အာရှ၏ နောက်ဆုံး စားကျက်မြေ

လွန်ခဲ့သော သုံးနှစ် ဝန်းကျင်က မြန်မာနိုင်ငံသို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အစုလိုက်အပြုံလိုက် ဝင်လာမည်ဟု ပြောလျှင် မည်သူမှယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

သို့သော် ထိုအရာများသည် အမှန်တကယ်ဖြစ်လာနေသည်။ လက်ရှိ သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ နိုင်ငံ၏ ကျွယ်ဝလှသော သယံဇာတများ၊ နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှုများ ပယ်ဖျက်ပေးခဲ့ခြင်းများ၊ နိုင်ငံတကာနှင့် တက်ကြွစွာပိုမိုပူးပေါင်းဆာင်ရွက်လာမှုများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အလည်တွင် စိတ်ဝင်စားစရာနေရာတစ်ခုဖြစ်လာသည်။

အသစ်ပြင်ဆင်ပြဌာန်းလိုက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကလည်း အခွန်ကင်းလွတ်ခွင့်ကာလ(Tax Holiday) ၅ နှစ်ပေးခြင်းကဲ့သို့သော အခွင့်အရေးများကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ခဲ့သည်။

“ပြည်သူတွေမှာ အလုပ်အကိုင် တစ်ခုမရှိဘဲနဲ့တော့ သူတို့ရဲ့ လူနေမှုဘဝတိုးတက်ဖို့ မဖြစ်နိုင်ဘူး” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ခရီးစဉ်အတွင်း ကျိုဒိုသတင်းဌာနနှင့် အင်တာဗျုးတွင် ပြောကြားသည်။ ယင်းသည် အရေးပါသော အချက်တစ်ချက်ဖြစ်သည်။ နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းကြီးများဝင်ရောက်လာပါက အလုပ်အကိုင်အခွင့် အလမ်းများအပြင် စီးပွားရေးဖွံ့ဖြိုးမှုကိုပါရရှိမည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်တွင် ဂျပန်နိုင်ငံအခြေစိုက် နာမည်ကျော် ကုမ္ပဏီကြီးများကို ပြည်တွင်း၌လာရောက်လုပ်ကိုင်ရန် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့သည်။
ထို့အပြင် အဆိုပါ သမိုင်းဝင်ခရီးစဉ်အတွင်း အခြေခံအဆောက်အအုံ ကဏ္ဍများတွင် ကူညီပေးရန်လည်း သူမက ဂျပန်အစိုးရထံတောင်းဆိုခဲ့သည်။

သို့သော် လက်ရှိအခြေအနေတွင်မူ အခွင့်အလမ်းကောင်းများရှိနေသည် ဆိုသော်လည်း ပြည်ပမှဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံမှုများသည် သဘာဝသယံဇာတတူးဖော်ထုတ်လုပ်ရေးကဏ္ဍတွင်သို့သာ အဓိက ဦးတည်နေသည်။ ကုန်ထုတ်လုပ်ငန်းနှင့် အခြားလုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ နည်းပါးနေသေးသည်။

တရားဝင်ထုတ်ပြန်ထားသော စာရင်းဇယားများအရ ၂၀၁၂-၂၀၁၃ အထိ နိုင်ငံခြားမှတိုက်ရိုက်ရင်းနှီးမြှုပ်နှံထားသော ပမာဏစုစုပေါင်းမှာ ဒေါ်လာ ၄၂ ဘီလီယံကျော်ရှိသည်။

သို့သော် ဒေါ်လာ ၃၆ ဘီလီယံကျော်မှာ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများဖြစ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကြီးများ၊ ရေနံသဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ နှင့် သတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၈၆.၅၆ ရာခိုင်နှုန်းဖြစ်သည်။

ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ အိမ်ခြံမြေ၊ မွေးမြူရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေးဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်း နိုင်ငံခြားမှတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်သာရှိ ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ထွက်ရှိလာခဲ့သော်လည်း အများမျှော်လင့်ထားသကဲ့သို့ ကဏ္ဍပေါင်းစုံတွင် အင်တိုက်အားတိုက် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်းများမရှိသေးသကဲ့သို့ နိုင်ငံတကာမှ စက်ရုံအလုပ်ရုံကြီးများလည်း ဝင်ရောက်လာခြင်းမရှိသေးပေ။

ယင်းထဲမှ ပမာဏစုစုပေါင်းမှာ ဒေါ်လာ ၄၂ ဘီလီယံ ကျော်ရင်းနှီးမြှုပ်နှံထားသည်ဆိုသော်လည်း ၆ ဘီလီယံသာ လက်ရှိအစိုးရလက်ထက် နှစ်နှစ်ကျော်အတွင်း ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

အင်အားကြီးစီးပွားရေးလုပ်ငန်းကြီးများ ဝင်ရောက်လာခြင်းမရှိသေးသော်လည်း မထင်မှတ်ထားသောလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများရှိနေသည်။

CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများ၊ မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင်ခရီးသွားကဏ္ဍများတွင်ဖြစ်သည်။

“CMP စနစ်က ပြောင်းလွယ်ပြင်လွယ်ရှိတယ်၊ လုပ်ငန်းရှင်တွေအတွက် လည်းအဆင်ပြေတယ်၊ တစ်ခုအဆင်မပြေရင်အခြားတစ်ခုကို CMP စနစ်နဲ့ ထပ်လုပ်လို့ရတယ်၊ ” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေးက ဆိုသည်။

အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် CMP စနစ်အထည်ချုပ်လုပ်ငန်းအောင်မြင်နေသောနိုင်ငံဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပေါများစွာဖန်တီးနိုင်ခဲ့သည့်အပြင် နိုင်ငံ၏ GDP ကိုပါ တိုးတက်လာအောင်ဆောင်ရွက်နိုင်ခဲ့သည်။

လုပ်သားအရေအတွက်အများအပြား အသုံးပြုရရသော အဆိုပါ လုပ်ငန်းများသည် အခြေခံလူတန်းစားအတွက်အဆင်ပြေစေသော်လည်း တိုင်းပြည်အတွက်လိုအပ်နေသော အဆင့်မြင့်နည်းပညာရပ်များမရရှိနိုင်ပေ။

ပြည်တွင်း မိုဘိုင်းဆက်သွယ်ရေးကဏ္ဍသည်လည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားစရာ ကဏ္ဍတစ်ခုဖြစ်လာသည်။

နိုင်ငံ၏ လူဦးရေ သန်းခြောက်ဆယ်တွင် ၁၀ ရာခိုင်နှုန်းသာ မိုဘိုင်းတယ်လီဖုန်း သုံးစွဲနိုင်ခြင်းကြောင့် ဆက်သွယ်ရေးကဏ္ဍဖြေလျှော့မှုများမလုပ်ခင်ကပင် ကမ္ဘာကျော် ဆက်သွယ်ရေး ကုမ္ပဏီကြီးများက အပြိုင်အဆိုင်တိုးဝင်လာနေသည်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ဆက်သွယ်ရေးကဏ္ဍဖြေလျော့မှုတွေက အရေးပါလာပါလိမ့်မယ်” ဟု မြန်မာ့မိုဘိုင်းဆက်သွယ်ရေးကဏ္ဍတွင် ဝင်ရောက် ရင်းနီးမြှုပ်နှံမည့် သူဌေးကြီးဂျော့ဆိုးရောစ် က မှတ်ချက်ပြုသည်။

လက်ရှိ အချိန်တွင် ပြည်တွင်းကုမ္ပဏီများပါဝင်သော ဆန်ကာတင် ကုမ္ပဏီ ၁၂ ခုကိုရွေးချယ်ထားပြီး ဇွန်လအတွင်း အပြီးသတ် ကုမ္ပဏီ နှစ်ခု ရွေးချယ်သွားမည်ဖြစ်သည်။

ထို့ပြင် လက်ရှိတည်ဆောက်ရန်စိုင်းပြင်းနေသော အထူးစီးပွားရေးဇုန်များမှာလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် စိတ်ဝင်စားစရာဖြစ်သည်။

အထူးသဖြင့် မကြာမီအကောင်အထည်ဖော်စတင်တော့မည့် သီလဝါအထူးစီပွားရေးဇုန် စီမံကိန်းသည် ဂျပန်ရင်းနှီးမြှုပ်နှံသူများကို အဓိက ဆွဲဆောင်နိုင်ခဲ့သည်။
ထိုင်းနိုင်ငံ ကပြင်ဆင်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ ခန့် ကုန်ကျမည်ဖြစ်ပြီး အာရှ၏ ကုန်သွယ်ရေးလမ်းကြောင်းသစ်ဖြစ်လာမည်ဖြစ်သည်။

သို့သော် အဆိုပါ အထူးစီးပွားရေးဇုန်စီမံကိန်းများသည် ဥပဒေမထွက်ရှိသေးခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာနေဆဲဖြစ်သည်။

ရေရှည်တွင်ဖွံ့ဖြိုးလာနိုင်သော ဟိုတယ်လုပ်ငန်းသို့လည်း နိုင်ငံကာမှအလုံးအရင်းဝင်ရောက်လာနေသည်။ အဆိုပါ လုပ်ငန်းသည် အချိန်အတိုင်းအတာတစ်ခုအထိ ယူရမည်ဖြစ်သော်လည်း ရေရှည်အကျိုးအမြတ်သည် မက်မောစရာဖြစ်သည်။

ယင်းနှင့်အတူ ၂၀၁၂ ခုနှစ်အတွင်း ခရီးသည်ဝင်ရောက်မှု တိုးတက်လာခြင်းနှင့်အတူ ပြည်တွင်း၌ တည်းခိုစရာ အခန်းမလုံလောက်မခြင်း၊ အဆင့်မြင့်ဟိုတယ်ရှားပါးမှုများကြောင့် ပြည်ပနိုင်ငံများရှိ နိုင်ငံတကာ ဟိုတယ်လုပ်ငန်းစုကြီးများအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် မျက်စိကျစရာနေရာတစ်ခုဖြစ်လာသည်။

နိုင်ငံတကာ ပြည်ပခရီးသွားဝက်ဆိုက်များတွင် သွားရောက်လည်ပတ်ရန် သင့်လျော်သောဒေသအဖြစ် သတ်မှတ်ခံခဲ့ရခြင်းများကြောင့် ပြည်ပခရီးသွားများစိတ်ဝင်စားစရာ နေရာတစ်ခုဖြစ်လာခဲ့ပြီး ခရီးသည်ဝင်ရောက်မှုမှာလည်း စံချိန်တင်ခဲ့သည်။
Hoang Anh Gia Lai၊ Accor Hotel Group၊ ဟီလ်တန် အစရှိသော ကမ္ဘာကျော်ဟိုတယ်ကြီးများ လာရောက်ဆောက်လုပ်နေပြီဖြစ်သည်။

“ပြည်တွင်း ဟိုတယ်လုပ်ငန်းကဏ္ဍကို ကမ္ဘာကျော်ပြည်ပဟိုတယ်တွေ ဆက်တိုက်ဝင်ရောက်လာဖို့ရှိနေပါသေးတယ်” ဟု ဦးလှိုင်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းသို့ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၂ ခုနှစ်တွင်မူ ၂၀၁၁ ခုနှစ်ကထက် သုံးဆယ်ရာခိုင်နှုန်းအထိတိုးတက်ခဲ့ပြီး ပြည်ပခရီးသွားဧည့်သည် အရေအတွက် တစ်သန်းခြောက်သောင်း အထိ ဝင်ရောက်ခဲ့သည်။

သို့သော် မတင်မကျ ကချင်အရေး၊ မရေရာသေးသော ရခိုင် ပြဿနာနှင့် ဘာသာရေး ဆန်ဆန် ပဋိပက္ခများ စသည့် နိုင်ငံရေးမတည်ငြိမ်မှုများ ကြောင့် မြန်မာရင်းနှီးမြှုပ်နှံမှု စန်း သည် မည်သို့ဖြစ်လာမည်ကို မည်သူမျှမခန့်မျှမှန်းနိုင်သေးပေ။

နိုင်ငံတကာ စီးပွားရေးပညာရှင်များကမူ အဆိုပါပြဿနာများကြောင့် သယံဇာတပေါကျွယ်ဝသော မြန်မာနိုင်ငံအပေါ် နိုင်ငံတကာစိတ်ဝင်စားမှုလျှော့ကျစေလိမ်မည် မဟုတ်ဟု နိုင်ငံတကာစီးပွားရေးပညာရှင်အချို့က မှတ်ချက်ပြုကြသည်။

“အကြမ်းဖက်မှုတွေဟာ ရင်းနှီးမြှုပ်နှံသူတွေကို စိတ်ပျက်စေမှာမဟုတ်ပါဘူး။ ရခိုင်ဒေသဆိုရင် ရေနံ သဘာဝဓာတ်ငွေ့ကြွယ်ဝတဲ့အတွက် ဘယ်လိုပြဿနာမျိုးတွေပဲရှိနေပစေ စိတ်ဝင်စားမှုလျော့ကျမသွားပါဘူး” ဟု The Nation သတင်းစာကလည်း သုံးသပ်သည်။

ထို့အပြင်မြန်မာနိုင်ငံလက်ရှိ အဓိကရင်ဆိုင်နေရသော အခက်အခဲကိုဖော်ပြနေသည်။ လမ်း၊ တံတား၊ လျှပ်စစ်၊ အင်တာနက် ဆက်သွယ်ရေး အစရှိသောအခြေခံအဆောက်အအုံ မလုံလောက်မှုသည် တိုင်းပြည်၏ အဓိကပြဿနာဖြစ်သည်။

အဆိုပါ ပြဿနာသည် အချိန်အတိုင်းအတာတစ်ခုယူ၍ဖြေရှင်းရမည့်ပြဿနာဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မည်သည့် အခက်အခဲများရှိနေသည်ဖြစ်စေ မကြာမီပြေလည်သွားမည်ဖြစ်ကြောင်း တည်ငြိမ်သောစီးပွားရေး တိုးတက်မှုရရှိရန် အချိန်အတိုင်းအတာတစ်ခု ယူရမည်ဖြစ်ကြောင်း ပညာရှင်အချို့ကသုံးသပ်ကြသည်။

ထို့ကြောင့်ပင် လက်ရှိမြန်မာနိုင်ငံသည် အာရှတိုက်၏နောက်ဆုံးစီးပွားရေးဖွံ့ဖြိုးမည့်နေရာဟု စင်ကာပူမှ International Enterprise Singapore မှ တင်စားခဲ့ခြင်းဖြစ်သည်။

“စီးပွားရေးဖွံ့ဖြိုးဖို့ ဆိုရင် အတတ်ပညာပိုင်း နည်းပညာပိုင်း ကိုယ့်အတွက်ကျန်မယ့် လုပ်ငန်းတွေ အလုပ်အကိုင်အခွင့်အလမ်းတွေများများစားစားရှာဖွေပေးနိုင်မယ့် လုပ်ငန်းတွေ များများဝင်လာဖို့လိုတယ်။ သယံဇာတကြီးပဲ ထုတ်နေလို့မရဘူး”ဟု UMFCCI ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေးက မှတ်ချက်ပြုသည်။

ရဲဇွန်အောင်
အောက်တိုဘာ၊ ၂၀၁၃
The Voice Weekly

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *