မကောင်းသတင်းဟာ အောင်မြင်မှုဖြစ်နေပြီလား

“ခင်ဗျား လူမုန်းများတာ ခံချင်သလား၊ မကောင်းသတင်းနဲ့ ကျော်ကြားချင်သလား” လို့ လမ်းမှာတွေ့တဲ့ သာမန် လူတစ်ယောက်ကို မေးကြည့် “ဟင် မဖြစ်ချင်ပါဘူး” လို့ ဖြေကြလိမ့်မယ်။ ဒါပေမယ့် ဒီမေးခွန်းကိုပဲ လူမှုကွန်ယက်ပေါ်မှာပဲ မေးကြည့်မယ်ဆိုရင် ဘယ်လိုအဖြေထွက်မယ်ထင်သလဲ။

လူမုန်းများတယ်၊ မကောင်းသတင်းနဲ့ ကျော်ကြားတယ်လို့ ဆိုလိုက်ရင် လူတိုင်းကတော့ နှာခေါင်းရှုံ့သွားကြတာချည်းပါပဲ။ ဘယ်သူမှ မကောင်းသတင်းနဲ့ မကြော်ကြားချင်ကြဘူးလေ။ ဒါပေမယ့် လူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ Private Chat Box တွေကနေ ဘယ်လိုနည်းမျိုးနဲ့လဲလို့ အနည်းဆုံးလာစုံစမ်းကြလိမ့်မယ်။

မအံ့သြသွားပါနဲ့။ ခေတ်က တဖြည်းဖြည်းပြောင်းလဲလာနေတယ်။ အတွေးအခေါ်တွေ အယူအဆတွေဟာ နေ့စဉ်နဲ့အမျှ ပြောင်းလဲလာတယ်။ မတူကွဲပြားတဲ့ ရှုထောင့်တွေ ချဉ်းကပ်ပုံတွေဟာ ပိုလို့ပိုလို့တိုးပွားလာနေတယ်။

သိပ်ဝေးဝေး မကြည့်နဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်အထိ နာမည်ဆိုး၊ အမည်းစက်ကျန်ခဲ့မှာကို လူတိုင်း၊ လုပ်ငန်းတိုင်းက စိုးရိမ်ခဲ့ကြဖူးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၁၀ စုနှစ်တစ်ခုဆိုတဲ့ကာလအတွင်းမှာတော့ ဆိုရှယ်မီဒီယာတွေနဲ့အတူ အတွေးအခေါ်တွေက လိုက်ပါပြောင်းလဲလာသွားတယ်လို့ ဆိုရမယ်။

Negative Publicity လို့ခေါ်တဲ့ နာမည်ဆိုးနဲ့ကျော်ကြားမှုကို တစ်ဖက်တစ်လမ်းကနေ အကျိုးအလို့ငှာ အသုံးချလို့ရတယ်ဆိုတာကို လူတစ်ချို့က နားလည်လာကြတယ်။ တချိန်တုန်းက Negative Publicity ဆိုတာ နာမည် ဂုဏ်သိက္ခာ ပျက်ယွင်းမှုလို့ မှတ်ယူခံခဲ့ရပေမယ့် ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ လူပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အမှတ်တံဆိပ်နဲ့ လုပ်ငန်းတွေအကြောင်းကို လူမြန်မြန်သိအောင် လုပ်နိုင်တဲ့ အမြန်ဆုံးနည်းလမ်းလို့ မှတ်ယူခံလာရပြီ။

တစ်ကမ္ဘာလုံးမှာ Negative Publicity ကို အသုံးချပြီး လူတွေရဲ့ စိတ်ဆန္ဒကို ဆန်းစစ်လေ့လာတာတွေ၊ ဖြတ်လမ်းနည်းနဲ့ ကျော်ကြားအောင်လုပ်တာတွေ နေ့စဉ်နဲ့အမျှတိုးပွားလာနေတယ်။ အထူးသဖြင့် ပေါ်ပြူလာဖြစ်မှုကို အာသာငမ်းငမ်းအလိုရှိနေကြတဲ့ ဆိုရှယ်မီဒီယာအသုံးပြုသူတွေအကြားမှာ ပိုတိုးလာနေခဲ့တယ်လို့ ဆိုရမယ်။

