ကရဝေးရွက် ဆိုတာ ဒံပေါက်လိုမျိုး၊ ဆိတ်သားမဆလာချက်လိုမျိုး အိန္ဒိယအစားအစာတွေမှာ အမြဲတွေ့ရတတ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးအနေနဲ့ လူသိများပါတယ်။
တကယ်တော့ ကရဝေးက မြေထဲပင်လယ်မျိုးရင်း အမြဲစိမ်းအပင်တစ်မျိုးပါ။ ကရဝေးရွက်ကတော့ ဒီအပင်ရဲ့ အရွက်ပေါ့။ ရနံ့အတော်လေးမွှေးလှလို့ ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးများသလို အမွှေးနံ့သာအဖြစ်လည်း သုံးကြပါသေးတယ်။
ကရဝေးရွက်ကို အရွက်စိမ်းအတိုင်းဖြစ်ဖြစ်၊ အခြောက်ခံပြီးဖြစ်ဖြစ် အမှုန့်အနေနဲ့ပဲဖြစ်ဖြစ် ဟင်းခတ်အနေနဲ့ အသုံးပြုနိုင်ပါတယ်။ တစ်ချို့ကတော့ အဆီထုတ်ပြီး ဆေးဝါးအနေနဲ့ အသုံးချကြတာမျိုးလည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ကရဝေးရွက်ဟာ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို သေစေနိုင်တဲ့ အစွမ်းအာနိသင်၊ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ အစွမ်းအာနိသင်၊ ဆီးရွှင်စေနိုင်တဲ့ အနိသင်နဲ့ သွေးတိတ်စေနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိတယ်ဆိုပြီး လူသိများတာကြောင့်ပါ။
ကရဝေးရွက် ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
တကယ်တမ်းအားဖြင့်လည်း ကရဝေးရွက်မှာ သဘာဝဒြပ်ပေါင်းတွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်တာကြောင့် ကိုယ်ခန္ဓာအတွက် အများကြီးအကျိုးပြုတာ အမှန်ပါပဲ။ ဒါပေမယ့် ဒီအချက်တွေနဲ့ တွဲလျက်အနေနဲ့ ကရဝေးရွက်မှာ သတိပြု သုံးစွဲဖို့သင့်တဲ့ အကြောင်းပြချက်တွေလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် ဒီစာစုလေးထဲမှာတော ကရဝေးရွက်ကနေရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေနဲ့ သတိပြုစရမယ့် အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
ကရဝေးရွက်ရဲ့ ကောင်းကျိုးလေးတွေကတော့
၁။ ဆီးချိုကို သက်သာစေတာ – ကရဝေးရွက်ကို အမျိုးအစား – ၂ ဆီးချိုဝေဒနာရှင်တွေနဲ့ အင်ဆူလင်အစွမ်းသတ္တိကို သိရှိခံစားမှု လျော့ကျလာတဲ့ ကျန်းမာရေး ပြဿနာ (Insulin Resistance) ခံစားနေရသူတွေ စားသုံးပေးဖို့ သင့်တော်ပါတယ်။ ကရဝေးရွက်က သွေးတွင်းသကြားဓါတ်၊ ကိုလက်စထရောနဲ့ Triglyceride ပမာဏတွေကို ကျဆင်းစေနိုင်တာကြောင့်ပါ။
၂။ အစာကြေချက်မှု ကောင်းမွန်စေတာ – ကရဝေးရွက်က အစာကြေချက်မှုကို ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်သလို ရင်ပူတာနဲ့ လေပွတာလိုမျိုး အစာချေစနစ်မှာ ဖြစ်ပေါ်တဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ကရဝေးရွက်က ဝမ်းချုပ်တာ၊ အစာအိမ်အချဉ်ပေါက်တာနဲ့ အူမကြီး ကျန်းမာရေးပြဿနာတွေကိုလည်း သက်သာစေပြီး အစာစားချင်စိတ်ဖြစ်ပေါ်အောင်လည်း လှုံ့ဆော်ပေးနိုင်ပါတယ်။
၃။ နှလုံးသွေးကြောတွေကို ကျန်းမာစေတာ – ကရဝေးရွက်မှပါတဲ့ အင်အားပြည့်ဝတဲ့ Phytonutrient က ရုတ်တရက်နှလုံးရပ်တာနဲ့ လေဖြတ်တာလိုမျိုး နှလုံးသွေးကြောဆိုင်ရာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကရဝေးရွက်မှာ နှလုံးရဲ့လုပ်ဆောင်မှုတွေကို တိုးတက်စေတဲ့ Rutin၊ Salicylates၊ Caffeic Acid နဲ့ Phytonutrient တွေလိုမျိုး ဒြပ်ပေါင်းတွေ ပါဝင်နေတာမို့ စိတ်ဖိစီးတတ်သူတွေနဲ့ နှလုံးရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်။
၄။ အဖျားရောဂါ နဲ့ ကူးစက်ရောဂါတွေကို သက်သာစေတာ – ကရဝေးရွက်မှာအအေးမိတာ၊ တုပ်ကွေးနဲ့ ကူးစက်ရောဂါလက္ခဏာတွေကို တိုက်ထုတ်နိုင်တဲ့အစွမ်းအာနိသင်ရှိပါတယ်။ ချောင်းဆိုးတာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေအတွက်လည်း အထူးသင့်တော်ပါတယ်။ အဖျားကျစေနိုင်တဲ့ အစွမ်းလည်းရှိပါတယ်။
၅။ နာကျင်မှုတွေကို သက်သာစေတာ – ကရဝေးရွက်ကရောင်ရမ်းနာကျင်မှုတွေကို သက်သာစေနိုင်တဲ့အစွမ်းရှိတာကြောင့် အဆစ်လွဲတာ၊ ကြွက်သားတွေ တောင့်တင်းတာ၊ အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်တာနဲ့ ဒူလာရောဂါတွေကို သက်သာစေနိုင်သလို ခေါင်းကိုက်တာကိုလည်း သက်သာစေနိုင်ပါတယ်။
၆။ ကင်ဆာကို ခုခံပေးနိုင်တာ – ကရဝေးရွက်မှာ ကင်ဆာရောဂါတွေကို ခုခံတိုက်ဖျက်ပေးနိုင်စွမ်းကို ထောက်ပံ့ပေးတဲ့ Chemo-protective အစွမ်းသတ္တိတွေရှိတဲ့ Caffeic အက်ဆစ်၊ Quercetin၊ Euganol နဲ့ Catechin တို့အပြင် သားအိမ်ခေါင်းကင်ဆာဆဲလ်တွေပြန့်ပွားမှုကို ထိန်းချုပ်ဟန့်တားနိုင်စွမ်းရှိတဲ့ Phytonutrient လည်း ပါဝင်နေပါတယ်။
၇။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း အထောက်အကူပြုပေးတာ – ကရဝေးရွက်မှာ ဖောလစ်အက်ဆစ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ဝန်မဆောင်ခင် ၃ လအလိုနဲ့ ကိုယ်ဝန်ဆောင်ကာလ ၃ လအတွင်းမှာ စားသုံးပေးမယ်ဆိုရင် သန္ဓေသားအတွက် လိုအပ်တဲ့ ဖောလစ်အက်ဆစ်တွေကို ထောက်ပံ့ပေးပြီး ကလေးငယ်မှာ မွေးရာပါ ချို့ယွင်းချက် မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နောက်ပြီး ကရဝေးရွက်က သန္ဓေအောင်စေဖို့ အတွက်လည်း ကူညီပေးနိုင်ပါသေးတယ်။
၈။ ရာသီသွေးဆင်းတဲ့ပြဿနာတွေကို သက်သာစေတာ – ကရဝေးရွက်က ရာသီသွေးကို ပုံမှန်ဆင်းစေပါတယ်။ အဖြူဆင်းတာကိုလည်း သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။
၉။ အိပ်ပျော်စေတာ – အိပ်ရာဝင်ခါနီး ကရဝေးရွက်စားသုံးပေးမယ်ဆိုရင် ကောင်းကောင်းအိပ်ပျော်စေမှာဖြစ်ပါတယ်။
၁၀။ ဆံသားနဲ့ အသားအရေ လှပကျန်းမာစေနိုင်တာ – ကရဝေးရွက်က အရေပြားဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ အရေးအကြောင်းတွေ ဖြစ်ပေါ်တာ၊ အရေပြားပေါ်မှာ အနီအကွက်တွေ ဖြစ်တာကို သက်သာစေနိုင်သလို အာဟာရဓာတ်တွေက ဆံသာကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ဆံသားအတွက်ဆိုရင်လည်း ဗောက်သက်သာစေခြင်းနဲ့ သန်းကင်းစင်စေခြင်းလိုမျိုး အကျိုးကျေးဇူးတွေ ပေးစွမ်းပါတယ်။
ဒီလိုမျိုး အမျိုးမျိုးအဖုံဖုံ အသုံးတည့်လှတဲ့ ကရဝေးရွက်မှာ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေပြန်ပါသေးတယ်။ ဒါတွေကတော့
- ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ ကရဝေးရွက်ကို စားသုံးသင့်တာ
- ဆီးချိုဝေဒနာသည်တွေအနေနဲ့ မိမိရဲ့ သွေးချိုပမာဏကို သိရှိပြီးမှသာ ချင့်ချိန် စားသုံးသင့်တာ
- ကရဝေးရွက်က ပင်မအာရုံကြောစနစ်ရဲ့လုပ်ဆောင်မှုကို ကျဆင်းစေနိုင်တာကြောင့် ခွဲစိတ်ကုသမှု ခံယူဖို့ရှိတယ်ဆိုရင် ခွဲခန်းမဝင်ရခင် ၂ ပတ်လောက် အလိုကတည်းက ကရဝေးရွက်ကို မစားပဲ ရှောင်ကျဉ်သင့်တာ
- ကရဝေးရွက် အခြောက်က အခန့်မသင့်ရင် အစာခြေအူလမ်းကြောင်း အထက်ပိုင်း သွေးယိုစီးမှုကို ဖြစ်စေနိုင်တာ
- ကရဝေးရွက်နဲ့ ကရဝေးရွက်အဆီက ပန်းနာရင်ကျပ်ရောဂါကို ဖြစ်စေနိုင်တာ စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။
ဒီတော့ စာဖတ်ပရိတ်သတ်တို့လည်း ကျန်းမာရေးကို အများကြီးအထောက်အကူဖြစ်တဲ့ ကရဝေးရွက်ကို မိမိတို့ အလိုရှိသလောက် မှီဝဲကြတော့မယ်ဆိုရင် မိမိတို့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ချိန်ညှိတွေးဆပြီးတော့မှသာ မှီဝဲကြဖို့ မှာချင်ပါတယ်နော်။