ရှေးယခင်ကာလတွေကတည်းက ပျားရည်ကို ဆေးဝါးအဖြစ်ရော စားသုံးစရာတစ်ခုအနေနဲ့ပါ အသုံးပြုခဲ့ကြတာပါ။ အပင်ကနေရတဲ့ ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်နေတဲ့ ပျားရည်က ခန္ဓာကိုယ်ကို အားရှိစေသလို ကျန်းမာရေးအတွက်လည်း အကျိုးများပါတယ်။
ခပ်ချိုချိုအရသာရှိတာကြောင့် သကြားအစား အသုံးပြုကြတဲ့ ပျားရည်က ကယ်လ်လိုရီပါဝင်မှု လုံးဝမရှိတာကြောင့် ကျန်းမာရေးနဲ့ သင့်တော်ပါတယ်။ ဒိတစ်ခေါက်တော့ ရှေးယခင်ကာလတွေကတည်းက ဆေးဖြစ်ဝါးဖြစ် သုံးလာကြတဲ့ ပျားရည်က ဘယ်လိုမျိုး ကျန်းမာရေးအတွက် အထောက်အကူပြုလဲဆိုတာ ကြည့်လိုက်ရအောင်လား…………..
၁။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတယ် – ပျားရည်စစ်စစ်က သဘာဝဓာတုအမယ်တွေ ပါဝင်နေတာကြောင့် ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပါတယ်။ ပျားရည်မှာပါဝင်နတေဲ့ Polyphenols ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ဆဲလ်တွေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို အရွယ်မတိုင်ခင်အိုမင်းတာနဲ့ ကင်ဆာ၊ နှလုံးရောဂါလိုမျိုး နာတာရှည်ရောဂါတွေကို မဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။
၂။ ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တယ် – ပျားရည်က အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ ပျားရည်မှာ ပိုးမွှားတွေကို သေစေနိုင်တဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ပါဝင်နေတာကြောင့်ပါ။ အရေပြားကျန်းမာစေဖို့ အတွက်ရော ပိုးမွှားတွေကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့အတွက်ပါ ပျားရည်ကို အသုံးပြုပေးလို့ရပါတယ်။

၃။ အနာကျက် မြန်စေနိုင်တယ် – ပျားရည်ကို ထိခိုက်ရှနာတွေ ကုသဖို့အတွက် သဘာဝဆေးတစ်လက်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ အကြောင်းကတော့ ပျားရည်က အရေပြားတစ်ရှူးတွေကို ပြန်လည် ကျန်းမာလာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်တာကြောင့်ပါ။ ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကို ပျားရည် စစ်စစ်လိမ်းပေးတာက အနာကျက်မြန်စေသလို အနားပိုးဝင်ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ထိခိုက်မိတဲ့ ဒဏ်ရာ သိပ်မကြီးဘူးဆိုရင် အနာကို သန့်အောင် ဆေးကြောလို့ ပျားရည်လေး ပွတ်ထားလိုက်ရုံပါ။
၄။ အာဟာရ ကြွယ်ဝတယ် – ပျားရည်က သဘာဝ အာဟာရဓာတ်စာတစ်ခုပါ။ ပန်းပေါင်းစုံ အသီးအရွက် ပေါင်းစုံကနေရတဲ့ အာဟာရဓာတ်တွေ အများအပြား ပါဝင်နေပါတယ်။ ကယ်လ်လိုရီပါဝင်မှု ကင်းတာကြောင့် ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုမရှိစေဘဲ ပြည့်ဝတဲ့ အာဟာရဓာတ်ကို ရရှိစေမှာပါ။ ပျားရည်ကို ဆေးဖြစ်ဝါးဖြစ်စားပေးတာက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ရာ ရောက်ပါတယ်။
၅။ အစာခြေစနစ် ကျန်းမာစေတယ် – ဝမ်းပျက်ဝမ်းလျှောတာ၊ အစာအိမ်ပိုးဝင်တာနဲ့ အစာအိမ်အနာတို့လိုမျိုး အစာခြေစနစ် ပြဿနာတွေကို သက်သာစေဖို့ ပျားရည်ကို အသုံးပြုပေးလို့ရပါတယ်။ ပျားရည်ထဲမှာပါဝင်နေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေက အစာခြေစနစ်ကျန်းမာပြီး ဝမ်းဗိုက်ပြဿနာ ကင်းစေဖို့ အားဖြည့်ပေးနိုင်တာကြောင့်ပါ။
၆။ လည်ချောင်းနာ သက်သာစေတယ် – အအေးမိလို့ဖြစ်ဖြစ် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်ဖြစ် လည်ချောင်းနာတဲ့အခါ သက်သာစေဖို့ ပျားရည်ကို သုံးစေချင်ပါတယ်။ ရေနွေးပူပူထဲကို ပျားရည်နဲ့ သံပုရာရည်ညှစ်ထည့်ပြီး သောက်ပေးတာက သာမန် အအေးမိဖျားနာတာကို သက်သာစေနိုင်သလို လည်ချောင်းနာတာကို သိသိသာသာ သက်သာစေမှာပါ။ ချောင်းဆိုးနေရင်လည်း ပျားရည်ကို ရေနွေးလေးနဲ့ဖျော်ပြီး သောက်ပေးလို့ရပါတယ်။
ကဲ…. ပျားရည်က အခုလိုလေး ဆေးဖက်ဝင်ပါတယ်။ ဆီးချို ရှိသူတွေ နဲ့ ရောဂါအခံရှိသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးငယ်လေးတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးပေးဖို့ အကြံပြုလိုပါတယ်။ တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း အလွန်အကျွံ မဟုတ်ဘဲ ဆေးဖြစ်ဝါးဖြစ်လေး သောက်သုံးပေးဖို့လည်း အကြံပြုချင်ပါတယ်။