လွန်ခဲ့တဲ့ ၂၀၁၀ ပတ်ဝန်းကျင်မှာ အမေရိကလိုတိုင်းပြည်တွေမှာ Negative Publicity က စပြီးတွင်ကျယ်လာနေပြီ။ မြန်မာပြည်မှာတော့ ဆိုရှယ်မီဒီယာက ၂၀၁၄ လောက်မှ စပြီးခေတ်စားတာဆိုတော့ Negative Publicity အကြောင်းကို အဲ့အချိန်တွေတုန်းက လူသိပ်မသိကြသေးဘူး။ ဒါပေမယ့် မတော်တဆနဲ့ ဒီနည်းလမ်းသုံးပြီး အောင်မြင်သွားတဲ့ သရုပ်ဆောင်မင်းသမီး တစ်ယောက်တော့ ရှိခဲ့ဖူးတယ်လေ။

ခုချိန်မှာတော့ မြန်မာပြည်မှာလည်း Negative Publicity လို မဟုတ်တန်းတရားနည်းတွေနဲ့ အလွန်အမင်း အောင်မြင်သွားတဲ့သူတွေ လူမှုကွန်ယက်အသိုင်းအဝိုင်းမှာ တိုးပွားလာနေတယ်။ ဒီလိုလူတွေကို မဟုတ်တာလုပ်နေတာ၊ လူအမြင်ကပ်အောင်လုပ်နေတာ၊ အများသူငှာ အမြင်မတင့်တယ်အောင်လုပ်နေတာလို့ဆိုပြီး ဆိုရှယ်မီဒီယာအသုံးပြုသူ အတော်များများက ဝိုင်းဆဲတတ်ကြတယ်။

ဒါပေမယ့် အချိန်တစ်ခုစောင့်ကြည့်လိုက် အဲ့လူတွေက တဖြည်းဖြည်းလူသိပိုများလာကြရော။ ဥပမာ အနုပညာနယ်ပယ်ပဲဆိုကြပါစို့။ တကယ် အနုပညာကို ရင်နဲ့ရင်းပြီးဖန်တီးနေသူတွေဟာ အဲ့ဒီလို ပေါ်ပြူလာဖြစ်ဖို့ လူမုန်းခံတာ၊ ပေါတောတောအပြုအမူတွေ ဖန်တီးပြတာမျိုးတွေ လုပ်နေတဲ့သူတွေလောက် မအောင်မြင်ဘူး။ အထင်ကြီးလေးစားမခံရဘူး။

ဟုတ်တယ်။ အစောပိုင်းတုန်းကတော့ ဒီလိုနာမည်ဆိုးနဲ့ ကျော်ကြားနေသူတွေကို မုန်းခဲ့ကြတာပဲ။ နောက်ပိုင်းကျတော့ မြင်ပါများတော့ ချစ်ကျွမ်းဝင်ပြီး မုန်းခဲ့သူတွေတောင် ချစ်ခင်သူ ပရိတ်သတ်ဖြစ်သွားကြတာတွေ ထုနဲ့ထေးလေ။ ဒီတော့ ခဏတာအဆဲခံရတာတန်ပါတယ်လို့ တွေးပြီး ဒီနည်းလမ်းအတိုင်း လှမ်းလျှောက်လာတဲ့ လူငယ်တွေ ပိုများလာတော့တာပေါ့။ Negative Publicity က မြန်မာပြည်မှာ သိပ်ကို အစွမ်းထက်နေပြီလို့ ဆိုရတော့မယ့် သဘောပဲ။

Positive Effects of Negative Publicity တို့ Is the era of ‘All publicity of good publicity’, Over? တို့ Everybody Lie တို့လို့ စာတွေကို ဖတ်ကြည့်တဲ့အခါ ဒီအချက်တွေကို ပိုပြီးသိနားလည်လာရတယ်။ လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်ဟာ Negative Publicity ကို ကျကျနန အသုံးချပြီး ရွေးကောက်ပွဲမှာ အောင်ပွဲဆင်ခဲ့ဖူးတာကို Everybody Lies ဆိုတဲ့စာအုပ်ထဲမှာ စာရေးဆရာ ဆက်သ် စတီဗင်-ဒေးဗီဒိုဝစ်ဇ်က သေချာချက်နဲ့လက်နဲ့ ရေးဖွဲ့ပြထားတယ်။

ဒီကနေ့ခေတ်မှာဆိုရင် Negative Publicity ကို မသိမသာရော သိသိသာသာရော အသုံးချလာကြတဲ့ လုပ်ငန်းတွေ၊ အေဂျင်စီတွေ၊ လူပုဂ္ဂိုလ်တွေ များလာတယ်။ Negative Publicity ဟာ ထုတ်ကုန်ရောင်းအားကို တိုးစေတယ်၊ လူသိများစေတယ်၊ လူစိတ်ဝင်စားမှုမြင့်မားစေတယ်တို့ သီအိုရီသစ်တွေက ဆိုလာတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေရှိပေမယ့် ရင်းပျော်တဲ့ ဖြတ်လမ်းနည်းလို့ တွေးတောရှုမြင်သူတွေ ပိုတိုးပွားလာတာဟာ လူ့အဖွဲ့အစည်းအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ်ပါပဲ။

ဒီနေရာမှာ ဥပမာတစ်ခုပေးရရင် အရင်ခေတ်တွေတုန်းက နယူးယော့ခ်တိုင်းစ် သတင်းစာကြီးကနေ မကောင်းတဲ့မှတ်ချက်ပေးခံရရင် ဘယ်လောက်နာမည်ကျော်တဲ့ စာရေးဆရာရေးသားထားတဲ့ စာအုပ်ဖြစ်ဖြစ် ရောင်းအားကျသွားတတ်ပါတယ်။ ခုခေတ်မှာတော့ ဆိုရှယ်မီဒီယာတွေမှာ Influencer ဖြစ်နေသူတွေက စာအုပ်ဖတ်နေတဲ့ပုံ ဓာတ်ပုံလေး အွန်လိုင်းမှာတင်လိုက်ရင် ရောင်းအားတက်ဖို့ သေချာနေပြီလို့ ဆိုပါတယ်။ အဲ့ဒီစာအုပ်ကို သူတကယ်ဖတ်လား မဖတ်လား ဘယ်သူမှမသိကြပေမယ့် Idol ဘာလုပ်လုပ်၊ လိုက်ဝယ်ကြမယ်၊ လိုက်လုပ်ကြမယ်ဆိုတဲ့ ပရိတ်သတ်အမျိုးအစားတစ်မျိုးလည်း ပေါ်လာနေပြီမဟုတ်လား။ သူ့အရပ်နဲ့ သူ့ဇာတ်လို့ဆိုရမယ်။ 

မြန်မာပြည်ဆိုရင် ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေနဲ့ သက်ကြီးဝါကြီးတွေရဲ့ ဆုံးမသြဝါဒတွေကို လိုက်နာကြရတဲ့ အာရှတိုင်းပြည်တစ်ခုပါ။ ဒါပေမယ့် Conservative အယူအဆတွေနဲ့ မွန်းကျပ်နေတဲ့ ဒီလိုတိုင်းပြည်မျိုးမှာ အမျိုးသမီးတစ်ချို့ Sexy ဒါမှမဟုတ် Nude ဓာတ်ပုံတွေရိုက်ပြီး Attention ရှာတာဟာ Negative Publicity ကို အသုံးချခြင်းတစ်မျိုးပဲလေ။

