ကြယ် ကြည့် သူ

သူ ထမင်းစားပွဲရှေ့က ခုံမှာ ခနထိုင်လိုက်သည်။ နောက်တော့ ဘေးနားက ရေခဲသေတ္တာအဟောင်းလေးကို ကောက်ဖွင့်ပြီး ရေတစ်ဘူးယူသောက်လိုက်၏။ Mogu (ဂျယ်လီအချိုရည်) ဘူး ခပ်သေးသေးတွေထဲထည့်ထားသည့် အမေ့ရဲ့ ရေခဲရေ ခပ်အေးအေးက တချက်တချက် သောက်ရတာ သိပ်မဝ။

ဒုတိယမြောက်ရေဘူးကို အငမ်းမရသောက်ပြီးနောက် နံဘေးနံရံပေါ်က နာရီကို သူလှမ်းကြည့်လိုက်မိသည်။ နာရီလက်တံသည် ၁၀ နာရီနှင့် ၁၂ မိနစ်ကို ညွှန်ပြနေသည်။ “အော် မိုးတောင် အတော်ချုပ်ပါပေါ့လား” လို့ သူတွေးမိသည်။

တစ်ဖက်အိမ်က လွင့်ပြန်လာသည့် Myanmar Idols တီးလုံးသံသဲ့သဲ့ကိုလည်း ကြားလိုက်ရတော့မှ ဒီနေ့ သောကြာနေ့ဖြစ်မှန်း သူသတိထားမိသွားသည်။

အချိန်ကာလတွေ နေ့ရက် သတ်မှတ်ချက်တွေကို သူသတိမထားခဲ့မိတာ ကြာလေပြီ။ သူဝန်ထမ်းလောကကို စွန့်ခွာပြီးကတည်းက စာပေရေးသားခြင်းဖြင့် အသက်မွေးဖို့ ရည်ရွယ်ခဲ့သည်။ သူ စာရေးမည်။ ဒီအလုပ်ဖြင့် ဝင်ငွေရှာမည်။ မိခင်ဖြစ်သူကို ဒီအလုပ်ဖြင့်ရှာကျွေးမည်။ တချို့သော စိတ်ကူးယဉ် အိပ်မက်များသည် လက်တွေ့ဘဝနှင့် ထပ်တူကျဖို့မဆိုထားနှင့် နီးနီးစပ်စပ်ပင်မရှိတတ်လှပါ။

ဝါသနာအရ ဆောင်းပါးလေးတွေရေးနေသည့် လူငယ်လေးတစ်ယောက်၏ အိပ်မက်များသည် ထင်သလောက်တော့ မလွယ်ကူလှကြောင်း သူတဖြည်းဖြည်းနားလည်သဘောပေါက်လာခဲ့သည်။ နည်းပညာလောကကြောင်းကို အဓိကရေးသားတင်ဆက်သည့် သူ၏စာများအပေါ် လူစိတ်ဝင်စားမှုကနည်းသည်။ ပုံနှိပ်မီဒီယာတွေ ခေတ်ပျက်နေသည့်ကာလမှာ နိုင်ငံရေးအကြောင်းမပါသည့် သူ့စာများကို အများစုက မထည့်ချင်ကြ။

နေ့စဉ်ရက်ဆက် ဆောင်းပါးတွေရေးသည်။ သတင်းစာတိုက်တွေဆီ Email တွေပို့သည်။ အင်တာနက်ဆိုတာ Facebook လို့ ထင်နေကြသည့် ခေတ်ထဲမှာ တစ်ချို့က Email တောင်မစစ်ကြ။ သူနေ့စဉ် သတင်းစာတွေဂျာနယ်တွေ ဝယ်ကာစောင့်ဖတ်သည်။ သူ့စာလေးတွေပါလိုပါငြား။ ငွေကုန်သည်သာ အဖတ်တင်သည်။ တစ်ချို့တိုက်တွေကတော့ဖြင့် ထည့်ကျသည်။ သို့သော်နယ်က မီဒီယာတွေမို့ ပုဒ်ရေများမှ စာမူခပေါင်းပို့ပေးမည်ဆိုကြသည်။

“ဟာ” ခနဲ တက်ညီလက်ညီ အသံတွေက သူတို့ ရပ်ကွက်လေးထဲ ဆူသွားသည်။ ရုတ်တရက် မီးပြတ်သွားသည်မို့ သူလဲ ထိုင်ရာက မထချင်ထချင်နှင့် ထလိုက်သည်။ တစ်အိမ်လုံးမှောင်သွားပြီမို့ အတွေးစကိုဖြတ်ကာ တရုပ်ဘက်ထရီမီးချောင်းလေးကို ထွန်းရင်း နောက်ဖေးခန်းကနေ ထွက်လာခဲ့သည်။

အိမ်ရှေ့ကို လှမ်းငေးတော့ အိမ်အပြင်ဘက်သည် မှောင်နေသည်။ သို့သော် ပိန်းပိတ်အောင်မှောင်သည်ဟု မဆိုသာ။ လပြည့်ကျော် ၂ ရက်နေ့မို့ ဝိုင်းစက်ပြည့်ဝန်းနေဆဲ လမင်းကြီး၏ အလင်းရောင်တို့က အိမ်ရှေ့ ပိတောက်ပင်ကြီး၏ ကိုင်းဖျားကိုင်းနားတို့အကြားမှ တိုးဝှေ့ထွက်ပြူနေကြသည်။

တစ်ချိန်က ဒီလိုညမျိုးတွေကို သူ အပူအပင်မရှိ ဖြတ်သန်းခဲ့ဖူးသည်။ ပိုက်ဆံ ၁၀၀ လောက်ရှိရင် လက်ဖက်ရည်ဆိုင်ပြေးမည်။ ဘော်ဒါအပေါင်းအသင်းနှင့် ပြောကြဆိုကျ ငြင်းကြခုန်ကျနှင့် တနေ့ပြီး တနေ့ဖြတ်သန်းမည်။ တစ်ခါတစ်လေ ပရီးမီးယားလိဂ်အကြောင်း၊ တစ်ခါတစ်ရံ အီရတ်စစ်ပွဲအကြောင်း။ တစ်ခါတစ်လေတော့လည်း ချောချောလှလှ ကောင်မလေးတွေအကြောင်းဖြစ်မည်။ တစ်ခါတစ်လေတော့လည်း တစ်ခါဘူးမျှ ဖြစ်မလာခဲ့သည့် အနာဂတ်များအကြောင်း။ ဘာပဲပြောပြော ဘဝသည် ပိုက်ဆံ ၁၀၀ လောက်နဲ့ ကျေနပ်စရာကောင်းနေခဲ့ဖူးသည်။

ခုတော့ သူတစ်ယောက်တည်း ကောင်းကင်ကို မော့ကြည့်နေရသည်။ သူမြင်နေရသည့်ကောင်းကင်သည် ဆန်း၏။ မျက်ဝန်းရှေ့တင် အရောင်အသွေးစုံသော ကြယ်များ မြင်နေရသောကြောင့်ဟု ပြောရမည်။ တစ်ချို့က စိမ်း၏။ တစ်ချို့က ပြာလွင်လွင်။ တစ်ချို့က အနီရင့်ရင့်။ လရောင်အောက်တွင် မြူးတူးကခုန်နေသည့်နှယ် ယိမ်းထိုးလှုပ်ရှားနေကြပြန်သည်။

သူ အံ့ဩတကြီးငေးကြည့်နေခဲ့မိသည်။ မလူးသာမလွန့်သာဖြင့် ဘဝဇာတ်ခုံပေါ်တွင် ကျရှုံးနေသောကြောင့်ပင်လော။ အထပ်ထပ်အကြိမ်ကြိမ် ပြန်လှန်တွေးတောနေမိပြန်သည်။

ဒီအချိန်မှာပဲ ရုတ်တရက် မီးတွေ ပြန်လင်းလာ၏။ “လှလိုက်တာ” ဟု သူ့နှုတ်ဖျားက ထွက်ကျလာသည်။ တအံ့တဩ သူတီးတိုးရေရွတ်မိသွားခဲ့သည် မဟုတ်ပါလား။

သူ့မျက်စိရှေ့မှာမြင်နေရသည်က အမေ့ရဲ့ အနွေးထည် အင်္ကျီလေး။ ချည်ပွပွ ဖလန်နယ်သားပေါ်တွင် စိမ်းသော၊ နီသော၊ ဝါသော ကြယ်ကလေးများ အစီအရီနှင့်။ မြောက်ပြန်လေအေး တချက်တချက်အဝှေ့တွင် ယိမ်းထိုးလှုပ်ခတ်သွားတတ်သေးသည်။

အမေ့တွင် ဒီအနွေးထည်လေးရှိမှန်း သူလုံးမသိခဲ့ပေ။ မြင်ကွင်းကို မျက်စိလွှဲရင်း သူတွေးနေမိသည်။ ဒီတစ်ခါစာမူခရရင်တော့ဖြင့် အမေ့အတွက် အနွေးထည်အသစ် တစ်ထည်ဝယ်ပေးရဦးမည် ဟု။ နောက်ပြီး အမေ့မှာ ဘာအင်္ကျီတွေရှိသေးလဲ ကြည့်ထားရဦးမည်။

မာဖီယိုဆို
၂၃၊ ဒီဇင်ဘာ၊ ၂၀၁၉

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *