ ဝန်းကျင်လူငယ်အများစုထံက ကြားနေရသည်။

ဝါသနာနှင့်ပညာရေးလွဲချော်မှုမရှိသော်ဌား လက်တွေ့သင်ကြားရမည့်အဆင့်မြင့်ပညာရေးပိုင်းတွင် လက်တွေ့အားနည်းသည့် အတွက် ယုံကြည်ချက်ပျောက်နေသူ ကိုညီညီက အသက်အရွယ်တူ လူငယ်ပိုင်းတို့အတွက် တစ်ဆင့်လမ်းညွှန်ပေးရန် ခက်ခဲနေပြန်သည်။

ယခင်က မြန်မာနိုင်ငံ၏အဆင့်မြင့်ပညာရေးတွင် တက္ကသိုလ် ၊ ဒေသကောလိပ် အဆင့်ဆင့်သင်ယူရသည့်အတွက် ပညာသင်ယူမှုပြီးဆုံးပါက လုပ်ငန်းခွင်ဝင်ရန်အသင့်ဖြစ်ကြကြောင်း ၊ အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ပညာရေး မသင်လိုသူများသည် အသိအမှတ်ပြု လက်မှတ်ရရှိရေးအတွက် ဒေသကောလိပ်များတွင်တက်ရောက်ကြကြောင်း အမေရိကန် နိုင်ငံသား မြန်မာနိုင်ငံတွင်မွေးဖွားသူ ရူပဗေဒပါမောက္ခ ဒေါက်တာဝင်းသာထွေးက ရှင်းပြသည်။

“ပညာရေးပြောင်းမယ်ဆို လုပ်ငန်းခွင်လက်မှတ်ပေးနိုင်တဲ့ပညာရေးစနစ်မျိုးလည်း ပြန်သွားရမယ်။ဆိုလိုတာက ဒေသကောလိပ်တွေ ပြန်ထားပေးဖို့ပဲ”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် အာစီယံစီးပွားရေးအသိုက်အမြုံ (Asean Economic Community) စတင်ရန်ရှိသေးသည့်အတွက် ပြည်တွင်းရှိလုပ်ငန်းခွင်သင်တန်းကျောင်းများသည် အစိုးရ၏အသိအမှတ်ပြုလက်မှတ်များသာမက အာစီယံအဆင့် အသိအမှတ်ပြုနိုင်သော အရည်အသွေးထောက်ခံချက်များ လိုအပ်လာသည်။

ယင်းအတွက် အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနပိုင်းက ပြင်ဆင်နေသော်လည်း ပညာရေး ဝန်ကြီးဌာနပိုင်းက တက္ကသိုလ်ပညာရေးကိုသာ အဓိကအားပေးဆဲရှိသေးကြောင်း ပညာရေးအသိုင်းအဝိုင်းက ဝေဖန်ကြသည်။

“ပညာရေးနဲ့ပတ်ဝန်းကျင်ကိုပဲ အပြစ်ပုံချလို့မရဘူး။ လူငယ်တွေကိုယ်တိုင်က ကိုယ်ဘာဖြစ်ချင်လဲသိမှ သင်တန်းတွေ လျှောက်မတတ်ဖြစ်မှာပါ”ဟု အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်ရှိ ဂျာနယ်လစ်ဇင်ဘွဲ့သင်တန်းတွင် ဘွဲ့လွန်သင်တန်း တက်ရောက်နေသော ကျောင်းသူတစ်ဦးက ဆိုသည်။

စီးပွားရေးဖွံ့ဖြိုးမှုနှင့်အလုပ်အကိုင် လမ်းစ
ဘွဲ့ရရှိပြီးလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းသည် ပညာရေးစနစ်သာမက နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုပေါ်တွင်လည်း မူတည်လျက်ရှိကြောင်း ၊ မြန်မာနိုင်ငံတွင်လက်ရှိလိုင်စင်ရရှိထားသော ကုမ္ပဏီအရေအတွက်သည် တက္ကသိုလ်များမှ နှစ်စဉ်ဘွဲ့ရရှိပြီးသူဦးရေနှင့် ယှဉ်ပါက လိုအပ်ချက်များစွာ ရှိသေးသည်။

ပညာရေးလက်မှတ်တစ်ပွေ့တစ်ပိုက်ကိုင်ဆောင်ထားသူ ကိုညီညီ၏ စိတ်ကြိုက်ရွေးချယ်ထားသောကုမ္ပဏီက အတွေ့အကြုံ ရှိသူကို ပိုဦးစားပေးခြင်းသည် ကုမ္ပဏီ၏မူဝါဒ နှင့် အလုပ်လိုအပ်ချက်နည်းပါးမှုပေါ်တို့တွင်မူတည်ကြောင်း သာမန်လူငယ် တစ်ယောက်အနေနှင့်မတွေးတတ်ချေ။

“လက်မှတ်(Certificated)တွေက ပေါနေတာပဲ။ အဓိကလိုတာက လုပ်ငန်းခွင်နဲ့ တကယ်အံဝင်ခွင်ကျ ဖြစ်ဖို့ အရေးကြီးတယ်။ လုပ်ငန်းအတွေ့အကြုံမရှိတဲ့အခါကျတော့ ကုမ္ပဏီက သင်တန်းပြန်ပေးတော့ အချိန်ပိုကုန်တယ်”ဟု KME Engineering & Trading ကုမ္ပဏီမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးရန်အောင်က ပွင့်လင်းစွာပြောကြားသည်။

လက်ရှိနိုင်ငံခြားရင်းနှီးမြုပ်နှံဥပဒေတွင် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမား ၊ အတတ်ပညာရှင် နှင့် ဝန်ထမ်းများ ခန့်ထားရာတွင် လုပ်ငန်းစတင်သည့်နှစ်မှ ပထမနှစ်နှစ်တွင် နိုင်ငံသားအနည်းဆုံး ၂၅ ရာခိုင်နှုန်း ၊ ဒုတိယနှစ်နှစ်တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်း နှင့် တတိယနှစ်နှစ်တွင် အနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့်ထားရန် ပြဌာန်းထားသည်။

အဆိုပါလူငယ်များ၏ အလုပ်အကိုင်လိုအပ်ချက်သည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္ပဏီများဝင်ရောက်လာပါက အတန်သင့် ပြေလည်သွားမည်ဖြစ်ကြောင်း ၊ သို့သော် အာစီယံဒေသတွင်း စီးပွားရေးအသိုက်အမြုံအတွက်မူ လုပ်သားဈေးကွက်ယှဉ်ပြိုင်မှုများဖြစ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက သုံးသပ်သည်။

ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု နည်းဥပဒေတွင် ဒေသတွင်းလုပ်သားစီးဆင်းမှု နည်းပါးလာရန် နိုင်ငံသားကျွမ်းကျင်လုပ်သားများမွေးထုတ်ရေး စီမံချက်ဇယားကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကော်မရှင်ရုံးသို့ နှစ်စဉ်တင်သွင်းရန် ထည့်သွင်းထားသည်။

သို့သော် ပြည်ပကုမ္ပဏီများ ဝင်ရောက်မှုနည်းပါးချိန် ပြည်တွင်းကုမ္ပဏီစုစုပေါင်းကလည်း ၃၅,၈၂၉ သာရှိသေးသည့်အတွက် နှစ်စဉ်တက္ကသိုလ်အသီးသီးမှ မွေးထုတ်နေသော ဘွဲ့ရလူငယ် သောင်းချီ၏ အလုပ်အကိုင် ရရှိမှုအခက်အခဲက ပြေလည်မှုမရှိသေးချေ။

ကြိုးစဆွဲထုတ်မည့် လူငယ်များ
အထုံးမဖြည်သေးသော ပြဿနာများနှင့်ရင်ဆိုင်နေရသည့် လူငယ်များအတွက် အလုပ်အကိုင်ရရှိရေးက ထွက်ပေါက်ဖြစ်သည်။ ထို့ကြောင့် အလုပ်ရရေးအတွက် မည်သည့်သင်တန်းမဆိုတက်ရောက်ကြတော့မည်။

ယင်းသို့သင်တန်းများတက်ရောက်ရန် သက်ဆိုင်ရာအစိုးရဌာနများ နှင့် ပုဂ္ဂလိကကဏ္ဍပိုင်း၏ အဖြေထုတ်ပြန်ချိန် (အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်း)သည် တရွေ့ရွေ့ နီးကပ်လာပြီး အလုပ်အကိုင်ရရှိရေး စောင့်ဆိုင်းနေသူ လူငယ်များအတွက် ရင်ခုန်နှုန်းကတဒိတ်ဒိတ် မြန်လာသည်။

တစ်ဘက်တွင်လည်း ပြည်တွင်းစီးပွားရေး ချိန်ကိုက်ဗုံး၏ ကြိုးစ(နိုင်ငံခြားရင်းနှီးမြုပ်နှံမှု နည်းဥပဒေ)ကို အစိုးရက အတည်ပြု မီးညှိပြီးသည့်အတွက် တက္ကသိုလ်ဘွဲ့ရလူငယ်များ ကိုယ်ပိုင်အရည်အသွေးကို ကိုယ်ကိုယ်တိုင်မြင့်တင်ရန်သာ လိုအပ်တော့သည်။

မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၂၈ နှစ်ကြား လူငယ်ထု ၄၀ ရာခိုင်နှုန်းအတွက် လေ့ကျင့်ပညာသင်ကြားပေးမှု မပြုလုပ်နိုင်ပါက လူဦးရေ ကျိန်စာအဖြစ် လွယ်လင့်တကူ ပြောင်းလဲသွားနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် လက်ထောက်စီးပွားရေး ပညာရှင်ချုပ်က The Voice နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ထောက်ပြသုံးသပ်ခဲ့ဖူးသည်။

ကြိုးအထုံးဖြည်ရန် ယုံကြည်မှုပျောက်နေသောလူငယ်များ လူဦးရေကျိန်စာမသင့်ရေး ပညာရေးနှင့် အလုပ်အကိုင် ပူးတွဲချိတ်ဆက်ပါမည်။
ဘွဲ့ရပြီးစပထမဆုံးအလုပ်တွင် ကြုံတွေ့ခဲ့သော လုပ်ငန်းအတွေ့အကြုံအပေါ်ရင်ခုန်ခဲ့ဖူးသည့် ကိုညီညီသည် အင်တာဗျူးတွင် မိမိအရည်အချင်းလက်မှတ်များကို ငြင်းပယ်ခံမှုအတွက်လည်း စိတ်ကုန်ခဲ့ရသည်။

အင်တာဗျူးခန်းက ထွက်ပြီးပြီးချင်း “ဘာအလုပ်မှ ထပ်မလုပ်တော့ဘူး”ဟု စိတ်အား လျော့ချလိုက်သည်။

ရဲဇွန်အောင်၊ လဲ့ရည်မြင့်
၅-၁၁၊ သြဂုတ်၊ ၂၀၁၃
The Voice Weekly

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *