သီးသီး ကြိုက်ကြလား၊ စားရော စားဖြစ်ကြလား

သီးသီး ကြိုက်ကြလား၊ စားရော စားဖြစ်ကြလား

သီးသီးက ရန်ကုန်လို နေရာမျိုးမှာတော့ ပေါပေါသီသီ မရနိုင်ပေမယ့် အညာဘက်တစ်ခွင်မှာတော့ မကြာခဏ စားဖြစ်ကြတဲ့ သဘာဝ အသီးတစ်မျိုးပါ။ သီးသီး ကို ဒီအတိုင်း စားကြသလို ယိုထိုးပြီးလည်း စားကြပါတယ်။ ငါး စတဲ့ တွဲဖက်တွေနဲ့ ဟင်းချက်စားတာမျိုးလည်းရှိပါသေးရဲ့။

တကယ်တော့ သီးသီးအပင်က အပင်ကြီးမျိုးပါ။ ပင်စည်မှာ အခေါက်ကြမ်းကြမ်းတွေနဲ့အတူ ဆူးတွေပါ ရှိတတ်ပါတယ်။ ရှောက်ပင်၊ သံပုရာပင်၊ သနပ်ခါးပင်၊ ပျဉ်တော်သိမ်ပင်တို့နဲ့ မျိုးရင်းတူပြီး မွှေးရနံ့ရှိပါတယ်။ သီးသီးရဲ့ ပုံပန်းသဏ္ဍာန်ကတော့ အပြင်ခွံမာမာလေးနဲ့ လုံးဝန်းပါတယ်။ အထဲမှာ အနှစ်လေးတွေရှိပြီး အစေ့ အဖြူလေးတွေ ပါရှိပါတယ်။ မြင်သာအောင်ပြောပြရရင် ဥသျှစ်သီး အသေးစားလေးနဲ့ တူတယ်လို့ ဆိုရမှာပါ။

သီးသီးက စားရတာ အရသာရှိလှသလို အာဟာရဓာတ်လည်း အတော်လေးကြွယ်ဝပါတယ်။ သိပ္ပံနည်းကျ လေ့လာချက်တွေအရဆိုရင် သီးသီးရဲ့ အနှစ်ထဲမှာ

  • ပရိုတင်း
  • ကာဗိုဟိုက်ဒရိတ်
  • အဆီဓာတ်
  • ကယ်လ်ဆီယမ်
  • ဗီတာမင် B
  • ဗီတာမင် C တွေ ပါဝင်နေပါတယ်တဲ့။

ဒီလိုမျိုး အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာမို့ သီးသီး စားပေးတဲ့အခါမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရနိုင်ပါတယ်။ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေကို ပိုင်ဆိုင်နိုင်မလဲဆိုရင်တော့

ဝမ်းမှန်စေတာ – သီသီးက အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးဖြစ်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေသလို အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေပါတယ်။ သိပ်မမှည့်သေးတဲ့ သီးသီးကို ဝမ်းပျက်ဝမ်းလျှောတာ သက်သာစေဖို့ သုံးလို့ရသလို ဝမ်းသွားရခက်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

အနာကျက်စေနိုင်တာ – သီးသီးက အရောင်ကျစေနိုင်သလို အနာကျက်စေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ သီသီးကို စားသုံးပေးလို့ရသလို အနာပေါ်ကို တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။

အစာအိမ် ကျန်းမာစေတာ – သီးသီး အမှည့်ကို စားသုံးပေးတာက အစာအိမ်ကို ကျန်းမာစေပြီး လေထိုးလေအောင့်တာနဲ့ အမျိုးမျိုးသော အစာအိမ်ပြဿနာတွေကို ကင်းစေပါတယ်။

အရေပြားရောဂါတွေ သက်သာစေနိုင်တာ – သီးသီး အရွက် ကြိတ်ရည်ကို အရေပြားမှာ လိမ်းပေးတာ၊ ခပ်ဖွဖွလေးနှိပ်နယ်ပေးတာက အင်ပျဉ် အပါအဝင် အရေပြား ပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံကိုလည်း သက်သာစေနိုင်ပါတယ်။

နေလောင်ဒါဏ် သက်သာစေနိုင်တာ – သီးသီးခေါက်ကို သွေးလူးတာက နေလောင်တာကို သိသိသာသာ သက်သာစေပါတယ်။

ဒါတွေအပြင် သီးသီးက

  • ပန်းနာရင်ကျပ်ကို သက်သာစေတာ
  • ရင်သားကင်ဆာ ကာကွယ်ပေးတာ
  • သားအိမ်ကင်ဆာ ကာကွယ်ပေးတာ
  • ကျောက်ကပ် ကျန်းမာစေတာ
  • ကိုယ်ခံအား ကောင်းစေတာ
  • အအေးမိခြင်းနဲ့ အသက်ရှူ လမ်းကြောင်း ပြဿနာတွေကို သက်သာစေတာ
  • အကြားအာရုံကောင်းမွန်စေတာ
  • မျက်စိကျန်းမာစေတာ … အစရှိတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ပါသေးတယ်။

ကဲဒီတော့ ယိုပဲ ထိုးစားစား၊ အနှစ်ကို တိုက်ပြီး ဖျော်ရည်ပဲ လုပ်သောက်သောက်၊ အသီးကို ငရုတ်သီး၊ ဆားတို့နဲ့ နယ်ပြီးပဲ စားစား အရသာရှိတဲ့ သီးသီးလေးက
ဘယ်လိုစားပေးစားပေး လူကိုအကျိုးပြုနိုင်တယ်ဆိုတာ သိသွားကြပြီဆိုတော့ အလျှဉ်းသင့်လို့ ကြုံကြိုက်ရင်တော့ဖြင့် မြည်းစမ်းကြည့်ကြဖို့ အကြံပြုလိုက်ချင်ပါတယ်နော်။

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *