အသက်နှစ်ဆယ့်သုံးနှစ်အရွယ်လူငယ်တစ်ဦးဖြစ်သူ ကိုထက်ထက်လတ်က နာမည်ကျော် မိုဘိုင်းဖုန်းအရောင်းဆိုင်ကြီးတစ်ခုအတွင်းတွင် အရောင်းဝန်ထမ်းအမျိုးသမီးလေး ရှင်းပြနေသည်များကို စိတ်ပါဝင်စားစွာနားထောင်နေသည်။
အရောင်းဝန်ထမ်း အမျိုးသမီးလေးရှင်းပြပြီနောက် သူက စိတ်ကျေနပ်သွားသည့် ဟန်ပန်ဖြင့် မိုဘိုင်းဖုန်းကို ဝယ်ယူလိုက်သည်။
“ကျွန်တော့်မှာ ရှိတဲ့ပိုက်ဆံ သုံးသိန်းကျော်လောက်နဲ့ Screen ကျယ်ကျယ် Hardware ကောင်းကောင်းနဲ့ဆိုရင် ဒီဖုန်း သင့်တော်မယ်ထင်တယ်” ဟု သူအသစ်ဝယ်ယူလာသည့် တက်ဘလက်နှင့် ဖုန်း နှစ်မျိုးစလုံး အသုံးပြုနိုင်သော Galaxy Tab 3 ဖုန်းကိုကိုင်ရင်း သူကဆိုသည်။
မိုဘိုင်းဖုန်း SIM Card များဈေးနှုန်းလျော့ကျလာပြီးနောက်ပိုင်း ယခုမြင်ကွင်းမျိုးသည် ရန်ကုန်မြို့တွင် မထူးခြားတော့သော မြင်ကွင်းတစ်ခုသာဖြစ်သည်။
“အခုနောက်ပိုင်း ဟန်းဆက် အများဆုံးဝယ်တာက လူငယ်အများစုပါပဲ။ နိုင်ငံတကာမှလည်း ဒီလိုပဲ။ လူငယ်တွေက အဓိက မိုဘိုင်းဖုန်းအသုံးပြုသူတွေပဲလေ။” ဟု ရန်ကုန် မြောက်ဥက္ကလာရှိ Star Mobile မှ ပိုင်ရှင် ဦးဇော်မင်းက မှတ်ချက်ပေးသည်။
ထို့အပြင် လူငယ်များသည် ရိုးရိုး Feature ဖုန်းထက် စမတ်ဖုန်းများကို ပိုမို အသုံးပြုကြပြီး ဖုန်းဆိုင်များတွင်လည်း စမတ်ဖုန်းများသာ ပိုမိုရောင်းချရကြောင်း ၎င်းက ဆိုသည်။
“လူငယ်တွေက အဓိက Users တွေဆိုတော့ သူတို့ကြိုက်တဲ့ စမတ်ဖုန်းတွေက ပိုရောင်းရတာပေါ့” ဟု သူကဆိုသည်။
ထို့အပြင် မြန်မာတွင် မိုဘိုင်းဖုန်းSIM Card များ ဈေးစတင်လျှော့ကျလာသည့် ၂၀၁၁ ဝန်းကျင်သည် နိုင်ငံတကာတွင် Smart Phone များ စတင်ခေတ်စားချိန်ဖြစ်နေသည်။ ယင်းအချိန်ကာလက နည်းပညာ နိမ့်ပါးသော မြန်မာနိုင်ငံတွင် Feature ဖုန်းများ ခဏတာ ခေတ်စားခဲ့သော်လည်း နောက်ပိုင်းကာလများတွင် Smart Phone များကသာ တဖြည်းဖြည်းချင်း ဈေးကွက်ကို ဦးဆောင်လာခဲ့တော့သည်။
“မြန်မာပြည်ရဲ့ မိုဘိုင်းဖုန်းဈေးကွက်က Smart Phone ကိုပိုအားသန်လာတယ်။” ဟု ဦးဇော်မင်းက ဆိုသည်။
စမတ်ဖုန်းခေတ်
လက်ရှိမိုဘိုင်းဖုန်းဈေးကွက်အတွင်း ပိုမိုအဓိကကျလာသော အရာမှာ သုံးစွဲသူများ၏ လိုအပ်ချက်ဖြစ်သည်ဟု နိုင်ငံတကာ ပညာရှင်များက ဆိုကြသည်။ မိုဘိုင်းဖုန်းသည် လူကြီး၊ လူငယ် အရွယ်စုံ၏ နေ့စဉ် အသုံးအဆောင်ပစ္စည်းဖြစ်လာသောအခါ လူသားတို့ နေ့စဉ်သုံးစွဲရာတွင် အသုံးဝင်မည့် ပုံစံဖြစ်စေရန် ပိုမိုဖန်တီးထုတ်လုပ်လာကြသည်။
“အခု ဟန်းဆက်ဈေးကွက် တစ်ခုလုံးကြီးကမှာ အဓိက ကျလာတာက အသုံးပြုသူတွေရဲ့ User Experience ပေါ့။ နောက်ပြီး Service ပိုင်း။ နောက်ပြီး ဈေးကွက် တစ်ခုလုံးရဲ့ Personal Request။ ဥပမာ အသုံးပြုသူတွေက ဘယ်လို Requirement တွေကိုလိုချင်လဲဆိုတာမျိုး။ ဒီအပိုင်းတွေကို မိုဘိုင်းဖုန်းထုတ်လုပ်သူ အားလုံးက အာရုံစိုက်ထားကြတယ်။” ဟု Huawei Technologies(Yangon) Co.Ltd မှ Device Depertment ၏ ထုတ်ကုန်ဒါရိုက်တာ Mr.Roson Luo ကပြောကြားသည်။
မိုဘိုင်းဟန်းဆက် ဈေးကွက်သည် တဖြည်းဖြည်း စမတ်ဖုန်း ရေစီးကြောင်း အတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်လာခဲ့ပြီဖြစ်သည်။ ယခုအခါ မိုဘိုင်းဖုန်း အသုံးပြုသူများ User Experience များကို အကောင်းဆုံး အသုံးချနိုင်ရန် Application အမြောက်အများထွက်ရှိလာသည်။
ယခင်က Feature ဖုန်းများတွင် ပါဝင်သော Application များသည် Massage ပို့နိုင်ရုံ ဖုန်းပြောနိုင်ရုံမျှသာဖြစ်သော်လည်း ယခုအခါ Smart Phone များတွင်ထည့်သွင်း သုံးစွဲလာသော Application များသည် မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် ပို၍ အဆင်ပြေစေသည်။
“စပြီးပေါ်စတုန်းက Smart Phone ဆိုတာလည်း ဘာမှထူးထူးခြားခြားတော့မရှိလှဘူး။ Touch တောင်မှ Sensitive Touch မရဘူး။ ဒါပေမယ့် အခုနောက်ပိုင်းကြတော့ Smart Phone တွေမှာ Hardware ပိုင်းပြောင်းလဲမှုတွေရှိလာတယ်။ အခု ခေတ်က ပါးမှကြိုက်တာတို့ Screen ကြီးမှ ကြိုက်တာတို့ ရှေ့ကင်မရာ ကြည်မှ ပုံရိပ်ပြတ်သားမှ ကြိုက်တာတို့ တွေဖြစ်လာတယ်။ အဓိကကတော့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကြောင့် မိုဘိုင်းဟန်းဆက် ဈေးကွက် ပြောင်းလဲမှုက ဖြစ်လာတာ။” ဟု Star Mobile မှ ပိုင်ရှင် ဦးဇော်မင်းက မှတ်ချက်ပေးသည်။
ယခင်က မြန်မာနိုင်ငံတွင် SIM Card များမှာ အလွန်ဈေးကြီးသည်။ သို့ကြောင့် လူအများစုက မိုဘိုင်းဖုန်းသုံးစွဲနိုင်ခြင်းမရှိပေ။ သို့သော်လည်း သုံးနိုင်စွမ်းရှိသော လူတစ်စုကလည်း ငွေကြေးသုံးစွဲနိုင်သူများဖြစ်ကြသောကြောင့် Smart Phone ကိုသာစသုံးကြသည်။ အထူးသဖြင့် ထိုအချိန်က ခေတ်စားသည်မှာ Nokia နှင့် I Phone ဖြစ်သည်။
“လက်ရှိ မြန်မာဈေးကွက်မှာ Feature Phone ထက်စာရင် Smart Phone တွေကို ပိုပြီးအားသန်လာတယ်။ Smart Phone တောင်မှ နည်းနည်း Low End ဖြစ်တဲ့ Smart Phone တွေက အရမ်းကို အရောင်းသွက်တယ်။” ဟု Mr.Roson Luo ကဆိုသည်။
မြန်မာနိုင်ငံသည် ဒေသတွင်း အခြားနိုင်ငံများထက် ဖွံ့ဖြိုးမှု နောက်ကျခဲ့သောကြောင့် တစ်ခြားနိုင်ငံများကဲ့သို့ နည်းပညာ အသစ်အဆန်းများကို တစ်ဆင့်ခြင်းထိုင်စောင့်စရာမလိုပဲ ဖွံ့ဖြိုးကာစ အချိန်တွင်ပင် နည်းပညာအသစ်များဖြင့် စတင်ထိတွေ့ခွင့်ရခဲ့သည်။
“မြန်မာနိုင်ငံက တစ်ခြားနိုင်ငံတွေနဲ့စာရင် (ဥပမာ ဗီယက်နမ်နဲ့) တိုးတက်တာခြင်း မကွာဘူး။ ဒါပေမယ့် ဗီယက်နမ်က Feature Phone ကိုစသုံးတယ်။ အဲဒီကနေမှ တဖြည်းဖြည်း Smart Phone ကိုပြောင်းတာ။ မြန်မာနိုင်ငံကျတော့ နည်းနည်း ပိုခုန်လိုက်တဲ့ သဘောပေါ့။ Frog Leap ဖြစ်သွားတာပေါ့ ။ Low End Smart Phone လေးတွေနဲ့ စတယ်။ နောက်ပိုင်းကြရင် Smart Phone သီးသန့် Trend ကိုဖြစ်သွားမယ်ထင်တယ်။” ဟု Mr.Roson Luo ကပြောကြားသည်။
အပြိုင်အဆိုင်ဖြစ်လာသော ဝန်ဆောင်မှုများ
မိုဘိုင်းဖုန်း SIM Card များ တန်ဖိုးနည်းပါးလာသည်နှင့်အမျှ မိုဘိုင်းဖုန်းများ ခေတ်စားလာသကဲ့သို့ မိုဘိုင်းဖုန်းအမှတ်တံဆိပ်အမျိုးမျိုးတို့၏ ဈေးကွက်ဝေးစုရရှိရေး ပြိုင်ဆိုင်မှုများကလည်း ပြင်းထန်လာသည်။
လက်ရှိ ပြည်တွင်း GSM မိုဘိုင်းဖုန်းဈေးကွက်အတွင်းတွင် Huawei က ၄၁%၊ Samsung ၃၉% နှင့် Sony က ၆% တို့ဖြင့်ဦးဆောင်နေပြီး နိုကီယာ မိုဘိုင်းဖုန်းများက ၅% ဖြင့် စတုတ္ထနေရာတွင် သာရှိကြောင်း ပြည်တွင်းမိုဘိုင်းဖုန်းဈေးကွက် သုတေသန စစ်တမ်းများအရသိရသည်။အဆိုပါ ကုမ္ပဏီများအားလုံးနီးပါးသည် စမတ်ဖုန်းများကိုသာ အဓိကထုတ်လုပ်ကြတော့သည့် ကုမ္ပဏီများဖြစ်သည်။
“ဈေးကွက်ထဲမှာတော့ Huawei နဲ့ Samsung ကတော်တော်ရောင်းရတယ်။ အဓိကကတော့ ဈေးနှုန်းကြောင့်ပေါ့။ ပြီးတော့သူတို့ မော်ဒယ်တွေ အများကြီးထွက်တော့ ရွေးစရာလည်းများတယ်။ ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်းနဲ့ ကိုက်ပြီးဝယ်လို့ရတယ်။ ပြီးတော့ သူတို့က Android စနစ်သုံးထားတဲ့ စမတ်ဖုန်းတွေပဲ ထုတ်တာလေ” ဟု အနော်ရထာလမ်းမပေါ်ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်တစ်ခု မှ တာဝန်ခံတစ်ဦးက ဆိုသည်။
ထို့အပြင် HTC၊ JAS၊ LG အစရှိသော မိုဘိုင်းဖုန်းကုမ္ပဏီများကလည်း ဈေးကွက်အတွင်း ဝေစုပိုမိုရစေရန် မြန်မာစာစနစ် Origional ပါဝင်သော စမတ်ဖုန်းများ ထုတ်လုပ်၍ ပြည်တွင်းသို့ တင်သွင်းလာကြသည်။
“Origional မြန်မာစာစနစ် ပါတယ်မပါဘူးက အဲဒီလောက်တော့ အရေးမပါပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာစာ စနစ်ပါလာရင် ဈေးကပိုကြီးသွားတာများတယ်။ ဖုန်းဆိုင်တွေမှာကလည်း မြန်မာစာ အလကားထည့်ပေးနေတာပဲဆိုတော့ ဝယ်တဲ့လူတွေက Requirement တူနေရင် မြန်မာစာစနစ်ပါတာမပါတာ အဓိကမဟုတ်ပဲ ဈေးနှုန်းကိုပဲကြည့်ပြီးဝယ်ကြတယ်” ဟု တာမွေမြို့နယ်ရှိ မိုဘိုင်းဖုန်းဆိုင်တစ်မှ တာဝန်ခံ မသူဇာဝင်းက ဆိုသည်။
SIM Card များ ပေါများလာသောအခါ မိုဘိုင်းဖုန်းကုမ္ပဏီများသာမက အရောင်းဆိုင်များကပါ သူ့ဆိုင် ကိုယ်ဆိုင်အပြိုင်ဖြစ်လာပြီး ဝယ်ယူသူများအပေါ် အပြိုင် အဆိုင်ဝန်ဆောင်မှု များပေးလာကြတော့သည်။
“Users ကြောင့်ဖြစ်တာဆိုရင် လက်ခက အလကားပါ။ ပစ္စည်းဖိုးပဲယူတယ်။ ဒါမှ မဟုတ် နဂိုကတည်းကိုက ပါလာတဲ့ စက်ရဲ့ Error တွေကတော့ ဘာတို့တွေကိုကျတော့ အကုန်အခမဲ့ ပြုပြင်ပေးတယ်။” ဟု Mr.Roson Luo က Huawei အရောင်းပြခန်းများတွင် ပေးနေသော ဝန်ဆောင်မှုများကို ရှင်းပြသည်။
ယင်းကဲ့သို့ပင် မိုဘိုင်းဟန်းဆက်အရောင်းဆိုင်အများစုသည် After Sale Service အနေဖြင့် ဟန်းဆက် ပျက်စီးမှုများကို လက်ခအခမဲ့ ပြုပြင်ပေးမှုများ ဆောင်ရွက်ပေးလာကြပြီး မိုဘိုင်းဖုန်းအသစ်ဝယ်ယူသူတိုင်းကို လက်ဆောင်များပေးအပ်ခြင်း ဝယ်ယူသူလိုချင်သော Application များ အခမဲ့ထည့်သွင်းပေးခြင်းများပြုလုပ်ပေးလာကြသည်။
“အရင်က ဖုန်းဝယ်ရင် Application ထည့်တာတို့ မြန်မာစာ ထည့်တာတို့ဆိုရင် ပိုက်ဆံပေးရတယ်။ အခုက အလကားရတယ်။ ဆိုင်တစ်ဆိုင်မှာ ဖုန်းဝယ်ပြီးရင် နောက်အဆင်မပြေလို့သွားပြရင်လည်း Service Charge တွေ ဘာတွေ မယူတော့ဘူး အလကားတွေကြီးပဲ။” ဟု Technoland မိုဘိုင်းဖုန်းဆိုင်တွင် ဟန်းဆက် ဝယ်ယူဖူးသူ ကိုကျော်ကျော်လင်းက ဆိုသည်။
ကစားကွင်းထဲ တိုက်ရိုက်ဝင်လာသော ဖုန်းကုမ္ပဏီများ
ဆက်သွယ်ရေးကဏ္ဍတွင်ပြုပြင်ပြောင်းလဲမှုများ များပြားလာသည်နှင့်အမျှ ပြည်တွင်းသို့ နိုင်ငံတကာတွင် နာမည်ရနေသော မိုဘိုင်းဖုန်းကုမ္ပဏီများကလည်း ပြည်တွင်းသို့ အခြေချ ဝင်ရောက်လာခဲ့ကြသည်။ ယခင်ကမူ ပြည်တွင်းဈေးကွက်အတွင်းရှိ မိုဘိုင်းဖုန်းများသည် နယ်စပ်မှ တဆင့် မှောင်ခိုတင်သွင်းခြင်းသာများသောကြောင့် မြန်မာနိုင်ငံနှင့် မကိုက်ညီသော ဖုန်းများသာ များသည်။
သို့သော် ယခုအခါ အဆိုပါ အနေအထားမှ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ လူဦးရေ သန်းခြောက်ဆယ်ရှိပြီး လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ မိုဘိုင်းဖုန်း သုံးစွဲနိုင်သော၊ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးမှု နောက်ကျနေသော မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးတင်ဒါအောင်ကုမ္ပဏီများ ဝန်ဆောင်မှု စတင်သည့်အချိန်တွင် မိုဘိုင်းဖုန်း လိုအပ်ချက်မြင့်မားလာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ လေးနှစ်တာကာလအတွင်း မိုဘိုင်းဖုန်းလိုင်းအရေအတွက် သန်းလေးဆယ်နီးပါး တပ်ဆင်နိုင်ရန်ပြင်ဆင်နေသော မြန်မာနိုင်ငံသည် ဆက်သွယ်ရေးအော်ပရေတာများအတွက်သာမက မိုဘိုင်းဖုန်းကုမ္ပဏီများအတွက်ပါ ရတနာသိုက်ကြီးတစ်ခုဖြစ်နေသည်။
“အော်ပရေတာရွေးလိုက်တော့ ပိုစိတ်ဝင်စားစရာဖြစ်သွားတာပေါ့။ ဖုန်းဈေးတွေ နိုင်ငံတကာမှာလို သက်သာလာမယ်။ လူဦးရေကလည်း သန်း ၆၀ တောင်။ နောက်ပြီး စီးပွားရေးဖွံ့ဖြိုးဖို့ အလားအလာကလည်း ကောင်းနေတော့ မိုဘိုင်းဖုန်းကုမ္ပဏီတွေ အတွက် တကယ့် ဈေးကွက်အကြီးကြီးဖြစ်နေတာပေါ”့ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အငြိမ်းစား အရာရှိ ဦးသန်းဦးက ဆိုသည်။
လက်ရှိ အချိန်တွင် ကိုရီးယားနိုင်ငံမှ နာမည်ကျော် မိုဘိုင်းဖုန်းထုတ်လုပ်သည့်ကုမ္ပဏီများဖြစ်သော Samsung၊ LG၊ တရုတ်အခြေစိုက် မိုဘိုင်းဖုန်း ကုမ္ပဏီများဖြစ်သော Huawei၊ ZTE၊ ထိုင်ဝမ်အခြေစိုက် HTC၊ စင်ကာပူ မှ SingTech တို့အပါအဝင် ယခင်က လူသိမများခဲ့သော အမှတ်တံဆိပ် တန်ဖိုးနည်း စမတ်ဖုန်းအမှတ်တံဆိပ်များလည်းက ပြည်တွင်းသို့ ဝင်ရောက်လာနေပြီး အချို့ကုမ္ပဏီများက ၎င်းတို့၏ ထုတ်ကုန်များကို တိုက်ရိုက်တင်သွင်းရောင်းချနေကြပြီဖြစ်သည်။
ပြည်တွင်း မိုဘိုင်းဖုန်းဈေးကွက်အတွင်း ဈေးကွက်ဝေစု အများစု ရရှိနေသော Samsung၊ Huawei အစရှိသော ကုမ္ပဏီများကလည်း စမတ်ဖုန်းများနှင့် တက်ဘလက်များသာ သီးသန့်ရောင်းချသည့် မိုဘိုင်းဖုန်းအရောင်းပြခန်းများ ဖွင့်လှစ်ကာ ရောင်းချနေပြီဖြစ်ပြီး LG၊ SingTech တို့ကလည်း တခြား နည်းပညာထုတ်ကုန်များနှင့် တွဲဖက်ကာ အရောင်းပြခန်းများဖွင့်လှစ်ရောင်းချနေပြီဖြစ်သည်။ ထို့အပြင် အဆိုပါ ကုမ္ပဏီများသည် ပြည်တွင်းမှ Distributor များနှင့် ချိတ်ဆက် ဖြန့်ချိမှုများလည်း ရှိသည်။
ထို့အပြင် မိုဘိုင်းဖုန်း ကုမ္ပဏီများအနေဖြင့်လည်း အရောင်းပြခန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသော မြို့ကြီးများသာမက အခြားနယ်မြို့များတွင်ပါ ဖွင့်လှစ်နိုင်စေရန် အပြင်းအထန်ကြိုးစားနေကြသည်။
ယခုနှစ် ဇူလိုင်လအတွင်းမှာပင် စင်ကာပူ အခြေစိုက် မိုဘိုင်းဖုန်း လက်လီ အရောင်းဆိုင်လုပ်ငန်း mDR နှင့် ပြည်တွင်းမှ Golden Myanmar Sea Company (GMS) ကုမ္ပဏီတို့က ကမ္ဘာကျော် နိုကီယာ(Nokia) အမှတ်တံဆိပ် မိုဘိုင်းဖုန်းများကို မြန်မာနိုင်ငံတွင် လက်လီစတိုးဆိုင်များဖွင့်လှစ်၍ ရောင်းချပေးတော့ဖြစ်ကြောင်း ကြေညာခဲ့သည်။
“တိုက်ရိုက်တင်သွင်းရောင်းချတော့ အသုံးပြုသူတွေအတွက် ဝန်ဆောင်မှု အပြည့်အစုံနဲ့ ဝန်ဆောင်ပေးနိုင်တာပေါ့” ဟု Huawei အရောင်းပြခန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အနာဂတ်က စမတ်ဖြစ်မှာလား
တဖြေးဖြေးနှင့် မိုဘိုင်းဖုန်းများသည် တစ်ကိုယ်ရေသုံးကွန်ပျူတာဆန်လာသည်ဟု နည်းပညာကျွမ်းကျင်သူများကဆိုကြသည်။ မြန်မာနိုင်ငံတွင်လည်း မိုဘိုင်းဖုန်း အသုံးပြုသူများသည် ဖုန်းဆက်သွယ်ပြောဆိုနိုင်သော တက်ဘလက်များကို စိတ်ဝင်စားမှု မြင့်မားလာသည်။
“နောက်ပိုင်း ဖုန်းပြောလို့ရတဲ့ တက်ဘလက်တွေ အဝယ်လိုက်လာတယ်။ အများကြီးတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် အတိုင်းအတာတစ်ခုအထိတော့ ရောင်းရလာတယ်။” ဟု မသူဇာဝင်းကဆိုသည်။
တက်ဘလက်များသည် ကြီးမားကျယ်ပြန့်သော မျက်နှာပြင်နှင့် အသံစနစ်ပိုင်းကောင်းမွန်သောကြောင့် မိုဘိုင်းဖုန်းကို ဖျော်ဖြေရေးကိရိယာတစ်ခုကဲ့သို့ အသုံးပြုချင်သူလူငယ်များအတွက် စိတ်ကြိုက်ပစ္စည်းတစ်ခုဖြစ်သည်။
မိုဘိုင်းဖုန်းအရောင်းဆိုင်များကလည်း SIM Card ထည့်သွင်းအသုံးပြုနိုင်သော တက်ဘလက်များ ပိုမိုရောင်းချရနိုင်ကြောင်း ခန့်မှန်းကြသည်။
“မျက်နှာပြင်အကျယ် ၇ လက်မလောက်ဆိုရင် သိပ်ပြီးကြီးတယ်လို့ပြောလို့မရဘူး။ အဲဒီအရွယ်လောက် တက်ဘလက်တွေ တော်တော်ဝယ်ကြတယ်။ အဲဒီအရွယ်အစားမျိုးက လက်ထဲမှာလည်း ကိုင်ထားလို့ရတယ်။ သုံးရစွဲရတာလည်း အဆင်ပြေတယ်။ ကုမ္ပဏီတော်တော်များများကလည်း ထုတ်ကြတယ်။” ဟု မသူဇာဝင်းကဆိုသည်။
အနာဂတ်သည် စမတ်ဖုန်းခေတ်
မြန်မာနိုင်ငံသည် ကမ္ဘာ့ဆက်သွယ်ရေးအသိုင်းအဝန်းအတွင်း နောက်ဆုံးကျန်ရှိနေသော ဈေးကွက်အသစ်တစ်ခု အဖြစ် တင်စားခံထားရသည်။ ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများကြောင့်လည်း ပိုမိုပွင့်လင်းလာသောအနေအထားတွင် အခြားဆက်စပ် လုပ်ငန်းများလည်း လိုက်ပါဖွံ့ဖြိုးလာတော့မည်ဖြစ်သည်။
“မိုဘိုင်းဖုန်း ဈေးကွက်က တဖြည်းဖြည်းပိုကျယ်ပြန့်လာတယ်။ တင်ဒါအောင် ကုမ္ပဏီတွေ စလုပ်ပြီဆိုရင် ဒီထက်ပို ကျယ်ပြန့်ဖို့ပဲရှိတယ်။ ဈေးကွက်ကလည်း ပြောင်းလာတယ်။ စမတ်ဖုန်းတွေ တက်ဘလက်တွေ ခေတ်ဖြစ်လာပြီ။ ဝန်ဆောင်မှုကို ဦးစားပေးတဲ့ ခေတ်ဖြစ်လာပြီ” ဟု ဦးဇော်မင်းက ဆိုသည်။
အဓိကအားဖြင့် ပြည်တွင်းမိုဘိုင်းဖုန်းဝယ်ယူ သုံးစွဲသူများသည် ငွေကြေးအခြေအနေပေါ်မူတည်၍ ဟန်းဆက်ဝယ်ယူကြပြီး Operation System Version မြင့်မြင့်၊ Screen ကြီးကြီး ဈေးနှုန်းအနေဖြင့် တစ်သိန်းခွဲမှ နှစ်သိန်းကြား စမတ်ဖုန်းများကို ပိုမိုကြိုက်နှစ်သက်ကြကြောင်း မိုဘိုင်းဖုန်းဆိုင်များက ဆိုကြသည်။
“အဓိကကတော့ ကျွန်တော်တို့ဆီက လူတွေရဲ့ ငွေကြေးသုံးစွဲနိုင်မှု အနေအထားအရ လူတွေရဲ့ ဝင်ငွေအရပေါ့။ နောက်ပြီး ဒီနိုင်ငံက လူတွေလည်းပိုပြီး ခေတ်မှီ်လာကြတယ်ဗျ။ နောက်ပိုင်း လူတွေ ပိုအဆင်ပြေလာတာနဲ့ အမျှ ပိုကောင်းတဲ့ စမတ်ဖုန်းတွေကို ပဲသုံးလာကြတော့မယ်ထင်တယ်။” ဟု ဦးဇော်မင်းကဆိုလိုက်သည်။
ရဲဇွန်အောင်
စက်တင်ဘာလ၊ ၂၀၁၃
Living Color Magazine