ဒီမိုကရေစီဆိုလို့ပါ။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော် ဆိုတဲ့ စကားကို ကျွန်တော်တို့ ကြားခဲ့ရတာ ကြာခဲ့ပါပြီ။ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိခြင်းမရှိခြင်းထက် အမည်ခံ ဒီမိုကရေစီ အုပ်ချုပ်မှုစနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ အစိုးရတစ်ခုရဲ့ ၅ နှစ်တာ သက်တမ်းကိုလည်း ဖြတ်သန်းခဲ့ပြီးကြပြီ။ လူထုထောက်ခံမှုနဲ့ တက်လာပြီး လူထုနဲ့ ဝေးကွာလာတဲ့ အစိုးရသက်တမ်းလည်း ကုန်လုနီးပြီ။ လာမယ့် လပိုင်းလောက်ဆို နိုင်ငံရေးအာဏာအပေါ် သက်ရောက်မှုရှိမယ့် ရွေးကောက်ပွဲကြီးလည်း လာတော့မယ်။ ဆိုတော့ ကျွန်တော်တို့ဟာ ၁၀ နှစ်သား ဒီမိုကရေစီနိုင်ငံသားလေးတွေတော့ ဖြစ်လာကြပြီပေါ့။
ဒီတော့ ကျွန်တော်တို့ဟ ဒီမိုကရေစီစစ်စစ်ဆီကို ရောက်နေပါပြီလား။ ကျွန်တော်တို့နဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်တစ်ခုကို ဖော်ဆောင်နိုင်ပြီလား၊ ဒီမိုကရေစီနိုင်ငံတော်တစ်ခုကို ဖန်တီးနိုင်ပြီလား မေးခွန်းတွေရှိလာပါတယ်။ သေချာတာကတော့ အရွေ့တွေရှိနေသလို မရွေ့တာတွေလည်း မြင်နေရဆဲပါ။
နာမည်ကျော် ဒီမိုကရေစီရေးရာ ဂုရုကြီး Robert A Dahl က ဒီမိုကရေစီမှာ မရှိမဖြစ်လိုအပ်ချက် စံနှုန်း ၃ ချက်ရှိပါတယ်လို့ ဆိုပါတယ်။
အဲဒီစံနှုန်းတွေကတော့…
၁။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒီမိုကရက်တစ်အဖွဲ့အစည်းတွေကြားထဲမှာ အပြန်အလှန် ယုံကြည်မှုနဲ့ အလေးထားမှုရှိဖို့၊
၂။ ပြည်သူတွေဘက်ကလည်း ဒီမိုကရေစီရဲ့ သဘောသဘာဝတွေကို ယုံကြည်ဖို့နဲ့ နိုင်ငံရေးယဉ်ကျေးမှုရှိဖို့၊
၃။ မိမိတိုင်းပြည်ရဲ့ ဒီမိုကရေစီစနစ်ကို အဟန့်အတားပြုတဲ့ ပြည်ပနိုင်ငံကြီးများရဲ့ သြဇာသက်ရောက်မှုမရှိဖို့… ဆိုတဲ့ စံနှုန်းတွေ လိုအပ်ပါတယ်တဲ့။
ဒါ့အပြင် သူက ရှိရင် ပိုကောင်းမယ်လို့ ဆိုထားတဲ့ အချက် ၂ ချက်လည်း ရှိပါသေးတယ်။ အဲဒါတွေကတော့…
၁။ ခေတ်မှီတဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့ အားကောင်းတဲ့ လူမှုပတ်ဝန်းကျင်ရယ်၊
၂။ ယဉ်ကျေးမှုမတူညီတဲ့ လူမျိုးစုတွေအကြားကွဲပြားခြားနားမှုမရှိပဲ စုစုစည်းစည်းဖြစ်နေဖို့ ရယ်ပါ။
ဒီတော့ လက်ရှိ နိုင်ငံရေးကြေးမုံပြင်ကို ကျွန်တော်တို့ ဒီစံနှုန်းတွေနဲ့ ချိန်ညှိကြည့်ပါ။ ကျွန်တော်တို့ ဒီမိုကရေစီဆိုတာကို တကယ်ရနေပြီ တကယ်ခံစားနေရပြီလားဆိုတာပေါ့။ ကျွန်တော်တို့ကိုယ်တိုင်ကရော ဒီမိုကရစီနိုင်ငံကြီးသားတွေ တကယ်ဖြစ်နေကြပြီလားဆိုတာပေါ့။ ကျွန်တော်တို့ဟာ ဒီမိုကရေစီနိုင်ငံတော်ကြီးမှာ နေထိုင်နေကြတာ နိုင်ငံတော်ကြီးကို ဖန်တီးနေကြတာ ဟုတ်မဟုတ်ကိုရယ်ပေ့ါ။
ဘာကြောင့်လဲဆိုရင်တော့ အကြောင်းပြချက်က ရှင်းပါတယ်။ ကျွန်တော်တို့ဟာ State ကို တည်ဆောက်မှာလား Stateness ကို တည်ဆောက်မှာလား ဆိုတဲ့ မေးခွန်းကို အဖြေထုတ်ရတော့မှာမို့လို့ပါ။ State ဖြစ်ဖို့ Institutions တွေ၊ Stakeholders တွေနဲ့ Government လိုပါတယ်။ နိုင်ငံတော်ဆိုတာနဲ့ property rights၊ institutionalization နဲ့ redistribution တို့၊ income distribution တို့အပြင် တော်သင့်ကောင်းမွန်တဲ့ public goods တွေလည်းရှိရပါမယ်။ အဲဒါတွေကို ဖန်တီးပေးနိုင်ဖို့ နိုင်ငံတော် ဆိုတာ လိုအပ်လာတာပါ။ တည်ထောင်ကြရတာပါ။
တကယ်လို့ တစ်ဆင့်ထပ်မြှင့်ပြီး Stateness ဘက်ကို လှမ်းမယ်ဆိုရင်တော့ institution တွေကို အရည်အသွေးမြှင့်တင်ပြီး တကယ်ကို စွမ်းဆောင်ရည်မြင့်ကိုင်တွယ်နိုင်စွမ်းရှိတဲ့ အစိုးရမျိုးတွေ အုပ်ချုပ်ရေးယန္တရားတွေ တရားစီရင်ရေးစနစ်တွေနဲ့ ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံသားတွေပါ လိုအပ်လာပါပြီ။ ဒီလိုအပ်ချက်တွေ အားလုံးပြည့်စုံမှသာ Statness ကို ရောက်နိုင်ပါမယ်။ ကျွန်တော်တို့ Stateness ကို သွားဖို့ အခွင့်အရေးကို State အဆင့်ကနေ စတင်ဖန်တီးကြရမှာပါ။ အခုကျွန်တော်တို့ ဘယ်ကိုရောက်နေပြီလဲ … လက်ရှိအစိုးရပြောပြောနေတဲ့ ခေတ်မှီဖွံ့ဖြိုးပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ဆိုတာ Stateness ကို ဆိုလိုတာလို့ ထင်မိပါတယ်။
ခုချိန်မှာ ကျွန်တော်တို့ ‘ဒီခရီးကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲ’ ဆိုတာကို တိုင်းတာကြည့်ကြရမယ့် အချိန်ကို ရောက်နေပြီလား?
ဘယ်တော့ရောက်မလဲ ခန့်မှန်းကြည့်လို့ရပြီလား? ကိုယ်တိုင် ပါဝင်သင့်သည်များကို ပါဝင်ခဲ့ကြပြီလား? … ကိုယ်တိုင် ပြုပြင်ပြောင်းလဲသင့်သည်များကိုလည်း ပြောင်းလဲကြပြီးပြီလား?
ဒီမေးခွန်းလေးတွေကို ဖြေကြည့်နိုင်ပြီဆိုလျှင် ကျွန်တော်တို့ ဘယ်တော့ ရောက်ကြမယ်ဆိုသည်ကို ခန့်မှန်းနိုင်ကြပေမည်လား? အတွေးနယ်ချဲ့နေမိပြန်လေ၏။
မောင်မိုးဇွန်
၂၈၊ ဖေဖော်ဝါရီ၊ ၂၀၂၀
တောရေးတောင်ရေး