Industry 4.0 သည် မြန်မာ့ စားပွဲဝိုင်းဆွေးနွေးပွဲများပေါ် ရောက်လာခဲ့သည်မှာ မကြာသေး။ သို့သော် ကမ္ဘာ့စင်မြင့်ပေါ်သို့ ရောက်ရှိနေသည်မှာတော့ ၂၀၁၅-၁၆ ဝန်းကျင်ကတည်းကဖြစ်သည်။
ယင်းနောက်ပိုင်းတွင် ကမ္ဘာတစ်ဝှမ်း ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲတိုင်းပြည်တိုင်းမှ အစိုးရတိုင်း၏ အနာဂတ်စီမံကိန်းများတွင် စက်မှုတော်လှန်ရေး ၄.၀ (Industry 4.0) ဆိုသည့် စကားရပ်တစ်ခု အလျှင်အမြန် နေရာယူလာခဲ့သည်။
ကွန်ပျူတာထိမ်းချုပ် စက်ပစ္စည်းများနှင့် လူလုပ်သိဉာဏ်တု နည်းပညာများ၏ မောင်းနှင်အားဖြင့် ရှေ့ဆက်ကြမည့် ကမ္ဘာကြီးကို ကိုယ်စားပြု၏။ ဒစ်ဂျစ်တယ်စီးပွားရေးလှိုင်းနှင့်အတူ Industry 4.0 သည် ကမ္ဘာလုံးဆိုင်ရာ ကဏ္ဍအသီးသီးအတွက် အဓိက မောင်းနှင်အားဖြစ်လာတော့မည်ဟု ဗျာဒိတ်ပြုခြင်းခံနေရသည်မဟုတ်ပါလား။
ကမ္ဘာ့သမိုင်းတစ်လျှောက်တွင်လည်း စီးပွားရေးလှိုင်းတစ်ခု ဖြစ်ပေါ်လာချိန်တိုင်းတိုင် အဆိုပါလှိုင်းကို အကျိုးရှိစွာ အသုံးချနိုင်သည့်နိုင်ငံများ အလျင်အမြန် တိုးတက်သွားခဲ့ဖူးသည့် ဥပမာများရှိခဲ့ဖူးသည်။ ယင်းကြောင့် Industry 4.0 တွင်လိုက်ပါ လှိုင်းစီးလိုသည့် တိုင်းပြည်များကလည်း ကမ္ဘာနှင့်အဝှမ်း ထုနှင့်ထေး။
မြန်မာနိုင်ငံတွင်လည်း Industry 4.0 အကြောင်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစတင်ကာ အစိုးရမင်းများကိုယ်တိုင်က အလေးအနက်ထား ပြောဆိုလာနေကြပြီဖြစ်သည်မို့ မဝေးတော့သည့် ကာလတစ်ခုတွင် အခွင့်အရေးများနှင့် စိန်ခေါ်မှုများက ကြိုတင်ပြင်ဆင်မှုများရှိသည်ဖြစ်စေ မရှိထားသည်ဖြစ်စေ မလွဲဧကန် ရောက်ရှိလာတော့မည်ဖြစ်သည်။

4.0 ဘာလဲ ဘယ်လဲ
၁၉၅၀ ခုလွန်နှစ်များတွင် စတင်ခဲ့သည့် တတိယစက်မှုတော်လှန်ရေးခေတ်တွင် အီလက်ထရွန်နစ်နည်းပညာများ၊ ဆက်သွယ်ရေးနည်းစနစ်များနှင့် ကွန်ပျူတာများက ကမ္ဘာ့စီးပွားရေးကို မောင်းနှင်ခဲ့သည်။
ယခု ရောက်ရှိလာတော့မည့် စတုတ္ထစက်မှုတော်လှန်ရေးခေတ်တွင်မူ ကမ္ဘာတစ်ဝှမ်းရှိ လုပ်ငန်းနယ်ပယ်များနှင့် ဝန်ဆောင်မှု အလေ့အထများ ပြောင်းလဲသွားကြမည်ဖြစ်ပြီး ကဏ္ဍအသီးသီးတိုင်း၊ နယ်ပယ်တိုင်းတွင် နောက်ဆုံးပေါ် Smart Technology များနှင့် ပေါင်းစပ်လာကြမည်ဖြစ်သည်။ Automation နည်းပညာများ၊ အလိုအလျောက် ဆက်သွယ်ရေးနည်းလမ်းများ၊ ကိုယ်တိုင်စောင့်ကြည့်မှုနည်းနာများနှင့် အသိဉာဏ်တုနည်းပညာများက ရှေ့တန်းသို့ ပိုမိုတိုးထွက်လာကြမည်ဖြစ်၏။
ယင်းကြောင့်ပင် Industry 4.0 သို့မဟုတ် the Fourth Industrial Revolution ဟုဆိုလိုက်သည်နှင့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို တွဲယှဉ်လျက် တွေးမြင်မိကြခြင်းဖြစ်သည်။ တူညီသော စိန်ခေါ်မှုများကို နယ်ပယ်ကဏ္ဍအသီးသီးတွင်လည်း ကြုံဆုံရမည့်သဘော။
Industry 4.0 နှင့် ဆက်စပ်ပြီး Education 4.0၊ Health 4.0၊ Tourism 4.0၊ Career 4.0 ၊ Work 4.0 စသည့် 4.0 ပေါင်များစွာ ဖြစ်တည်လာကြမည်။ နယ်ပယ်တိုင်းတွင် ရှင်သန်ရပ်တည်နိုင်စေရန် ကျွမ်းကျင်မှုအသစ်များ၊ ပညာရပ်အသစ်များ၊ လေ့လာမှုနည်းနာသစ်များ၊ ပေါင်းစပ်နိုင်စွမ်းအသစ်များ၊ တီထွင်ဖန်တီးနိုင်စွမ်းများ လိုအပ်လာမည်ဟုလည်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
စင်ကာပူကဲ့သို့သော တိုင်းပြည်များတွင်ပင် Industry 4.0 ကို ရည်ရွယ်ကာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာနေသည်။ ပညာရေးလိုနယ်ပယ်မျိုးတွင် ရမှတ်ထက် ရလဒ်ကို ဦးစားပေးရန် ခြေလှမ်းလာသည်။ စင်ကာပူပင်လျှင် စင်ကာပူနှင့် မတူညီသည့် စံနှုန်းများဖြင့် ခရီးဆက်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။
4.0 ခေတ်တွင် လူတိုင်း ကျွမ်းကျင်မှုအသစ်၊ တီထွင်ဖန်တီးနိုင်စွမ်း အသစ်များကို လိုအပ်ချက်ပေါ်မူတည်၍ ရှာဖွေရန် မပြတ်လိုအပ်နေမည်ဖြစ်ပြီး လက်တစ်ဆုပ်စာအသိပညာနှင့် တင်းတိမ်နေ၍ မရတော့။ ရောင့်ရဲတင်းတိမ်စွာ ထမင်းကြမ်းယပ်ခတ်စားမည့် အတွေးအခေါ်ဖြင့် ခရီးဆက်၍ ရမည်မဟုတ်သော ခေတ်ဟုဆိုရပေတော့မည်။

မြန်မာ 4.0
မြန်မာအကြောင်း မပြောခင် နိုင်ငံတကာကို အရင်ကြည့်စေလိုပါသည်။ တိုင်းပြည်အသီးသီးတွင် Block Chain များ၊ AI Technology များ၊ Smart City များပါဝင်သည့် အနာဂတ်စီမံကိန်းများ ရှေ့တန်းရောက်လာနေသည်။ မြန်မာပြည်တွင် ဘုရားပေါ်ကျော်မရသည့် Drone Technology များသည်လည်း Industry 4.0 တွင် တစ်ခန်းတစ်နေရာမှ ပါဝင်ခွင့်ရလာကြ၏။
ကမ္ဘာတစ်ဝှမ်း Cloud Computing စနစ်များ ခေတ်စားနေချိန်တွင် ပြည်တွင်းတွင်မူ File ရွှေ့ပြောင်းနိုင်ဖို့ Memory Stick ပတ်ငှားနေကြတုန်းဖြစ်သည်။ e-Government ခေါင်းစဉ်အောက်တွင် ရုံးတွင်း ဝန်ထမ်းအချင်းချင်း Email ပေးပို့ဖို့အတွက် လက်တွန့်နေကြဆဲ၊ Wifi မချိတ်တတ်၍ IT သမားပတ်ရှာနေကြဆဲ၊ အရေးကြီး File များကို ကြုံရာနေရာများတွင် သိမ်းဆည်းပြီး ဒေတာများ ပေါက်ကြားနေဆဲ၊ Hardware ပစ္စည်း တစ်စုံတရာပျက်စီးတိုင်း ဒေတာတွေ ဆုံးရှုံးနေဆဲ။
မြန်မာနိုင်ငံ၏ စီးပွားရေးအပါအဝင် နယ်ပယ်အသီးသီးတို့၏ အခြေအနေက Industry 4.0 နှင့် အတော်မှပင် မျက်ခြေပျက်နေသည်ဟုသာ ဆိုရပေတော့မည်။ တိုင်းပြည်မှာ အခြေခံအဆောက်အအုံပိုင်း လိုအပ်ချက် မြင့်မားနေဆဲဖြစ်သကဲ့သို့ Digital Literacy ပိုင်းတွင်လည်း အသိဉာဏ်နုံနဲ့နေကြဆဲ။ သို့သော်လည်း ယင်းအချက်များကြောင့် Industry 4.0 နှင့် မြန်မာပြည်တို့၏ အထိအစပ်မှာ နောက်ကျလိမ့်မည်ဟု ကံသေကံမ မှတ်ယူ၍တော့ မရချေ။
Frog Leap ဆိုသည့် ခုန်ပျံကျော်လွှားရှေ့သို့ ထိုးတက်လာမှုအပိုင်းတွင် မြန်မာသည် အတွေ့အကြုံရှိထားပြီးဖြစ်လေသည်။ မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများသည် မြန်မာနိုင်ငံ၏ Frog Leap အခြေအနေတစ်ရပ်ဖြစ်သည်။
လုပ်သားအင်အား ထက်ဝက်ခန့် လျော့ချ၍ အကျိုးအမြတ်ပိုမိုရရှိလာနိုင်သည့် AI နည်းပညာခေတ်ကို ပြည်တွင်း စီးပွားရေးနယ်ပယ်ကြီးတစ်ခုလုံးကလည်း စောင့်မျှော်ငံ့လင့်နေကြမည်မှာ မလွဲဧကန်ပင်။ တကယ့် မေးခွန်းမှာ ယင်းအခြေအနေကို နိုင်နိုင်နင်းနင်းထိမ်းသိမ်းနိုင်စွမ်းရှိမရှိပင်ဖြစ်သည်။
မိမိတို့တိုင်းပြည်သည် ခေတ်နောက်ကျနေသည်မို့ ဤသို့သောနည်းပညာများဖြည့်ဆည်းရန် လိုအပ်ချက်များရှိနေသည်ဟု တွေးမြင်၍မရပါ။ ဦးဆောင်သူများ၏ အမျှော်အမြင်ကို ဆန့်ထုတ်နိုင်စွမ်း မြင့်မားရန်လိုအပ်လှသည်။ လျှပ်စစ်ဓာတ်အားကို လူထုထံ အရှုံးခံရောင်းချရမည် ဆိုသည့် အယူအဆမျိုးဖြင့် Industry 4.0 ထံ ရောက်နိုင်မည်မဟုတ်ချေ။

အားတက်ဖွယ် အခြေအနေကတော့ Private Company ကြီးတစ်ချို့တွင် အဆင့်မြင့်နည်းပညာရပ်များကို ကျကျနန အသုံးချမှုများရှိလာကြသည်ပင်။ သို့သော်လည်း အဓိကကျလှသည့် e-Government စနစ်ကြီးမှာမူ ခုချိန်ထိ အားရစရာ တစ်စိုးတစ်စိမျှ မရှိနေသေး။ လူထု၏ ဒစ်ဂျစ်တယ်အသုံးပြုမှုကလည်း Facebook အပါအဝင် Social Media အသုံးပြုမူကိုသာ လက်ညိုးထိုးပြစရာရှိနေသေး၏။
တိုင်းပြည်တစ်ပြည်ကောင်းစားစေရေးအတွက် ထက်မြက်ပြီး နယ်ပယ်အလိုက် ကျွမ်းကျင်ပိုင်နိုင်သည့် များရှိရေး၊ ကောင်းမွန်သည့် ပညာရေးစနစ်ရှိရေး၊ ခေတ်နှင့်လျော်ညီသည့် နည်းပညာများပိုင်ဆိုင်ထားရေးနှင့် ခိုင်မာပြီး ရေရှည်ကို မျှော်မှန်းချက်ထားသည့် မူဝါဒများချမှတ်နိုင်ရေးတို့မှာ အဓိကကျလှသည့် အချက်များဖြစ်ကြသည်။
ယင်းအချက်များမရှိပါက ရှေ့လာမည့် Industry 4.0 ခေတ်တွင် လက်ရှိ ခေတ်ကာလများထက် ပိုမိုရုန်းကန်ရနိုင်ရမည်။ အိမ်နီးချင်းတိုင်းပြည်များနှင့် ယခုထက်ပိုပြီး အရှိန်နှုန်းမြင့်မြင့်နှင့် ပြတ်ကျန်ခဲ့မည်။ နဲနဲနှင့် ကျဲကျဲဝိုင်းကြမည့် Industry 4.0 ခေတ်တွင် မလုပ်၊ မရှုပ်၊ မပြုတ်များနှင့် ခရီးဆက်၍ မရနိုင်တော့ပေ။
Industry 4.0 ခေတ်တွင် Specific Skills သီးသန့်ကျွမ်းကျင်ရုံမျှဖြင့် မလုံလောက်နိုင်။ နယ်ပယ်အလိုက် လိုအပ်ချက်များပြောင်းလဲလာမည်ဖြစ်ပြီး ကျွမ်းကျင်မှုပုံစုံများလည်း လိုက်ပါပြောင်းလဲလာဦးမည်ဖြစ်သည်။ ဥပမာပြောရမည်ဆိုလျှင် ခေတ်သစ်လုပ်ငန်းခွင်များတွင် ပညာရေးရမှတ်များ၊ ထောက်ခံစာများထက် အမှန်တကယ် ကျွမ်းကျင်တတ်ကျွမ်းမှု၊ လိုက်လျောညီထွေရှိမှုနှင့် ရလဒ်များက ပိုအရေးပါလာတော့မည့် သဘောပင်။
ဆိုရိုးတစ်ခုရှိသည်မဟုတ်ပါလား။ ငှက်ပျောသီးကျွေးလျှင် မျောက်တွေသာ လာမည်ဟူ၏။ Industry 4.0 ခေတ်တွင် မိမိတို့သည် မျောက်ဖြစ်မနေဖို့ လိုအပ်မည်ဖြစ်သည်။ ခေတ်ပြောင်းတွင် ပြောင်းလဲလာမည့် စနစ်များ၊ နည်းပညာများ၊ စီးပွားရေးလုပ်ငန်းများနှင့် နည်းပညာကြောင့် ပြောင်းလဲလာမည့် လူ့အဖွဲ့အစည်းများအားလုံးတွင် အံဝင်ခွင်ကျဖြစ်နေရန်လိုပေမည်။ မိမိတို့အနေဖြင့် အဆိုပါအခြေအနေများအတွက် အဆင်သင့်မဖြစ်ကြသေးသည်မှာ ငြင်းမရသေးသည့် အမှန်တရားဖြစ်နေလေသည်။
အိမ်နီးချင်း တိုင်းပြည် အသီးသီးတွင်တော့ 4.0 ဆိုသည့် ဆိုင်းဘုတ်ကြီးများ ထိုးထိုးထောင်ထောင် မြင်တွေ့နေကြရပြီ။ မိမိတို့တိုင်းပြည်တွင်တော့ လေလှိုင်းကြားတွင် လွင့်ပျံနေဆဲ စကားလုံးတစ်ခုသာ။ လက်ဆုပ်လက်ကိုင်ပြစရာ ဘာမှ မယ်မယ်ရရမရှိသေး။ ဒီမိုးဒီရေ ဒီလူတွေနှင့်တော့ မြန်မာ့ Industry 4.0 ရှာပုံတော် ခရီးသည် လှိုင်းလေ ကြမ်းဦးမည့်ပုံ။
မောင်မိုးဇွန်
6/12-July-2020
The Voice Weekly