ဒီလိုပုံတွေရိုက်ကူးတာက ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ လူအများစုက ဝိုင်းဝန်းရှုံ့ချဆဲဆိုနေကြပေမယ့် ဒီလိုဆဲဖို့အတွက် အရင်ဆုံးတော့ ဝင်ကြည့်ကြရတာပဲ။ အထူးသဖြင့် ယောင်္ကျားတချို့ဆိုရင် ဝေဖန်ချင်ယောင်ဆောင်ပြီး ဝင်ကြည့်သွားကြတာတွေများပါတယ်။

တစ်ချို့တွေဆိုရင်လည်း အရမ်းကိုချာတူးလန်နေတဲ့ အနုပညာဖန်တီးချက်တွေ လုပ်တယ်။ ကနဦးမှာတော့ ဒီလူ ဘာတွေလုပ်ထားမှန်းမသိဘူးဆိုပြီး ပတ်ဝန်းကျင်က ဝိုင်းဟားရင်ဟာကြလိမ့်မယ်။ ဒီလိုဟားကြ လှောင်ကြ ပြောင်ကြရင်း အချင်းချင်းပြကြမယ်၊ မျှဝေကြမယ်။ ဒီလိုနဲ့ တစ်ဖက်လူက နာမည်ကျော်သွားခဲ့တာတွေလည်း ဥပမာတွေရှိခဲ့ပြီးသားလေ။

တစ်ချို့လူတွေက Negative Publicity ကို မသိဘူး။ ဒါပေမယ့် လုပ်ရင်းကိုင်ရင်း အဲ့လိုသဘောဖြစ်ပြီး ထအောင်မြင်သွားတာတွေလည်း အများသား။ ခုဆို တစ်ချို့တစ်ချို့သော လုပ်ငန်းတွေက သူတို့ရဲ့ လုပ်ငန်းတွေ လူသိများစေဖို့ အငြင်းပွားဖွယ်ရာကိစ္စတွေကို တမင်ရှာပြီး လူသိအောင်လုပ်ရင်း ဖြတ်လမ်းနည်းနဲ့ အောင်မြင်အောင်လုပ်လာနေကြတယ်လေ။ မြန်မာပြည်လို စိတ်ခံစားချက်ကဲပြီး ရေတက်ငါးဇင်ရိုင်းလိုလူတွေ များတဲ့တိုင်းပြည်မှာ Negative Publicity အလုပ်ဖြစ်နေတာ သိပ်တော့ မထူးဆန်းလှဘူး။

စိတ်ပညာသဘောအရလည်း လူတွေရဲ့ မုန်းတာ၊ မနှစ်သက်တာဟာ ကြောက်ရွံ့မှုတစ်မျိုးလို့ဆိုထားတယ်။ မုန်းတယ်ဆိုတာဟာ အကြောက်တရားဖြစ်နေတာကြောင့်လည်း ဒီစိတ်ဟာ အလွယ်တကူအသုံးချခံနေရတာပဲ။ Negative Publicity ကြီး ဒီတိုင်းပြည်မှာ ခွင်တည့်နေတာလည်း အဲ့ဒါကြောင့်ပဲ။ 

ပိုပြီးအသေးစိတ်ကျတဲ့ Data-mining Techniques တွေကို သုံးပြီး လေ့လာကြည့်ရင် လူတွေက သူတို့မုန်းတယ် မနှစ်သက်ဘူးလို့ ထင်တဲ့အရာတွေကို တကယ်မမုန်းကြဘူး။ မုန်းတယ်ဆိုတဲ့အတွေးရဲ့နောက်မှာ သိလိုစိတ်က ကပ်ပါလာနေတယ်။ အဲ့ဒါ ဆန့်ကျင်လို့မရတဲ့ သဘာဝတရားကြီးပဲ။ အရမ်းမုန်းပါတယ်ဆိုပြီး ဝိုင်းဆဲနေလျက်နဲ့ Follower ၁ သန်းတိုးသွားတဲ့လူကြီးလိုပေါ့။

တစ်ချို့ကတော့မြင်ပါလိမ့်မယ်။ ငါတို့က မုန်းနေတာ အမြဲဆဲနေမှာလို့။ ဒီလိုမျိုးဖြစ်နေဖို့က ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ မယုံရင် မြန်မာပြည်မှာ Influencer ဖြစ်နေတဲ့လူတိုင်းကို အသေးစိတ်လေ့လာကြည့်စမ်းပါ။ Negative Publicity မရှိပဲ အောင်မြင်လာတဲ့လူ ဘယ်နှစ်ယောက်ရှိသလဲလို့။

Negative Publicity ဟာ ကောင်းမွန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ ဒါပေမယ့် ခေတ်ကာလအခြေအနေမှာ လူတွေရဲ့ ပြောင်းလဲလာတဲ့ အတွေးအခေါ်တွေကြောင့် အသုံးချမှုတွေများလာနေတာကိုတော့ ငြင်းမရပါဘူး။ အလုပ်ဖြစ်တယ်လို့ မှတ်ယူလာသူတွေ ပိုများလာတာကိုတော့ ရှောင်လွှဲဖို့ ခက်ခဲလာနေပါပြီ။ အောင်မြင်မှုနောက်ကို ကောက်ကောက်ပါအောင်လိုက်ကြရင်း ဒီလမ်းကြောင်းပေါ်ကို ထပ်တက်လာမယ့်လူတွေ ဘယ်လောက်တိုးလာဦးမလဲ ဘယ်သူမှ မခန့်မှန်းနိုင်ကြဘူး။

သူတို့ကို ရပ်တန့်ဖို့ ခက်ပါတယ်။ ခေတ်ရေစီးတစ်ခုလိုဖြစ်နေတာကိုး။ ဒါပေမယ့် ရပ်တန့်လို့ရနိုင်တဲ့ နည်းလမ်းကလည်း ရှိထားပြီးသားပါ။ ရပ်တန့်ချင်ရင် သူတို့နည်းလမ်းမမှန်တဲ့ အပြုအမူတွေ၊ တင်ပြမှုတွေ၊ ပြောဆိုချက်တွေကို ဥပက္ခာပြုဖို့ လိုအပ်ပါတယ်။ စိတ်ခံစားချက်ကဲပြီး ဝင်ငြင်းလိုက်မယ်၊ ဝင်ဆဲလိုက်မယ်ဆိုတဲ့ စိတ်ကို ထိန်းဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ သင်လည်း သူတို့ရဲ့ သားကောင်ဖြစ်သွားမှာပါ။ ခုချိန်မှာ သူတို့ကို သင်အရမ်းမုန်းနေရင်တောင် နောင်တစ်ချိန်မှာ သူတို့ရဲ့ ပရိတ်သတ်ဖြစ်မသွားဘူးလို့ ပြောလို့မရဘူးလေ။

ခုချိန်အထိတော့ လူတွေက Ignore လုပ်ဖို့ ပျက်ကွက်နေကြဆဲပါ။ ဒါကြောင့်လည်း Negative Publicity သုံးပြီး အောင်မြင်ကျော်ကြားလာသူတွေ တိုးပွားလာနေဆဲ၊ လူငယ်တွေလည်း အတုယူမှားနေကြဆဲဖြစ်နေတာပေါ့။ မြန်မာ့စိတ်ရင်းအတိုင်း “ငါတို့ကတော့ ဝင်ဆဲလိုက်ရမှ စိတ်ကျေနပ်မယ်” ဆိုရင်တော့ သင့်ကိုယ်တိုင် သူတို့ အောင်မြင်အောင် ဝင်ကူညီနေတာဖြစ်နေပြီဆိုတာကို နားလည်သဘောပေါက်ဖို့ လိုနေပြီလို့ပဲ ဆိုရပါတော့မယ်။

မောင်မိုးဇွန်

The Voice Weekly (Vol.16/No.26)

၁၅-၈-၂၀၂၀

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *