မြန်မာ့ ဝသီ၊ ဘန် ဖရန်ကလင်နှင့် အဂတိနွယ်ပင်

ပြောရမယ်ဆိုရင် မြန်မာပြည်က လူတွေအကြားထဲမှာ အထက်-အောက်အမြင်နဲ့ ဆက်ဆံရေးတွေ ၊ ဆရာမွေး-တပည့်မွေး ယဉ်ကျေးမှုတွေက နှစ်သက္ကရာဇ် ရာချီပြီးကို ခိုင်ခိုင်မာမာ အမြစ်တွယ်နေခဲ့တာ။ အားမနာစတမ်းပြောရရင် မြန်မာဆိုတာနဲ့ကို အဂတိတရားနဲ့ ယဉ်ပါးပြီးသား။

ဒါပေမယ့် အဂတိတရားဆိုတာမျိုးက လူတော်တော်များများ ထင်မြင်ယူဆနေကြသလိုမျိုး ငွေ၊ လာဘ်လာဘချည်းသက်သက်နဲ့ ချည်နှောင်ထားတဲ့ ဆက်ဆံရေး မဟုတ်ဘူးဗျ။ လူတွေရဲ့ ထင်မြင်ချက်က နည်းနည်းလေး လွဲချော်နေတယ်။ ဆိုလိုချင်တာကဗျာ၊ ငွေတစ်ခု ပေးရုံ-ယူရုံ အခြေအနေမဟုတ်ဘူး။ အဲ့ထက်အများကြီး ပိုပြီး ရှုပ်ထွေးနက်နဲတယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှုတွေ၊ ရှုပ်ထွေးတဲ့ လူမှုဆက်ဆံရေးပုံစံတွေ၊ အမျှင်မပြတ်တဲ့ ဆရာ-တပည့် ဆက်ဆံရေးတွေကို ဆိုလိုချင်တာ။

ထင်ထင်ရှားရှားကြည့်ချင်ရင်တော့ အစိုးရအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ဝန်ထမ်းဟောင်း၊ လူဟောင်းတွေကိုကြည့်ပါ ပိုသိသာထင်ရှားတဲ့ အချက်တွေကို တွေ့နိုင်လိမ့်မယ်။ ဝန်ထမ်းတာဝန်ကနေ အနားယူပြီးချိန်တွေမှာတောင် ဆရာ-တပည့်ဆက်ဆံရေးတွေ ကျန်ရှိနေသေးတာမျိုးပေါ့။ ဒါပေမယ့် အဲ့ဒါက အစိုးရနယ်ပယ်၊ ဝန်ထမ်းလောကတစ်ခုတည်းမှာတင် ဖြစ်ပျက်နေတာလားဆိုတော့ မဟုတ်ပြန်ဘူး။ လမ်းထဲ မုန့်ကျွေးတာလေး၊ ကလေးကျောင်းအပ်တာလေးကနေစပြီး စီမံကိန်းကြီး ချပေးတာအထိ အဂတိတရားတွေကို အမျှင်မပြတ် မြင်နေရတာ။

ဥပမာ ငယ်ငယ်က ကျောင်းအပ်ကြတဲ့ အခါ ကိုယ့်ကလေး အတန်းကောင်းရဖို့ ဆရာဆရာမတွေကို ကန်တော့ကြတာမျိုး။ ကလေးရဲ့ မွေးသက္ကရာဇ်က ကျောင်းအပ်ရက်ထက်နောက်ကျနေတာမျိုးဆို ကျောင်းအုပ်ဆရာကြီးကို အပူကပ်ကြရတာမျိုးတွေပေါ့။ အစကတော့ ဆရာဆရာမတွေက အခွင့်အလမ်းတွေ၊ လာဘ်လာဘတွေ မတောင်းဆိုကြပါဘူး။ သို့ပေသိ၊ ကြာလာတာ့ ရမှန်းသိလာတယ်။ ဒီတော့ သူတို့လည်း နောက်ပိုင်းမှာ ရဲရဲတင်းတင်းတောင်းရဲလာကြတယ်။

နောက်ပြီးရှိသေးတယ်။ အလှူလုပ်ကြတယ်ဆိုပါတော့။ ကိုယ်က အလှူရှင်တော့ မဟုတ်ဘူး။ စားဖိုကိုင်ရတယ်ဆိုရင် ကိုယ်နဲ့ သိတဲ့လူဆို ပိုပိုသာသာပေးမယ်။ မသိရင် ပုံမှန်။ မတည့်ရင် လျှော့ထည့်ဆိုတာမျိုး ငယ်ငယ်ကတည်းက တွေ့ရလေ့ရှိတယ်။ ကိုယ့်အိမ်က မိသားစုအတွက် ဖယ်ထားတယ်ဆိုတာမျိုးကလည်း ရှိသေး။

အဲဒီလိုဥပမာကိုကြည့်ရင် ဒါလေးတွေက ဘာမှမဟုတ်ဘူးဆိုပေမယ့် အဂတိတရားလေးတွေ ပါနေတာတော့ အမှန်ပဲလေ။ ဆိုလိုချင်တာက တချို့အဂတိတရားလေးတွေကို ဒီမှာက အပြစ်လို့ကို မမြင်တော့တာ။ နားလည်မှုတို့၊ လေးစားမှုတို့၊ ဂါရဝတရားတို့၊ စေတနာတို့ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုပစ်လိုက်ကြတာ။ ဒီတော့ တစ်ချို့သောကိစ္စတွေဟာ ဖြေရှင်းရခက်ကုန်ရော။ မြန်မာလူမျိုးဆိုတာကလည်း အားနာတတ်တော့ ပိုဆိုးတာပေါ့။

လူ့ သဘောဆိုတာကလည်း မိမိနဲ့ သိတဲ့သူ၊ နီးစပ်တဲ့သူ၊ မိမိနှစ်သက်တဲ့သူတွေနဲ့ ယှဉ်လာရင် မသိတဲ့၊ မရင်းနှီးတဲ့၊ တစိမ်းတွေထက် ပိုအလေးပေးတယ်၊ ဦးစားပေးတယ်။ ဒါတောင် သိခြင်းမသိခြင်းပေါ်မှာ အခြေခံထားတာပဲရှိသေးတယ်နော်။ ဒီတော့ လူတစ်ယောက်ကို သိရုံနဲ့တင် ဒီလောက်ဖြစ်နေရင် အထင်ကြီးမိသွားရင် လေးစားမိသွားရင် တော်တော်ကို ချွတ်ရခက်တော့တာပဲ။ မှားနေခဲ့ရင်တောင်မှ ဖြည့်ပြီတွေးပေးတတ်ကြတဲ့ စိတ်အခံတွေ ကိုယ်အထင်ကြီးတဲ့သူပြောတာမှ အမှန်ဆိုပြီး မူထက်လူကို ဦးစားပေးဆုံးဖြတ်တတ်တာလေးတွေ ရှိတယ်။ သူ့ကို အလေးပေး စေတနာပို ပိုပိုကဲကဲလုပ်ပေးချင်တဲ့ စိတ်တွေ ဖြစ်လာတယ်။

ဒါမျိုးကို စိတ်ပညာသဘောမှာတော့ ဘန်ဖရန်ကလင် သက်ရောက်မှု (Ben Franklin effect) လို့ ခေါ်ကြတယ်။ ကိုယ်နှစ်သက်တဲ့၊ ကိုယ်နဲ့ရင်းနှီးတဲ့သူက ကိုယ်နှစ်လိုသဘောကျခြင်းမရှိတဲ့ အပြုအမူမျိုး ကိစ္စမျိုးကို ပြုမူနေရင်တောင်မှ အဂတိတရားကို အခြေခံပြီး ထောက်ခံပေးနေတာမျိုး၊ ကူညီပေးနေတာမျိုးပေါ့။ သူတို့ရဲ့ ဦးနှောက်ထဲမှာ တရားနည်းလမ်းကျကျတွေးရမယ်ဆိုတာကို နားလည်ထားပေမယ့် စိတ်အလိုလိုက်ပြီး ဘက်လိုက်မိနေတတ်တာမျိုးပေါ့။

ခုဆိုရင် မြန်မာ့နိုင်ငံရေးနယ်ပယ်အပါအဝင် အမျိုးမျိုးအဖုံဖုံသော နယ်ပယ်အသီးသီးတွေမှာ ပြဿနာကြီးက အဲဒီ ‘Ben Franklin effect’ လို့ ခေါ်ရမယ့် အဂတိတရားကြီးပါပဲ။ ငါ့လူ၊ ငါ့ဆရာ၊ ငါ့တပည့် စသဖြင့် ငါတကောကောတာတွေများနေတယ်။ နောက်ခံအင်အား၊ ပရိတ်သတ်အင်အားတောင့်တင်းနေတဲ့ လူတစ်ယောက်၊ လူတစ်စုအတွက်ကတော့ တစ်ခုခုကို အကောင်အထည်ဖော်တော့မယ်ဆိုရင်  ပစ်မှတ်ကလွယ်တယ်။ ငါ့နောက်က အသေခံလိုက်မယ့်လူ ဘယ်နှစ်ယောက်ရှိလဲ့ ကြည့်လိုက်ပြီး သူတို့ခေါင်းထဲ ဖြစ်ချင်တာတွေ ရိုက်သွင်းပေးလိုက်၊ အဲလောက်ဆို အလုပ်ဖြစ်ပြီ။ ခုလို ဆိုရှယ်မီဒီယာတွေ ခေတ်စားနေတဲ့ ခေတ်မှာ ကိုယ့်ဘက်ကနေ အသေခံဝိုင်းဆဲပေးမယ့်သူတွေသာရှိ အကုန်အလုပ်ဖြစ်တာချည်း။

နောက်လိုက်ဆိုတဲ့သူတွေကလည်း သူတို့ရဲ့ ရှေ့ကလူတွေ ပြောသမျှ မျက်စိစုံမှိတ်ယုံပြီး လိုက်ကြတော့တာ။ အကြောင်းအရာတစ်ခု၊ ပြဿနာတစ်ခုကို Rational ကျကျ တရားနည်းလမ်းကျကျ မတွေးကြတော့ဘူး။ Issue ပေါ်မူတည်မစဉ်းစားပဲ ၊ လူပုဂ္ဂိုလ်ပေါ် မူတည်စဉ်းစားကြတဲ့အခါ သမာသမတ်ကျမှုဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်။ အလေးသာမှုတွေ ဘက်မညီမှုတွေဖြစ်လာတယ်။ အဂတိတရားဆိုတဲ့ ခေါင်းစဉ်အောက်ပဲ ပြန်ရောက်သွားတယ်။

ဒါကြောင့် ဒီနိုင်ငံအကြောင်း လေ့လာကြတဲ့အခါ၊ ဒီနိုင်ငံကို ဖွံ့ဖြိုးအောင် တွန်းတင်ကြတဲ့အခါ၊ ဒီနိုင်ငံအတွက်ဆိုပြီး စဉ်းစားကြတဲ့အခါမျိုးတွေမှာ ဂရုပြုသင့်တာက မြန်မာလူမျိုးတွေရဲ့ ဒီဓလေ့စရိုက်ကို ထည့်တွက်ကြဖို့ဆိုတာပါပဲ။ ငါက ဦးဆောင်နေသူဆိုရင်လည်း ငါ့ကြောင့် ငါ့လူတွေ အဆိပ်ခတ်ခံရတာမျိုး မဖြစ်စေဖို့၊ ကိုယ်က နောက်လိုက်ဆိုရင်လည်း တရားနည်းလမ်းကျမှုနောက်ကို အမှန်အတိုင်းလိုက်ကြဖို့ လိုအပ်တယ်။ လာဘ်ပေးလာဘ်ယူ ဆိုတာကြီးနဲ့ အဂတိတရားနဲ့ အကြားမှာ ကွာဟချက်က စည်းပါးပါးလေးတစ်ခုပဲရှိတာ။ တစ်ခုပဲ၊ အဂတိတရားဆိုတာ လာဘ်ပေးလာဘ်ယူတာလို မရိုးရှင်းဘူး။ အဂတိတရားဟာ လာဘ်ပေးလာဘ်ယူတာလို လူတွေမုန်းတီးမှု မခံရဘူး။ အဂတိတရားဟာ လာဘ်ပေးလာဘ်ယူထက် ပိုကြောက်ဖို့ကောင်းတဲ့ တရားပါပဲ။ ဒီတိုင်းပြည်ထဲမှာ အဂတိနွံထဲ နစ်မွန်းနေကြသူတွေ ဘယ်လောက်တောင် များနေပြီလဲ။

မောင်မိုးဇွန်

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *