“လူတစ်ယောက်သေသွားလို့ ငိုတိုင်းသာ အဲ့လူပြန်ရှင်လာမယ်ဆိုရင်တော့ အားရပါးရ ငိုလိုက်စမ်းပါသားရယ်”
မှတ်စုထဲက စာကြောင်းလေးသည် သူ့ကို ငေးကြည့်နေသယောင်ယောင်။ ညစ်ထေးနေသည်ဟု မဆိုသာသည့်တိုင် အချိန်ကာလတိုက်စားမှုများကြောင့် နွမ်းလျနေသည့် ကတ္တူစာရွက်ဟောင်းလေးပေါ် မျက်ရည်စက်တစ်ချို့ ပစ်ကျသွားခဲ့ကြသည်။ တစ်ချို့မျက်ရည်စများသည် စာရွက်ကို ကိုင်ထားသည့် သူ့လက်ဖမိုးလေးကိုပင် လာစင်သည်။ ဒီစာသားလေးကို သူ တေးမှတ်ထားခဲ့သည်မှာ ၁၉ နှစ်တိုင်ခဲ့ပြီ။
ရုတ်တရက် ရေဒီယိုကထွက်ပေါ်လာသည့် သီချင်းသံက ဆွတ်ဆွတ်ပြန့်ပြန့်။
“မွန်း လွဲ ချိန် နေရောင်လည်း ကျ လုပြီ …”
… အဆိုတော် လွှမ်းမိုး၏ တေးသံသည် မျက်ရည်မခိုင်သူကို ငိုကြွေးရန် တွန်းပို့နေပြန်သည်။ သြော် … ဒီနေ့ဆို အဖေဆုံးတာ ၁၉ နှစ် ရှိပြီပဲလို့ သူ တွေးနေမိသည်။
လက်ထဲက မှတ်စုစာအုပ်လေးကို ပိတ်ရင်း အိမ်ပေါက်ဝတွင် စိတ်လိုလက်ရထိုင်နေလိုက်၏။ ခေါင်းထဲတွင်တော့ စိတ်ကူးမှန်ကူကွက်တွေသည် ဟိုမှ သည်မှ။ ခပ်ကြမ်းကြမ်းဖြတ်တောက်ထားသည့် ရုပ်ရှင်မြင်ကွင်းများလို ပြတ်တောင်းပြတ်တောင်း။

မှတ်မိသေးသည်။ အချိန်ရာသီသည် မိုးရိပ်မိုးငွေ့တို့ စတင်ကင်းစင်ကာစ ဆောင်းဦးကာလဖြစ်သည်။ မြောက်ပြန်လေ ခပ်ရိုင်းရိုင်း၏ လက်ချက်ဖြင့် သွစ်ရွက်သစ်ခက်တို့ပေါ်တွင် နှင်းစက်တွေ တစ်စနှစ်စတော့ စိုစွတ်နေတတ်ကြသည်။ ဒီအချိန်မျိုးဆိုလျှင် အိမ်ရှေ့ သရက်ပင်ပေါ်က သဇင်ပန်းခက်တွေ မွှေးကြိုင်နေတတ်သည်။
ခနော်နီ ခနော်နဲ့ သစ်သားပြတင်းပေါက်ကနေ လှမ်းမျှော်ကြည့်လိုက်လျှင် ခြံထောင့်ရှိ မန်ကျည်းပင်ကြီးအပြင် ပင်ပျိုပေါက်အရွယ်သာရှိသေးသည့် ပိတောက်ပြာပင်လေးနှင့် အလေ့ကျပေါက်နေသည့် ရွှေပန်းပင်များကို မြင်ကွင်း၏ တစ်ထောင့်တစ်နေရာစီ အံဝင်ခွင်ကျမြင်နိုင်သည်။
နေခြည်နွေးနွေးသည် ထွက်တန်သည်လောက် မထွက်နိုင်သေး။ မဆိုစလောက် အအေးဓာတ်ကလေးကြောင့် မျက်နှာသစ်ဖို့ သူ တွန့်ဆုတ်နေ၏။ သို့သော် ထိုင်နေ၍ မဖြစ်သေး ဒီနေ့ သောကြာနေ့ဖြစ်သည်။ ကျောင်းတက်ရမည်မဟုတ်ပါလား။
“ဒီနေ့ ကျောင်းမသွားနဲ့တော့နော် ကလေးလေး”
အဖေ့အသံက ခပ်ဖျော့ဖျော့။ သူ လှည့်ကြည့်လိုက်မိသည်။ တစ်ပြိုင်နက်တည်းဆိုသလို ဘာကြောင့်လဲဆိုသည့် မေးခွန်းတွေ မျက်ဝန်းမှာ ထင်စွဲလျက်ပါသွား၏။
“အဖေ နေလို့သိပ်မကောင်းဘူး။ မင်းအမေကို ဝိုင်းကူဖို့ အိမ်မှာနေပေး သား” အဖေက ပြောရင်းဆိုရင်း အိမ်ထဲ လှမ်းဝင်သွားသည်။
ယင်းနေ့က အဖေက သူ့ကို ကျောင်းမသွားခိုင်း။ ကျောင်းတက်ရက်တွင် ဘာကြောင့်မှန်းမသိ ကျောင်းမသွားခိုင်း၍ အဖေ့ကို သူ စိတ်ဆိုးနေသည့်နေ့လည်းဖြစ်သည်။ တကယ်တမ်းတော့ အဆိုပါနေ့တွင် အဖေ့ အစ်ကိုဖြစ်သူ အိမ်သို့ လာရန်ရှိနေသောကြောင့် အမေ့ကို ဝိုင်းကူရန် သူ့ကို ကျောင်းမသွားဖို့ တောင်းဆိုခြင်းဖြစ်သည်။
အမှန်အတိုင်းပြောရမည်ဆိုလျှင် ထိုနေ့က သူ အဖေ့ကို စိတ်ဆိုးမိသည်။ သူ စိတ်ဆိုးရသည်မှာလည်း အကြောင်းရှိသည်။ တစ်ဦးတစ်သောသားဖြစ်သလို အပြင်သိပ်ထွက်ခွင့်မရသည့် သူ့အတွက် အပေါင်းအသင်းများရှိရာ ကျောင်းကို မက်မောလှသည်မှာ သိပ်တော့မဆန်းလှ။ အဖေက အတန်းပညာ ဂရုတစိုက် သင်ကြားလေ့မရှိလှသော အိမ်နီးချင်းကလေးများနှင့် ပေါင်းသင်းသည်ကို သဘောမခွေ့လှချေ။ ထို့ကြောင့် သူ့မှာ သူငယ်ချင်းဆို၍ ကျောင်းက အတန်းဖော်တွေသာရှိသည်။
စာဖတ်ဝါသနာပါပြီး လေ့လာချင်စိတ်များသော သူ့အတွက်တော့ ကျောင်းမှန်မှန်တက်ချင်သည့် စိတ်အခံလေးရှိသည်။ ထို့ကြောင့် အမေ့ကို ကူရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖခင်ဖြစ်သူက ကျောင်းမသွားခိုင်းတော့ စိတ်တော့ နည်းနည်းဆိုးမိသည်။
တကယ်တမ်းဆို ထိုကာလတုန်းက သူ့ ဖခင် နေမကောင်းဖြစ်နေသည်မှာ ၂ နှစ်နီးပါးရှိနေပြီဖြစ်သည်။ ၁၂ နှစ်သား လူငယ်တစ်ယောက်အနေဖြင့် ဖခင်ဖြစ်သူ ဘာရောဂါဖြစ်မှန်း ဉာဏ်မမှီလှပေ။ ဆရာဝန်ကတော့ အဆုတ်ရောဂါဟုဆိုသည်။ အတော်ပြင်းထန်သည့် ဆေးများလည်း တိုက်လေ့ရှိသည်။ သူသတိထားမိသည်က တစ်ခါတစ်ရံ ဆေးဒါဏ်ကြောင့် အဖေ့ခန္တာကိုယ်တွင် အရေခွံများပင် ကွာကျလာတတ်သည်။ အဆိုပါဆေးများ သောက်ပြီးကတည်းက အဖေနာလန်မထူတော့ခြင်းဖြစ်သည်ဟု သူယူဆမိသည်။
အဖေ မကျန်းမာသောအခါ အိမ်၏ စားဝတ်နေရေးကို အမေက ဦးဆောင်ရ၏။ အဖေ့ အမအငယ်ဆုံး ကြီးတော်ဖြစ်သူက သူ့ကျောင်းစရိတ်နှင့် အခြောက်အခြမ်း တိုလီမိုလီများကို ထောက်ပံ့သည်။
အိမ်မှုကိစ္စနှင့် အထည်ချုပ်သည်မှလွဲ၍ စီးပွားရေးကို ရေရေရာရာမသိနားမလည်သော အမေ့အတွက်လည်း စိန်ခေါ်မှုတွေကကြီးလှ၏။ မိသားစုစားဝတ်နေရေးအတွက် ကြိုးပမ်းရှာဖွေရသလို ချက်ရေးပြုတ်ရေးလည်း တာဝန်ယူရသည်။ အထိုက်အသင့်ချောင်လည်ပြီး အရည်အချင်းရှိသော ဖခင်၊ အကိုတို့နှင့် စည်းကမ်းသေဝပ်စွာနေထိုင်ရသော မိသားစုမှပေါက်ဖွားလည်သည့် အမေ့အတွက်တော့ ကျပ်တည်းနေသည့် အိမ်ထောင်စုတစ်ခုကို တစ်ဦးတည်း ဦးဆောင်ရသည်မှာ အတော်ပင်ခက်ခဲလှသည်။ တစ်ခါတစ်ရံ အမေတစ်ယောက်တည်း ကျိတ်ငိုနေတတ်သည်ကို သူ မြင်ဖူးသည်။ အဖေလည်း မြင်တန်ကောင်းသည် သို့သော် ဘယ်သူ ဘာပြောနိုင်မည်နည်း။
အကိုဖြစ်သူ ရောက်လာချိန်တွင် အနေက ကိုယ်တိုင်ထပြီး ခရီးဦးကြိုပြုသည်။ အဖေ့မျက်နှာလည်း လန်းလန်းဆန်းဆန်းဖြစ်လာသည်။ မမြင်ရသည်မှာလည်း ကြာပြီကိုး။ နောက်တော့ အဖေက အိမ်မှာ မီးချောင်းတစ်ချောင်းကျွမ်းနေ၍ လဲချင်ကြောင်း ဘကြီးဖြစ်သူကို ပြောသည်။ ဘဘက သူကိုယ်တိုင် မီးချောင်းသွားဝယ်ပြီး လဲတပ်ပေးသည်။ ညီအကိုနှစ်ယောက် အလာပ သလာပပြောရင်း ထမင်းစားဖို့ပြောကြသည်။ အဖေမစားသေး၍ ဘဘကလည်း ညီအကိုကို အတူတူစားမည်ဆိုကာ မစားသေး။ သို့သော်လည်း ဘဘကတော့ တစ်ခုခုကို သိနေသည့် ပုံစံမျိုး။
၁၂ နာရီဝန်းကျင်တွင် အဖေဆုံးပါသည်။ တစ်နေကုန် ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွဖြစ်နေသည့် အဖေသည် ခေတ္တ အနားယူအိပ်စက်ရင်း အသက်ပါသွားခဲ့ခြင်းဖြစ်သည်။ လုံးဝမထင်မှတ်ထားသည့် အခြေအနေမျိုးဖြစ်သည်။ သူဆုံးပါးသွားပုံကလည်း ကျန်းမာရေးမကောင်းသူ တစ်ယောက်လိုတော့ မဟုတ်။ သူ့အကိုလက်ပေါ်တွင် ခဏအိပ်မည်ပြောပြီး အသက်ပါသွားခြင်းဖြစ်သည်။ သူတင်မဟုတ် အားလုံး အံ့သြမိကြသည်။
အမေကတော့ ငိုသည်။ ဘဘမှာလည်း သူအချစ်ရဆုံးဖြစ်သည့် ညီအငယ်ဆုံးဖြစ်သူ ဆုံးသွားသောကြောင့် မျက်ဝန်းတွင် မျက်ရည်တွေစို့လို့။
သို့သော် ထူးဆန်းသည်က သူ မငိုမိ။ ဘာကြောင့် မငိုမိသည်ကို သူ မသိပေ။
အဖွား (အဖေ့အမေ) ဆုံးစဉ်က အဖေ ကျွန်တော့ကိုပြောပြထားသော စကားတစ်ခွန်းကြောင့်ဖြစ်မည်ထင်သည်။ “လူတစ်ယောက်သေသွားလို့ ငိုတိုင်းသာ အဲ့လူပြန်ရှင်လာမယ်ဆိုရင်တော့ အားရပါးရ ငိုလိုက်စမ်းပါသားရယ်။” ဟူ၏။ သူ အဖေ့အတွက် မငိုဖြစ်ခဲ့ပါ။
မြန်မာ ရုပ်ရှင်ဇာတ်ကားတွေထဲကလို ရွှေတောင်ကြီး ပျိုလဲသည်ဟုလည်း သူ မထင်။ ဘဝပျက်ပြီလို့လည်း သူ မတွေးမိပါ။ ဘာတွေဖြစ်နေပြီလဲဆိုတာကိုပင် သူ သေသေချာချာ နားမလည်နိုင်ဖြစ်ရသည်။
အဖေဆုံးပါးသွားပြီ။ ရှေ့ဆက်ဘာတွေဖြစ်လာမလဲ၊ နက်ဖြန်မှာ ဘာတွေဖြစ်သွားမလဲဆိုတာကိုတွေးရင် သူ နားမလည်နိုင်ပေ။ သူ ခုလို တွေးနေမိသည်မှာ နှစ်နှစ်ကျော်ခံစားခဲ့ရသည့် ဘဝကြိုးဝိုင်းထဲက ထိုးနှက်ချက်များကြောင့်လည်း ဖြစ်နိုင်သလို သူတို့သားအမိ နှစ်ယောက်အနေဖြင့် ကံကြမ္မာ အချိုးအကွေ့ တစ်ခုသို့ ရောက်လာနေပြီဆိုသည်ကို ခံစား မိလာသောကြောင့်လည်းဖြစ်နိုင်သည်။
တကယ်တော့ အဖေဆုံးပါးသွားခြင်းသည် အမှန်တကယ်လည်း အင်မတန်ကြီးမားလှသော အပြောင်းအလဲ အချိုးအကွေ့တစ်ခုဖြစ်လာခဲ့သည်။ ဒီတစ်ခါတော့ ပိုပြင်းထန်လှသည်။ အကြိမ်ကြိမ်ပြိုလဲကျခဲ့ရသည်အထိ ဆိုးဆိုးရွားရွား အထိနာခဲ့သော အချိုးအကွေ့များဖြစ်လာလိမ့်မည်ဟုတော့ သူ မမျှော်လင့်ခဲ့သည်မှာ အမှန်။ သို့သော်လည်း … တကယ်ဖြစ်လာခဲ့သည်။
လွန်ခဲ့သည့် ၁၉ နှစ်တာကာလအတွင်း သူတို့သားအမိ ၂ ဦး အတော် ပြင်းပြင်းထန်ထန် ရုံးကန်ခဲ့ရသည်။ အိမ်တစ်ခြမ်းရောင်းခဲ့ရသည်။ ရလာသည့် ငွေအရင်းအနှီးတစ်ချို့ဖြင့် လုပ်ငန်းတစ်ချို့လုပ်သည်။ အရင်းပင်ပြန်မရခဲ့။ မိသားစုစီးပွားရေးဆိုသည်မှာ လေလျှော့ခံထားရသည့် ပူဖောင်းတစ်လုံးလိုဖြစ်နေသည်။ အပေါင်ဆိုင်ကို အိမ်ဦးနှင့် ကြမ်းပြင်လိုသွားခဲ့ရသည့် နေ့ရက်တွေရှိခဲ့ဖူးသည်။ အလုပ်လျှောက်လွှာဝယ်ဖို့နှင့် လမ်းစရိတ်ရဖို့အတွက် ၂ ဆင့် စတီးချိုင့်လေးလည်း သွားပေါင်ခဲ့ရဖူးသည်။ ထမင်းဆီဆမ်း တစ်ပွဲစားနိုင်ဖို့ စတစ်ကော်လာအဖြူလေးကိုလည်း ခန ထိမ်းသိမ်းခိုင်းခဲ့ရဖူးသည်။ ဘတ်စ်ကားခ ၂၀ မရှိလို့ ၄၊ ၅ မှတ်တိုင် လမ်းလျှောက်သွားခဲ့ရဖူးသည်။
အဖေဆုံးချိန်တုန်းက သူမငိုဖြစ်ခဲ့သော်လည်း နောက်တော့ သူ ငိုဖြစ်လာခဲ့သည်။ ငိုတတ်လာခဲ့သည်ဟုဆိုလျှင် ပိုမှန်မည်။ လောကဓံသည် ကြမ်းသည်။ ဘဝ၏ ရိုက်ချက် လှိုင်းတံပိုးများသည် တစ်ခါတစ်ရံပြင်းထန်ဆိုးရွားလွန်းလှသည်။
ဒီလိုအချိန်တွေ ရောက်လာတိုင်း သူ မျက်ရည်ကျမိသည်။ အဖေ့ကိုလည်း လွမ်းမိတတ်သည်။ အဖေသာရှိနေရင် ဘယ်လို တွေးမလဲလို့ သူအမြဲတွေးသည်။ တစ်ခါတစ်လေကျလျှင် သူ အဖေ့ကို တွေ့ချင်လာတတ်သည်။ တစ်ခါတစ်ရံကျတော့လည်း အဖေ့မျက်နှာ ဘယ်လိုရှိသည်ဆိုသည်ကိုပင် သူသေချာမမှတ်မိတတ်။ သို့သော် ရင်ထဲက ခံစားချက်ကတော့ ဘယ်တော့မှမပြောင်းလဲပေ။
ပျောက်သောသူ ရှာလျှင်တွေ့ဟု ဆိုကြသည်။ သေသောသူ ကြာလျှင်မေ့ဟုလည်း ဆိုကြသည်။ သူသည် အဖေ့ကို မမေ့သေးပါ။ တစ်ချို့သော ညသန်းခေါင်တိုင်း အိပ်မက်တိုင်းတွင် သူ အဖေ့ကို လိုက်ရှာနေဆဲဖြစ်သည်။ ခုထိ မတွေ့သေးပါ …

“ဖေကြီး” …
ရုတ်တရက် သားငယ်ဖြစ်သူ၏ အော်ခေါ်သံကြောင့် သူ ဆတ်ခနဲ လှည့်ကြည့်မိသည်။ သနပ်ခါးပါးကွက်ကြားနှင့် ကျောင်းစိမ်း အင်္ကျီဆင်မြန်းထားသည့် သားငယ်သည် သူ့ကို ရပ်ကြည့်နေသည်။
“သားကျောင်းသွားတော့မယ်”
သားဖြစ်သူ၏ စကားကြောင့် သူ မတ်တပ်ထရပ်လိုက်သည်။ လှေခါးရင်းတွင် အသင့်ထိုးထားသည့် ဆိုက်ကယ်ကို လက်တန်းမှ ကိုင်ရင်း အိမ်ရှေ့သို့ တွန်းထုတ်လာခဲ့သည်။ နောက်တော့ ဆိုက်ကယ်ပေါ် သားဖြစ်သူကိုတင်ရင်း လမ်းထိပ်ဘက်ကို ထွက်ခဲ့သည်။
ဆယ်တန်း ၂ ခါ ကျပြီးနောက် သူ စာမေးပွဲ ဆက်မဖြေဖြစ်တော့။ အိမ်မှာလည်း အခြေအနေမကောင်းတော့ အလုပ်ထွက်လုပ်ရသည်။ အလုပ်ကတော့ စုံသည်။ စတိုးဆိုင် စာရေး၊ ဗီဒီယို အခွေငှားဆိုင်စာရေးတွေလည်း လုပ်ဖူးသည်။ ပန်းရံလူကြမ်းလည်း လိုက်ဖူးသည်။ လုံခြုံရေးဝန်ထမ်းလည်းလုပ်ခဲ့သေးသည်။ ဒီကြားထဲ အိမ်ထောင်ကျသည်။ အမေဆုံးသည်။
နောက်တော့ စုထားဆောင်းထားတာလေးတွေနဲ့ ဆိုင်ကယ်လေးတစ်စီးဝယ်ပြီး ဆိုင်ကယ် ကယ်ရီ ဆွဲနေသည်။ ရန်ကုန်မှာ ဆိုင်ကယ်တွေက တရားဝင်ခွင့်မပြုထားတော့ အိမ်အခြေအနေကတော့ ပိန်လိုက်ဖောင်းလိုက်ပင်။
၂ လမ်းကျော်က မူလတန်းကျောင်းလေးသည် သူတို့ ငယ်ငယ်ကအတိုင်း မပြောင်းလဲသေးပေ။ နောက်ဘက်မှ ဝေါခနဲ မောင်းကျော်ထွက်သွားသည့် ဟိုက်ဂျက်ကားတစ်စီးကြောင့် သူ လမ်းဘေးသို့ထိုးချရင်း အလောသုံးဆယ် ရှောင်လိုက်သည်။
… သူ၏ နှုတ်ခမ်းဖျားသည် ဆတ်ခနဲ လှုပ်ခါသွားသည်။ အယုတ္တအနတ္တ ပြောဆိုသံများထွက်မလာခဲ့ပဲ တိုးတိုးညင်းညင်း စကားလုံးလေးတစ်လုံးသာ ထွက်ပေါ်လာခဲ့သည်။ “ဖေကြီးရေ” …
တစ်ပြိုင်နက်တည်းမှာပင် သူ့ လက်ဖမိုးလေး နွေးသွားသည်။ သည်အထိအတွေ့ကို သူမှတ်မိပါသည်။ ဒီကနေ့မနက်မှာတင် သူတစ်ခါကြုံခဲ့ပြီးပြီမဟုတ်ပါလား။
မာဖီယိုဆို
၂၉၊ နိုဝင်ဘာ၊ ၂၀၁၉