ကမ္ဘာကျော် ဆက်သွယ်ရေးကုမ္ပဏီများ အပြိုင်လုနေသည့် နှစ်နေရာ

အစိုးရက နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားသည့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများကို ပုဂ္ဂလိက ကုမ္ပဏီလေးခုသို့ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ရာ ကျန်ရှိနေသည့် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် နှစ်နေရာအတွက် ကမ္ဘာကျော် ဆက်သွယ်ရေး ကုမ္ပဏီများ လုပ်ကိုင်ခွင့်ရရှိရန် အပြိုင်အဆိုင်ဆွဲဆောင် လာကြသည်။

လက်ကျန်နှစ်နေရာအတွက် စကာတင်ရွေးချယ်ခံထားရသော ဆက်သွယ်ရေးကုမ္ပဏီ ၁၂ခုက ယှဉ်ပြိုင်ရမည်ဖြစ်ရာ လုပ်ကိုင်ခွင့်ရရှိရေး အတွက် ကမ္ဘာကျော် ဆက်သွယ်ရေးကုမ္ပဏီများက ကမ်းလှမ်းမှုမျိုးစုံကို အပြိုင်အဆိုင် ထုတ်ပြန်ကြေညာလာကြသည်။

“ကျွန်တော်တို့ လိုင်စင်ရခဲ့ရင် မြန်မာနိုင်ငံရဲ့ အကောင်းဆုံးဆက်သွယ်ရေး ကဏ္ဍကို ကျွန်တော်တို့ ဘာသာကြိုးစား တည်ဆောက်သွားပါမယ်။ မိုဘိုင်းဝန်ဆောင်မှုတွေ၊ အင်တာနက် စနစ်တွေ အပါအဝင် ဖုန်းခေါ်ဆိုမှုတွေကို တစ်မိနစ် ၂ဝ လောက်နဲ့ ခေါ်ဆိုခွင့်ပေးသွားပါမယ်။ လူတိုင်း ဖုန်းကိုင်နိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းသွားမှာပါ” ဟု ဧပြီလအတွင်း မြန်မာနိုင်ငံ လာရောက်ခဲ့သည့် Telenor Group ၏ ဒုတိယဥက္ကဌ နှင့် အာရှ စီမံခန့်ခွဲရေး အကြီးအကဲ Sigve Brekke ဧပြီလဆန်းပိုင်းက မြန်မာနိုင်ငံသို� လာရောက်စဉ်ပြောဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံ၌ Telenor ၏ လုပ်ငန်းများ လာရောက်ဆောင်ရွက်ပါက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အကူညီပြုရန် ကြိုးပမ်းမည်ဖြစ်ပြီး ၎င်းတို့၏ လုပ်ငန်းများတွင် ဒေသခံ မြန်မာလူမျိုးဝန်ထမ်းဦးရေကို ၉၉ ရာခိုင်နှုန်းအထိ ခန့်အပ်သွားမည်ဖြစ်ကာ ယင်းသို့ ခန့်အပ်နိုင်ရန် ကျွမ်းကျင်ဝန်ထမ်းများကို မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပူးပေါင်းမွေးထုတ်သွားမည်ဖြစ်ကြောင်း Mr. Brekke က ပြောကြားသည်။

ယင်းသို့ပင် ဗြိတိန်အခြေစိုက် Vodafone ကုမ္ပဏီက ဆက်သွယ်ရေးလိုင်စင်ရရှိပါက M-Pesa ခေါ်လက်ကိုင်ဖုန်းဖြင့် ငွေကြေးလွှဲပြောင်းနိုင်သော ဝန်ဆောင်မှုကို စတင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယင်းကုမ္ပဏီများကဲ့သို့ပင် Digicel ကလည်း မြန်မာ အမျိုးသား၊ အမျိုးသမီးလက်ရွေးစင်အသင်းများ၊ MNL ရုံးထွက်ဖလားပြိုင်ပွဲ များကို Sponsor ပေးထားပြီး အသက် ၁၂နှစ်အောက်၊ ၁၄နှစ်အောက်နှင့် ၁၆နှစ်အောက် လူငယ်ဘောလုံးအသင်း များအတွက်ဖွံ့ဖြိုးရေး အစီအစဉ်များကိုလည်း Sponsor(ထောက်ပံ့) ပေးထားသည်။

ထို့အပြင် မြန်မာဘောလုံးဒိုင်များကော်မတီကိုလည်း Sponsor ပေးထားသည်။

စကာတင် ကုမ္ပဏီ ၁၂ခုတွင် ပါဝင်သော ဂျပန်ကုမ္ပဏီတစ်ခုကလည်း အလားတူအပြိုင် ဆွဲဆောင်နိုင် စေရန်လေ့လာမှုများ လာရောက်လုပ်ကိုင်နေပြီ ဖြစ်ကြောင်း ယင်းကုမ္ပဏီကို မိတ်ဆက်အခမ်းအနား ကျင်းပပြုလုပ်နိုင်ရန် ကူညီနေသူတစ်ဦးကဆိုသည်။

ပြည်တွင်း ဆက်သွယ်ရေး ကဏ္ဍတွင်ဝင်ရောက် လုပ်ကိုင်လိုသည့် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများ အများအပြားရှိသော်လည်း နေရာလွတ်နှစ်နေရာသာ ရှိသဖြင့် ယင်းနှစ်နေရာတွင် တစ်နေရာရရှိရေး အပြိုင် အဆိုင်ဆွဲဆောင်ရုံသာမက ပိုမိုသေချာစေရန် အင်အားကြီး ကုမ္ပဏီကြီးများအချင်းချင်း အကျိုးတူပူးပေါင်းကာ လုပ်ဆောင်လာကြသည်ကိုတွေ့ရသည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အဓိက စပွန်ဆာ Digicelနှင့် ပြည်တွင်းအင်အားကြီးရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Yoma Strategic မှ မတ်လ အတွင်းက တည်ထောင်ခဲ့သော YSH Finance Ltd၊ ကမ္ဘာကျော်ရင်းနှီးမြှုပ်နှံမှု သူဌေးကြီး ဂျော့ဆိုးရော့စ် ပိုင်ဆိုင်သည့် Quantum Strategic Partners Ltd တို့က ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်လျှောက်ထားမှုအတွက် ပူးပေါင်းကြောင်း ဧပြီ ၄ ရက်နေ့တွင် ကြေညာ ခဲ့သည်။

ယင်းသို့ပင် တရုတ်နိုင်ငံရှိကမ္ဘာကျော် China Mobile နှင့် အင်္ဂလန်နိုင်ငံအခြေစိုက် Vodafone ကုမ္မဏီ တို့က ပူးပေါင်း၍ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများတွင် အတူတကွဆောင်ရွက်သွားမည်ဟု ကြေညာခဲ့ပြီး 4 G/LTE စနစ်ဝန်ဆောင်မှုများကိုပါ ပေးနိုင်အောင်စီစဉ်သွားမည်ဟု ထုတ်ပြန်ထားသည်။

သို့သော် Telenor Groupက မြန်မာ ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းခြင်းမရှိဘဲ တစ်ဦးတည်းသာ ၁ဝဝ ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ကိုယ်ပိုင် ဆက်သွယ်ရေး ကွန်ယက်နှင့် SIM ကတ်ထုတ်လုပ်မှုဖြန့်ချိမှုကို အနည်းဆုံးခြောက်လ အကြာတွင် အပြည့်အဝ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း Telenor Group ၏ ဒုတိယဥက္ကဌ နှင့် အာရှ စီမံခန့်ခွဲရေး အကြီးအကဲ Sigve Brekke ကပြောကြားသည်။

ယင်းသို့နိုင်ငံတကာ ကုမ္ပဏီကြီးများ ပြည်တွင်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့် တစ်နေရာရရန် အပြိုင်လုပ်ဆောင်ပြီး တင်ဒါအောင်မြင်လာမည့် ပြင်ပကုမ္ပဏီနှစ်ခုနှင့် ဆက်သွယ်ရေးကဏ္ဍတွင် အလိုအလျှောက် လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိထားသော ရတနာပုံတယ်လီကွန် နှင့်မြန်မာ့ဆက်သွယ်ရေးတစ်ဖြစ်လဲ မြန်မာတယ်လီကွန်တို့ယှဉ်ပြိုင် ဝန်ဆောင်မှုပေးရမည်ဖြစ်သည်။

“အခုမြန်မာ့ဆက်သွယ်ရေးက ပေးနေတဲ့ဝန်ဆောင်မှုကတော့ စိတ်ပျက်စရာပဲ။ ဒါပေမဲ့ ဖုန်းဈေးတော့ကြီးတယ်။ အခုမှ ၁၅ဝဝဖြစ်သွားတာ။ ဖုန်းခေါ်ဆိုခကလည်း ဈေးကြီးတယ်။ ဒါကလည်း လက်ဝါးကြီး အုပ်ခွင့်ရထားပြီး အပြိုင်မရှိလို့ဖြစ်တာ။ နိုင်ငံတကာကုမ္ပဏီကြီးတွေ ဝင်လာပြီးရင်တော့ ဝန်ဆောင်မှုကောင်းတဲ့သူ သာသွားမှာပဲ “ဟု အိုင်တီပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
“ဝန်ဆောင်မှုဘက်ကိုဇောင်းပေးပြီး ပြိုင်ဆိုင်ကြလိမ့်မယ်။ ပြိုင်ဆိုင်မှုရှိလာမယ်ဆိုရင် ဝန်ဆောင်မှုတွေ ကောင်းလာလိမ့်မယ်လို့မျှော်လင့်တယ်”IT ပညာရှင် ဦးရဲမြတ်သူ ကသုံးသပ်သည်။

ယင်းကုမ္ပဏီလေးခုမှ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း မိုဘိုင်းဖုန်း အလုံးရေ သုံးဆယ့်ကိုးသန်းငါးသိန်း ရောင်းချပေးနိုင်ရန် ရည်ရွယ်ထားပြီး ၂ဝ၁၃-၁၄ တွင် လိုင်း ၁ဝသန်း၊ ၂ဝ၁၄-၁၅ တွင် လိုင်း ၁၄ သန်း၊ ၂ဝ၁၅-၁၆တွင် ၁၅ဒသမ၅သန်း တပ်ဆင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ထံမှသိရသည်။

လူဦးရေ သန်း ၆ဝ ရှိသောနိုင်ငံတွင်၂ဝ၁၆ခုနှစ်တွင် လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှ ၈ဝရာခိုင်နှုန်းအထိ သုံးစွဲမှုနှုန်း မြင့်မားလာရေး ဆောင်ရွက်ရန် လုပ်ဆောင်နေခြင်းကြောင့် နိုင်ငံတကာကုမ္ပဏီကြီးများက ပြည်တွင်းမိုလ်ဘိုင်း ဆက်သွယ်ရေးဈေးကွက်သို့ အပြိုင်တိုးဝင်လာခြင်းဖြစ်သည်။

“တယ်လီဖုန်းပိုင်ဆိုင်မှု ၁ဝ ရာခိုင်နှုန်းပဲရှိတဲ့နိုင်ငံမှာ ကမ္ဘာ့အဆင့် ဆက်သွယ်ရေးကဏ္ဍ ကိုလုပ်ကိုင်ခွင့်ရရှိအောင်ကျွန်တော်တို့ပူးပေါင်းပြီး အစိုးရဆီကို လိုအပ်တဲ့စာရွက်စာတမ်းတွေတင်ခဲ့ပါတယ်” Digicel Group ၏ တည်ထောင်သူနှင့်ဥက္ကဌဖြစ်သူ Denis O’Brien ကမှတ်ချက်ပေးသည်။

မြန်မာဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးရန်၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁၅ တွင် နိုင်ငံပိုင်သတင်းစာများမှတဆင့် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို ဖိတ်ခေါ် ခဲ့ရာလာရောက် လျှောက်ထားသော ကုမ္ပဏီ ၉ဝ ကျော်ရှိသည်။

ယင်းကုမ္ပဏီ ၉ဝကျော်ထဲမှ ပဏာမရွေးချယ်ထားသော ကုမ္ပဏီ ၁၂ ခုကို ဆက်သွယ်ရေးအော်ပရေတာ တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီက ဧပြီလ ၁၁ ရက်နေ့တွင် တရားဝင်ကြေညာခဲ့သည်။

ပဏာမရွေးချယ်ခံရသော ဆက်သွယ်ရေးကုမ္ပဏီကြီးများ အနေဖြင့် နောက်ဆုံးအဆင့်ရွေးချယ်ခံရန်အတွက် ဆက်သွယ်ရေးအော်ပရေတာ တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီသို့ ဇွန်လ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထား ရမည်ဖြစ်သည်။

လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီနှစ်ခုကို ၂ဝ၁၃ ဇွန်လ ၂၇ တွင်ကြေညာမည်ဟု ပဏာမ သတ်မှတ်ထားပြီး ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ခွင့်သက်တမ်း ကို၁၅ နှစ် သတ်မှတ်ထားသည်။

ယင်းကြောင့်လာမည့်နှစ် ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍမှာ အပြောင်းအလဲများစွာ ဖြစ်ပေါ်နိုင်ပြီး နှစ်ပေါင်းများစွာ ဝန်ဆောင်ခမြင့်မြင့်နှင့် အနိမ့်ဆုံးဝန်ဆောင်မှု ရရှိနေသည့် မြန်မာနိုင်ငံသားများ အတွက်မူ ကျန်ရှိနေသည့် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် နှစ်နေရာရရှိရန်ကိုပင် ကမ်းလှမ်းမှုများစွာနှင့် ဆွဲဆောင်နေကြသည်ဖြစ်ရာ အံ့အားသင့်စရာကောင်းကြောင်း အမှန်တကယ် ဈေးကွက်အတွင်း ယှဉ်ပြိုင်လာချိန်တွင် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများကို ကြုံရမည်ထင်ကြောင်း အိုင်တီပညာရှင်များက သုံးသပ်ကြသည်။

ကမ္ဘာ့မိုဘိုင်းလ်ဈေးကွက်တွင် နောက်ဆုံးကျန်ရှိသည့် တစ်ခုတည်းသော အကြီးဆုံးဈေးကွက်အဖြစ် ကမ္ဘာကျော်ဆက်သွယ်ရေးကုမ္ပဏီ အများစု သတ်မှတ်ထားသည့် မြန်မာ့ဆက်သွယ်ရေးဈေးကွက် ဝင်ရောက်ခွင့်အတွက် ပြိုင်ဆိုင်ရာတွင် နော်ဝေကုမ္ပဏီ Telenor နှင့် စင်ကာပူ၏ SingTel တို့မှာ ထိပ်ဆုံးမှ ရေပန်းစားနေကြောင်း ၎င်းတို့က ခန့်မှန်းနေကြသည်။

မည်သို့ပင်ဆိုစေ မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု ပုံသဏ္ဍာန်မှာ ကမ္ဘာကျော် ဆက်သွယ်ရေးကုမ္ပဏီများ အပြိုင်လုနေသည့် နှစ်နေရာကြောင့် ယခုဖြစ်နေသည့် ရောင်းသူစိတ်ကြိုက် အနေအထားမှ လာမည့်နှစ်အနည်းငယ် အတွင်းတွင် ဝယ်သူစိတ်ကြိုက် ရွေးနိုင်သည့် အနေအထား ဖြစ်လာမည်မှာ သေချာလှပေသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လိုင်စင်နှစ်နေရာအတွက် နောက်ဆုံး ၁၂ ခု စာရင်း
1.Airtel Consortium၊
2.Axiata Group Berhad၊
3.Digicel + YSH Finance Ltd + Quantum Strategic Partners Ltd
4.France Telecom-Orange + Marubeni၊
5.Millicom International Cellular S.A.၊
6.MTN Consortium (MTN Dubai + M1 Telecom + Amara Communications)၊
7.Qatar Telecom (Qtel) Q.S.C (“Ooredoo”)၊
8.Singapore Telecommunications (Singtel) + KBZ + Myanmar Telephone Company Limited (M-Tel)၊
9.Telenor Mobile Communications AS၊
10.Viettel Group၊
11.Vodafone + China Mobile

  1. KDDI Corporation + Sumitomo Corporation + Myanmar Information and Communication Technology Development Corporation (MICTDC) + A1 Construction

မြတ်မင်း၊ ရဲဇွန်အောင်
ဇွန်၊ ၂၀၁၃
The Voice Weekly

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *