မင်းကွတ်သီး ရဲ့ အံ့အားသင့်ဖွယ်အချက် ၁၀ ချက်

ခုလို မိုးတစ်ဖြိုက်နှစ်ဖြိုက်ရွာပြီးကာစ ကာလမျိုးဟာ မင်းကွတ်သီးလေးတွေ ပေါပေါသီသီ ပေါ်ချိန်မျိုးပေါ့။ အရသာ ချိုချဉ်ချဉ်နဲ့ စားလို့သိပ်ကောင်းတဲ့ မင်းကွတ်သီးလေးတွေက မြန်မာပြည်မှာဆို လူကြိုက်များတဲ့ အသီးအနှံစာရင်းထဲ ပါတယ်လို့ ဆိုရမယ်။ မြန်မာ့ဓလေ့မှာတော့ အပူများတဲ့ ဒူးရင်းသီးကို စားပြီးချိန်မှာ မင်းကွတ်သီးစားပြီး ဖြေတတ်ကြတဲ့ ဓလေ့လေးရှိပါတယ်။ ဒီသစ်သီး ၂ မျိုးကလည်း ပေါ်ချိန်တူတယ်မဟုတ်လား။

မိုးဦးနဲ့မိုးလယ်ကာလတွေမှာ ရင့်မှည့်တတ်ကြတဲ့ မင်းကွတ်သီးလေးတွေဟာ ဒူးရင်းသီးတွေလိုပဲ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကနေ လှိုင်လှိုင်ထွက်ပါတယ်။ အခွံကမဲပြီး အတွင်းသားဖြူတဲ့ မင်းကွတ်သီးလေးတွေဟာ အရသာကောင်းသလောက် လူတွေအပေါ် ကျေးဇူးပြုတဲ့ အကျိုးတရားတွေလည်း များလှတဲ့ အသီးတစ်မျိုးပါ။

မင်းကွတ်သီး လေးတွေက လူတွေကို ဘယ်လို အကျိုးပြုလဲဆိုရင်တော့

၁။ အစွမ်းထက် Antioxidants ကြွယ်ဝခြင်း – မင်းကွတ်သီးမှာ ဗီတာမင် C နဲ့ ဖောလစ် အက်ဆစ်တွေအပြင် အစွမ်းထက်လှတဲ့ Antioxidants တွေလည်း ကြွယ်ကြွယ်ဝဝ ပါရှိပါတယ်။ အဆိုပါ Antioxidants တွေဟာ ကင်ဆာ၊ ဆီးချိုနဲ့ အိုမင်းရင့်ရော်ခြင်းတွေကို တားဆီးပေးနိုင်စွမ်းရှိတဲ့ အရာတွေပါ။

၂။ ကယ်လိုရီ နည်းပါးခြင်း – အရွယ်တော် မင်းကွတ်သီးတစ်လုံးရဲ့ ကယ်လိုရီ ပါဝင်မှုပမာဏဟာ ၆၃ ကယ်လိုရီ ဖြစ်ပါတယ်။ ဒီလို ကယ်လိုရီပါဝင်မှုနည်းပါးလှတာကြောင့် မင်းကွတ်သီးကို ကိုယ်အလေးချိန်လျှော့ချဖို့အတွက် မှီဝဲနိုင်ပါတယ်။

၃။ သွေးလည်ပတ်မှု အားကောင်းစေခြင်း – မင်းကွတ်သီးဟာ သွေးနီဥတွေကို အထောက်အကူပြုပေးတဲ့အတွက် သွေးအားနည်းရောဂါကို ကာကွယ်နိုင်သလို သွေးလွှတ်ကြောတွေထဲမှာသွေးလည်ပတ်မှု ချောမွေ့စေဖို့လည်း အထောက်အကူပြုပေးတဲ့ သစ်သီးတစ်မျိုးပါ။ သွေးတိုးမှာကိုလည်း ပူစရာမလိုပါဘူး။

၄။ ကိုလက်စထျော ပမာဏကို လျှော့ချပေးခြင်း –  ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက် နောက်ထပ် သတင်းကောင်းတစ်ခုပါ။ မင်းကွတ်သီးဟာ လူ့ခန္ဓာကိုယ်အတွင်းက ကိုလက်စထျော ပမာဏကို လျှော့ချပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒီအချက်က ကိုယ်အလေးချိန်လျှော့ချရေးမှာ အထောက်အကူဖြစ်စေသလို နှလုံးကျန်းမာရေးကိုလည်း အကျိုးပြုပါတယ်။

၅။ တီဘီ ဝေဒနာရှင်များအတွက် အထောက်အကူဖြစ်ခြင်း – TUBERCULOSIS လို့ ခေါ်တဲ့ တီဘီဝေဒနာခံစားနေရသူတွေဟာ မင်းကွတ်သီးကို ပုံမှန်မီဝဲပေးသင့်ပါတယ်။ မင်းကွတ်သီးမှာ အားကောင်းတဲ့ Antibacterial တွေနဲ့ Antifungal တွေပါဝင်နေတာမို့ အားနည်းနေတဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ရောဂါပိုးတွေရဲ့ အဆုတ်ကိုတိုက်ခိုက်နှုန်းကို လျှော့ချပေးနိုင်စွမ်းရှိနေတာပါ။

၆။ ဝက်ခြံ ပျောက်စေခြင်း – မင်းကွတ်သီးမှာ Antibacterial properties တွေနဲ့ Antimicrobial compounds တွေ ပါရှိနေပါတယ်။ ဒီအရာလေးတွေက မျက်နှာပေါ်မှာရှိတဲ့ အရေပြားပေါ်က ပြဿနာတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်သလို ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ အထူးသဖြင့် ဝက်ခြံပြဿနာကို ကောင်းကောင်းကိုင်တွယ်ပေးနိုင်စွမ်းရှိနေတာပါ။

၇။ ရေစီးကမ်းပြိုရောဂါကို သက်သာစေခြင်း – မင်းကွတ်သီးဟာ ခံတွင်းပြဿနာတွေကို ဖြေရှင်းပေးနိုင်ပြီး သွားဖုံးရောင်ရမ်းခြင်းနဲ့ ရေစီးကမ်းပြိုရောဂါတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

၈။ ဓမ္မတာ အကြိုဝေဒနာများကို လျှော့ချပေးခြင်း – အမျိုးသမီးများ ဓမ္မတာကာလမှာဖြစ်လေ့ဖြစ်ထရှိတဲ့ မူးဝေတာ၊ သွေးတိုးတာနဲ့ စိတ်အပြောင်းအလဲဖြစ်တတ်တာတွေကို မင်းကွတ်သီးစားပြီး တားဆီးနိုင်ပါတယ်။ မင်းကွတ်သီးတွေကို ရာသီချိန်မှာ ပုံမှန်စားပေးမယ်ဆိုရင် လစဉ်ကြုံတွေ့ရတတ်တဲ့ ဓမ္မတာကာလမှာ ပုံမှန်ထက်ပိုပြီး သက်သောင့်သက်သာ ရှိနေနိုင်မှာပါ။

၉။ အိုမင်းရင့်ရော်မှုကို တားဆီးပေးခြင်း – Antioxidants ကြွယ်ဝတဲ့ သစ်သီးဝလံတစ်မျိုးဖြစ်တာမို့ အိုမင်းရင့်ရော်မှုကိုဖြစ်စေနိုင်တဲ့ Free Radicals တွေကို ကောင်းကောင်းတိုက်ထုတ်နိုင်ပြီး အမြဲနုပျိုလန်းဆန်းနေအောင် မင်းကွတ်သီးက ကူညီပေးနိုင်ပါတယ်။

၁၀။ ဝမ်းဗိုက်ပြဿနာများကို လျှော့ချပေးနိုင်ခြင်း –  ဖိလစ်ပိုင်ဒေသခံတွေကတော့ ဗိုက်အောင့်၊ ဗိုက်နာ၊ ဝမ်းဖော၊ ဝမ်းရောင်နဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကြုံလာရတိုင်း မင်းကွတ်ပင်ရဲ့ အရွက်စားပေးလေ့ရှိကြပါတယ်။ သိပ္ပံနည်းကျ လေ့လာချက်တွေအရလည်း မင်းကွတ်သီးဟာ ဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါ၊ မှိုရောဂါနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို သက်သာစေတဲ့ အကျိုးကျေးဇူးရှိကြောင်း သိထားရတာပါ။

ကဲ ဒီလိုဆိုရင်တော့ မင်းကွတ်သီးရဲ့ အကျိုးကျေးဇူးတွေကို သိသွားလောက်ပြီထင်ပါတယ်။ အရသာရှိလှသလို ကျန်းမာရေးအတွက်လည်း တော်တော်လေးအထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးလို့ဆိုရမယ်။ ဒီတော့ ရာသီမကုန်ခင်လေး မင်းကွတ်သီးလေး ပြေးပြီး မီဝဲလိုက်ကြရအောင်လား …

ရေးသားသူ – ရဲဇွန်အောင်

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *