“ဘာဟင်းရလဲ” ဆိုတဲ့ မေးသံကြောင့် ဒေါ်တူး တွေးလက်စ အတွေးတွေရပ်သွားတယ်။
“ထမင်းဖြူနဲ့ ချဉ်ပေါင်ကျော်ပဲ ကျန်တော့တယ်၊ ကလေး” လို့ ဒေါ်တူးတစ်ယောက် ကမန်းကတန်းဖြေလိုက်ရတယ်။ ဟင်းလာဝယ်တဲ့ ကောင်လေးက သူ့ကို အထူးအဆန်းဟန်နဲ့ ပြူးတူးပြဲတဲပြန်ကြည့်နေတာ မြင်လိုက်ရတော့ …
“ဟင်းသီးဟင်းရွက်ဈေးတွေတက်လို့ ဟေ့ … ဟင်းတောင် မတင်နိုင်တော့ဘူး။ နောက်နေ့ဆို ဆိုင်တောင် ထွက်ချင်မှ ထွက်မှာ” လို့ စောင့်အောင့်ပြီးပြောလိုက်တယ်။ ဟိုဘက်လမ်း သံရည်ကြိုစက်မှာလုပ်တဲ့ ကောင်လေးခမျာမှာတော့ အူလည်လည်ပုံနဲ့ ချဉ်ပေါင်ကျော် ၁၀၀ ဖိုးနဲ့ ထမင်းဖြူ ၂ ထုပ်ဝယ်ပြီး ပြန်သွားလေရဲ့။
ဒီတော့မှပဲ ဒေါ်တူးလည်း သူ့တွေးလက်စ အတွေးကို ပြန်ဆက်ရတယ်။ မနေ့ကညနေပိုင်းဈေးသွားကတည်းက ကြက်သွန်ဈေးက တစ်ပိဿာ ၃၀၀၀၊ ၃၅၀၀ အထိ တက်နေတယ်။ အသားဟင်းတွေ ချက်ဖို့ အဆင်မပြေနိုင်ဘူး။ ကြက်သားတစ်ဆယ်သားမှ ၄၀၀ လောက်ရှိတာ၊ ကြက်သွန်ဈေးက ကြက်သားဈေးနီးပါးဖြစ်နေပြီ။ ဒါတောင် ဈေးသည်တွေပြောတာ ကြက်သွန်က ဆက်တက်ဦးမယ်ဆိုပဲ။
ဒန့်ဒလွန်သီးတစ်ချောင်း ၄၀၀၊ ဒီဈေးနဲ့ သီးစုံဟင်းချက်လို့မကိုက်ဘူး။ ကန်စွန်းရွက်တစ်စီး ၃၀၀ ကန်စွန်းရွက်ကြော်လည်း မဖြစ်နိုင်တော့ဘူး။ ဆိုင်က မထွက်လို့မဖြစ်လို့သာ လက်ကျန်ကြက်သွန်လေးမဖြစ်စလောက်ထည့်လို့ ချဉ်ပေါင်ကြော်လေးတောင် ကြော်ရောင်းလိုက်ရတာ။ ဒါတောင် ကြက်သွန်က ဟိုဘက်လမ်းက နိဗ္ဗာန်ဈေးတုန်းက နိဗ္ဗာန်ဈေးတိုးရင်းရထားတာလေး။ ကြက်သွန်တွေ ဈေးတက်နေချိန်မှာ ကြက်သွန်တစ်ဆယ်သားထုပ်လေးတွေ လှူတယ်ဆိုတာ တော်တော်ကျေးဇူးတင်စရာ။

ဟင်းသီးဟင်းရွက်က ဒီဈေးတွေနဲ့ဆို နက်ဖြန်ဆိုင်ထွက်ဖို့တောင် မသေချာဘူး။ ဒေါ်တူးက နဂိုကမှ ကိုယ်တိုင်ကလည်း မုဆိုးမ၊ တစ်ကိုယ်တည်း တခြားစီးပွားကလည်း မလုပ်တတ်လို့ အိမ်ရှေ့ဆိုင်လေးထုတ်ပြီး ဟင်းလေး ၃၊ ၄ မျိုးတင်းရောင်းနေရတဲ့သူ။ လာဝယ်စားနေရတဲ့သူတွေကလည်း အိမ်နားက စက်မှုဇုန်ထဲက နေ့စားအလုပ်သမားလေးတွေ။ ၅၀၊ ၁၀၀ လောက် ဈေးတက်ရင်တောင် ဝယ်မစားနိုင်တဲ့သူတွေ။ ထမင်း ၂၀၀ ဖိုး၊ ဟင်း ၂၀၀ ဖိုးလောက်နဲ့ တစ်နပ်စာပြီးနေသူတွေ။
ခုလို စားသောက်ကုန်တွေ ဈေးတက်နေပုံနဲ့ နောက်နေ့တွေ ဆိုင်မထွက်ဖြစ်ရင် ဘာဆက်လုပ်ရမလဲ သူတွေးပူနေမိပြန်တယ်။ ဆိုင်ခဏပိတ်တာက ပြဿနာမဟုတ်ဘူး။ သူ့ဆီလာဝယ်စားနေကျ ကောင်လေးတွေလည်း တခြားဆိုင်မှာသွားဝယ်ပြီး နောက်အဆင်ပြေလို့ သူပြန်ထွက်တဲ့အချိန်ကျရင် လာပြန်မဝယ်ကျမှာလည်း စိုးရိမ်မိနေရသေး။
ဒါပေမယ့်လည်း ဆိုင်ပိတ်တာက သူတစ်ယောက်တည်တော့မဟုတ်။ လမ်းထိပ်က မုန့်ဟင်းခါးရောင်းတဲ့ မချိုလည်း မထွက်တာ ၂ ရက်လောက်ရှိနေပြီ ကြက်သွန်ဈေးတက်တော့ မကိုက်လို့တဲ့။ မနေ့က ဈေးသွားတုန်းကတောင် စံပါယ်လမ်းဘက်က အပေါင်ဆိုင်မှာ တွေ့လိုက်သေးတယ်။ သူ့မလဲ အရက်သမားမယားဆိုတော့ လင်ဆိုးမယား တဖားဖားလေ။ ကလေး ၃ ယောက်နဲ့ ငမူးကို ဒီဆိုင်လေးနဲ့ ရှာဖွေကြွေးနေရတာ။ ပြန်မဖွင့်နိင်ရင်တော့ ဒုက္ခလို့ သူများသွားတွေးပူပေးမိနေသေး။
နောက်ပြီး ဆိုင်မှာ ထမင်းလာဝယ်တဲ့ ကောင်လေးတွေပြောတာတော့ လက်ဖက်ရည်ဆိုင်တွေမှာလည်း စမူဆာမရောင်းတော့ဘူးတဲ့။ ဒီလိုဆိုရင်တော့ ညနေဘက် စမူဆာသေးသေးလေးတွေ ဗယာကြော်သေးသေးလေးတွေ လုပ်ရောင်းတဲ့ ကိုမူတူးကြီးလည်း ထွက်နိုင်မယ်မထင်။
ဒီကြားထဲ လမ်းထဲကုန်စုံဆိုင်ဖွင့်ထားတဲ့ ဒေါ်ခင်မေဦးတို့တောင် ကုန်ခြောက်လေးတွေ သိပ်မတင်တော့ဘူး။ အသင့်စားမုန့်ထုပ်တွေနဲ့ အချိုရည်တွေ၊ ကော်ဖီမစ်တွေပဲရောင်းတော့တယ်။ မကိုက်လို့တဲ့။ သူတို့လို နေနိုင်စားနိုင်တဲ့လူတွေတောင်မှ ဈေးတွေတက်တာကို ညည်းညည်းပြနေကြတယ်ဆိုတော့ ဒေါ်တူးတို့လို လူမျိုးတွေဆို ပိုတောင်ခက်ခဲနေသေး။
ဈေးထိပ်မှ သတင်းစ ဂျာနယ်တွေ ရောင်းတဲ့ ကိုမင်းလွင်တို့ အကြွေးတွေ ပတ်လည်ဝိုင်းနေလို့ဆိုလားပဲ လင်မယားလည်း တလောလေးကတင် ညကြီးမင်းကြီး အိမ်ပြောင်းပြေးသွားပြီ။ သားထောက်သမီးခံမရှိရတဲ့အထဲ ကိုမင်းလွင်ကြီးကလည်း ကျန်းမာရေးကချူခြာ၊ အဆင်ပြေမလားလို့ ဖွင့်ထားတဲ့ သတင်းစာဆိုင်လေးကလည်း တဖြည်းဖြည်းဝယ်သူ ပါးလာသလို သတင်းစာဂျာနယ်တွေကလည်း ဈေးတွေတက်ချက်။ ဒီတော့ အကြွေးပတ်လည် မဝိုင်းခံနိုင်မလား။ လွန်ခဲ့တဲ့ တစ်နှစ် ၁ နှစ်လောက် သတင်းစာတစ်စောင် ၂၀၀ ခု ၃၀၀ ဖြစ်သွားပြီ။ ဒါတောင် မကိုက်လို့ဆိုလား ပိတ်ကုန်ကြတာတွေက ရှိသေး။
စဉ်းစားရင်း အချိန်ကို တစ်ချက်ကြည့်လိုက်တော့ ညနေ ၃ နာရီတောင်ရှိနေပြီ။ ရောင်းလက်စလက်ကျန်ထမင်းအိုးထဲက ထမင်းအကျန်တွေကို ဇလုံထဲ လှယ်ထည့်ပြီး အိုးကိုဆေးဖို့လုပ်တယ်။ ပုံမှန်ဆို အိုးတွေဆေးပြီးရင် ရေမိုးချိုးပြီးရင် နောက်တစ်နေ့ဆိုင်ထွက်ဖို့ ဈေးသွားနေကျ။ ခုတော့ ဘာမှလုပ်စရာမရှိတော့။
လက်ထဲကျန်တဲ့ ပိုက်ဆံ ၄၀၀၀ နဲ့ ဈေးဖိုးကလည်း မလောက်။ နောက်တစ်ရက် ၂ ရက်လောက်တော့ ခြွေတာစားလို့ရသေးတယ်။ အသီးအရွက်လေးဈေးပြန်ကျရင်တော့ ဆိုင်ပြန်ထွက်မယ်လို့ သူစဉ်းစားနေတယ်။ လောလောဆယ်တော့ အိမ်က ထမီ ၂ ထည်လောက် ဈေးထဲက အပေါင်ဆိုင်မှာသွားထားထားမှဖြစ်မယ်။ လိုရမယ်ရပေါ့။

ဒေါ်တူး အိုးဆေးနေတုန်း။ မချို အိမ်ထဲဝင်လာတာတွေ့လိုက်ရတယ်။
“မချို ဆိုင်မထွက်တော့ဘူးဆို။”
“ဟုတ်တယ်။ ဒေါ်လေး။ ကြက်သွန်တွေ ဈေးတက်တော့ မကိုက်တော့လို့ မထွက်နိုင်ဘူး။ အိမ်စရိတ်အတွက်ကတော့ အကြီးကောင်လေးကို ကိုသိန်းဝင်းတို့နဲ့ ပန်းရံလိုက်ဆင်းခိုင်းထားတယ်။ လူကြမ်းပေါ့။ အခုက ဒေါ်လေးကို မေးစရာရှိလို့လာတာ”
“အေးပြောလေ”
“ဒေါ်လေး အိမ်ရောင်းမလား”
မချိုစကားကြောင့် ဒေါ်တူး ခေါင်းဆတ်ခနဲ့ မော့သွားတယ်။
“ငါ့အိမ်အစုတ်ကို ဘယ်သူဝယ်မှာမို့လို့တုန်း။ ငါတို့နေရာကလည်း လမ်းထဲကမှမဟုတ်တာ။ လမ်းထိပ်က မြေကွက်လွတ်ကြီးမှာ ငါ့ယောင်္ကျားရှိစဉ်ကတည်းက အိမ်လေးဆောက်ပြီး လာနေနေတာလေ။ မီးမရှိ ရေမရှိ ဂရံမရှိနဲ့ ရောင်းလို့လည်းရမယ်မထင်ပါဘူး”
“အာ အခုဝယ်ချင်တဲ့ လူတွေက ဒီလမ်းထဲက အိမ်တွေကိုမဝယ်ဘူး။ ဒေါ်တူးတို့နားက ကျုးကျော်လေးတွေကို အကုန်ရသလောက်လိုက်ဝယ်နေတာ။ ဘာမှမရှိလည်း ပြဿနာမရှိဘူးတဲ့။ ဒေါ်လေးသာ ရောင်းချင်ရင်ပြော။ ဒေါ်လေးအကွက်ဆို သိန်း ၅၀ လောက်ပေးမှာ။”
“သိန်း ၅၀” ဒေါ်တူး မျက်လုံးကြီးပြူးပြီး ထအော်မိလိုက်တယ်။
ဒီလိုနဲ့ မချိုပြန်သွားတော့ ဒေါ်တူးစဉ်းစားနေမိတယ်။ အိမ်ရောင်းလို့ရရင် ဘာတွေလုပ်မယ်ပေ့ါ။ ဘယ်လိုတွေ သုံးမလဲပေါ့လေ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ရန်ကုန်ကိုစရောက်ကတည်းက သူမရောက်ဖူးသေးတဲ့ ရွှေတိဂုံဘုရားလည်း သွားချင်သေးတယ်။ ပြီးရင် ဓမ္မာရုံကားမှတ်တိုင်နားက ဒံပေါက်ဆိုင်မှာ ဒံပေါက်လေးလည်း အဝပြေးစားလိုက်ချင်သေးတယ်။
ဒေါ်တူးတစ်ယောက် အတွေးတွေနဲ့ ပျော်နေလိုက်တာဆိုတာ အဲ့ညက ပိုက်ဆံထုတ်ကြီးနဲ့ ကုလားကားထဲကလို ပတ်ကနေတယ်လို့ အိပ်မက်တောင်မက်တယ်။
နောက်နေ့ကျ မချိုကိုပြောပြီး ဝယ်လက်တွေနဲ့ တွေ့တယ်။ ဒေါ်တူးက လည်တယ်လေ။ ဟိုဘက်က လိုချင်တာသိနေတော့ မဝံ့မရဲလေးနဲ့ သိန်း ၆၀ တောင်းတယ်။ ဝယ်လက်ကလည်း ဂရံမရှိ ဘာမရှိ ပိုင်ဆိုင်မှုမရှိတာကြောင့် နည်းနည်းခက်တယ်လို့ပြောတယ်။
“အန်တီတို့က ပိုင်ဆိုင်မှု အထောက်အထားမရှိတော့ ခုချိန်မရောင်းလဲ တော်ကြာ သက်ဆိုင်ရာက ကျုးကျော်ဆိုပြီး လာသိမ်းသွားမှ နေစရာပါ ခက်ခဲသွားမှာ။ ၁၀၀ နဲ့ပဲထားလိုက်ပါ အန်တီရယ်”
လာစကားပြောတဲ့ကောင်မလေးရဲ့ ချော့တခါချောက်တလှည့်စကားတွေကြောင့်ပဲ ဒေါ်တူးလည်း သိန်း ၅၀ နဲ့ပဲ ရောင်းဖြစ်သွားတယ်။ နောက်တနေ့ကျတော့ ဒေါ်တူးတစ်ယောက် ပိုက်ဆံထုတ်ပိုက်ပြီး ပြုံးပျော်နေတာကို မြင်နေရတာပါပဲ။
နောက်တော့ ဒေါ်တူးတယောက် ဃ ရပ်ကွက်က ဘက်က အခန်းတွဲလေးမှာ တစ်လ ၂ သောင်းနဲ့ သွားငှားပြီးနေတယ်။ အကြွေးတွေ ပတ်ဆပ်၊ အပေါင်ဆိုင်က ပစ္စည်းလေးတွေ ရွေးတန်တာရွေးပေါ့။ နောက်တော့ ငွေရင်းလေးနဲ့ ဈေးထဲ ထမင်းသွားရောင်းတယ်။ အဆင်မပြေပါဘူး။ ဈေးလမ်းမက လူတွေက သူတို့ အိမ်ရှေ့ဈေးလာရောင်းရင် လခတောင်းတယ်လေ။ အံမယ် တစ်လ နှစ်လလောက်နဲ့ ငှားမရဘူး။ ၆ လ တစ်နှစ်စာ ကြိုပေးရတာ။
အစကတော့ ၆ လ စာပေးပြီး ရောင်းတာပါပဲ။ ဒါပေမယ့်လည်း မလုပ်တတ် မကိုင်တတ်တော့ ဒေါ်တူးတစ်ယောက် ဆိုင်ပိတ်လိုက်ရလေရဲ့။ ဒီကြားထဲ အစုအစပ်နဲ့ အသေးစားချေးငွေတွေချေးလို့ ဝင်ချေးလိုက်ပါတယ်။ ကိုယ့်အဖွဲ့ထဲက တစ်ယောက်က ပိုက်ဆံတွေ မပေးပဲ ထွက်ပြေးလို့ ဒေါ်တူးအပါအဝင် ကျန်တဲ့သူတွေက ကြားကစိုက်လိုက်ရပါပြန်ရော။

နောက်တော့ ဒေါ်တူးလည်း ဘာလုပ်ရမှန်းမသိတော့ ရှိတဲ့ ပိုက်ဆံလေးနဲ့ ကြုံရာကျပန်းလုပ်၊ ရာသီစာလေးတွေရောင်းရင်း စားသောက်နေရတာပါပဲ။ ငှားနေတဲ့နေရာကလည်း လမ်းကြားထဲမှာ ဆောက်ထားတဲ့ အခန်းတွဲဆိုတော့ အိမ်ရှေ့မှာ ထမင်းဆိုင်ပြန်ဖွင့်ဖို့ကလည်း အဆင်မပြေဘူးလေ။ အသက်ကလည်းလာပြီဆိုတော့ အလုပ်က ရှာရခက်လာတယ်။ အိမ်လခနဲ့ လက်ကျန် ပိုက်ဆံလေးကုန်သွားရင်ဆိုပြီးလည်း ပူနေရသေးတယ်မဟုတ်လား။
တစ်နှစ် လောက်နေတော့ ဒေါ်တူးတို့ အရင်နေခဲ့တဲ့ လမ်းဘက်မှာ စင်တင်ဆိုလား စားသောက်ဆိုင်ဆိုလား ဖွင့်မယ်ဆိုပြီး ကြားမိတယ်။ သန့်ရှင်းရေးတို့ လုံခြုံရေးတို့ စားဖိုဆောင်အကူတို့ ခေါ်နေတယ်လို့ကြားတော့ ဒေါ်တူးလည်း သွားစုံစမ်းတာပေါ့။
အရင် ဒေါ်တူးတို့ အိမ်တန်းပြွတ်ပြွတ်သိပ်သိပ်လေးတွေ တန်းစီရှိခဲ့တဲ့ ဒီနေရာက ခုတော့ ဂိုထောင်ကြီးလို အဆောက်အအုံကြီး ဟီးဟီးထလို့။ အပျောက်တွေ အမွှန်းတွေနဲ့။ ကောင်မလေး လှလှလေးတွေလည်း အများကြီးတွေ့ခဲ့သေးတယ်။ သူတို့လည်း အလုပ်လာလျှောက်တာလားမသိဘူးလို့ ဒေါ်တူးတွေးနေမိတယ်။ အမယ် မချိုနဲ့ ဒေါ်ဌေးဌေးကြည်တောင် တွေ့မိသေး။ သူတို့လည်း အလုပ်လာစုံစမ်းတယ် ထင်ပါ့။
ဂိတ်ပေါက်က လုံခြုံရေးတစ်ယောက်က လိုအပ်တာတွေရေးမှတ်ထားတဲ့ စာရွက်လေးကို ဖောင်ဖြည့်ခိုင်းတယ်။ ခဏနေ ခေါ်လိုက်မယ်ဆိုလို့ မတွေ့တာကြာပြီဖြစ်တဲ့ မချိုတို့နဲ့ စကားစမြည်ပြောရင်း အဆောက်အအုံကြီးရဲ့ အရှေ့နားမှာ ကပ်ဖွင့်ထားတဲ့ အအေးဆိုင်လေးမှာ ခဏထိုင်ဖြစ်ကြတယ်။ ဒီဆိုင်နေရာလေးရဲ့ နောက်တည့်တည့်က နေရာက အရင်က မချိုတို့ အိမ်နေရာလေ။

“ဒီနေရာကြီးကို တစ်လကို သိန်း ၁၀၀ ဆိုလားနဲ့ ငှားလိုက်တာတဲ့။”
ရုတ်တရက် မချိုပြောလိုက်တဲ့ စကားကြောင့် ဒေါ်တူး ပါးစပ်ကလေး အဟောင်းသားဖြစ်သွားတယ်။
“ဘယ်လို။ တစ်လကို သိန်း ၁၀၀ ဟုတ်လား”
ဒေါ်တူး အံ့သြတကြီးနဲ့ ထအော်လိုက်မိတယ်။ သူ့အသံက နည်းနည်းကျယ်သွားမှန်း သတိထားမိပြီး ရှက်တော့ ရှက်မိသေး။ ပြီးတော့ သူစဉ်းစားနေမိတယ်။ သိန်း ၅၀ ပဲ တန်တဲ့ ငါ့အိမ်လေးကို တစ်လ သိန်း ၁၀၀ တောင်ပေးပြီး ငှားတယ်ဆိုတော့ ချမ်းသာလိုက်ကြတာဆိုပြီးတော့လေ။ နောက်တော့ သူတို့ဒီလို အဆောက်အအုံကြီးဆောက်ထားတော့ စည်ပင်ကကျူးကျော်ဆိုပြီး လာနှင်ချမှ မကြောက်ဘူးလား မသိဘူးဆိုပြီး သနားမိနေသေး။ အဲလိုသာ လာနှင်ချရင် ကောင်မလေးတွေတော့ အလုပ်မရှိဖြစ်ကုန်တော့မှာပဲဆိုပြီး ကလေးမတွေအတွက်လည်း ပူမိသေးရဲ့။
နာရီဝက်လောက်ကြာတော့ လုံခြုံရေးဝန်ထမ်းကြီးက လာခေါ်ပြီး မန်နေဂျာနဲ့တွေ့ခိုင်းတယ်။ ဖြူဖြူလှလှ ခပ်ငယ်ငယ်နဲ့ မြန်မာစကားသိပ်သိပ်မပီတဲ့ ကောင်မလေးက စကားတစ်ခွန်း ၂ ခွန်းမေးပြီး ဒေါ်တူးကို တနင်္လာနေ့ အလုပ်လာဆင်းဖို့ မှာလိုက်တယ်။ တစ်လ ၈ သောင်းနဲ့တဲ့။ ဒေါ်တူးဖြင့် ပျော်လိုက်တာဆိုတာ။
အဆောင်ကြီးထဲက ပြန်ထွက်လာတော့ ဒေါ်တူးတစ်ယောက် သူ့ တဲအိမ်ယိုင်နဲ့နဲ့လေး ရှိခဲ့ဖူးတဲ့ နေရာလေးကို မှန်းပြီး ကြည့်မိတယ်။ ဘယ်နားလောက်ဖြစ်မလဲပေါ့။ သူ့ ထမင်းဆိုင်လေးနဲ့ ယိုင်နဲ့နဲ့ အိမ်လေးလည်း မရှိတော့ပြီ။
လမ်းထဲကထွက်လာတော့ ဂျက်ကီတို့ ကျန်ကျောင်းတို့ ဒေါ်တူးကို မမှတ်မိကြသလိုမျိုး ထိုးဟောင်ကျတယ်။ ပျော်နေတဲ့ ဒေါ်တူးက ဒေါ်ခင်မေဦးတို့ဆိုင်ကနေ ကိတ်မုန့်တစ်လုံး ဝယ်ပြီး ပစ်ကျွေးလိုက်တေ့ အမြီးတနံ့နံ့နဲ့ ငြိမ်လို့။ အိမ်ရောက်ရင် ထမင်းအိုးတည်ရဦးမှာမို့ ဒေါ်တူးတယောက် အသုတ်ကရက် ပြန်ရတယ်။
ခုဆို သူ့မှာ အလုပ်နဲ့ အကိုင်နဲ့ ဖြစ်ပြီမဟုတ်လား။ တန်းလျားကိုရောက်တော့ ဘေးအခန်းက ကိုကြီးမြင့်ကမေးတယ်။ “မတူး ပြုံးလို့ရွှင်လို့ပါလား။ အဆင်ပြေခဲ့လားဗျ” တဲ့။
ဒေါ်တူး ဘာပြန်ပြောတယ်မှတ်လဲ။ “ဟဲ့ ငါက ခုဆို ငါ့အိမ်မှာ အလုပ်ပြန်ရပြီဟဲ့” တဲ့။ ပြောရင်းဆိုရင် ဒေါ်တူးတစ်ယောက် ပြုံးပြုံးကြီး အခန်းထဲ ဝင်သွားလေရဲ့။
ကိုကြီးမြင့်တစ်ယောက်သာ အူလည်လည်နဲ့ ခေါင်းကုတ်ပြီး ကျန်ခဲ့တယ်။
မာဖီယိုဆို
၁၄၊ ဒီဇင်ဘာ၊ ၂၀၁၉