ကိုဗစ်နဲ့ သတင်းမီဒီယာကျင့်ဝတ် – ၁

ကျနော် သတင်းမီဒီယာ Industry ထဲက လာခဲ့တဲ့သူပါ။ ဒါကြောင့် အမြဲ ဆန်ရင်းနာနာဖွတ်ပါတယ်။ အမြင်မတော်တာရှိရင် ပြောဖြစ်ပါတယ်။ ဆောင်းပါးတွေ ရေးပြီး ထောက်ပြခဲ့တာတွေလည်းရှိဖူးပါရဲ့။

နောက်ပိုင်း ၁ နှစ်- ၂ နှစ်တာ ကာလတွေမှာတော့ သိပ်မပြောဖြစ်တော့ပါဘူး။ ခုတော့ ပြောချင်စိတ်ရှိလာလို့ ပြောပါဦးမယ်။ ခုနောက်ပိုင်း COVID-19 ကပ်ဘေးစလာပြီးတဲ့အခြေနေမှာ လောက်လောက်လားလား မီဒီယာကြီးတွေဆီက တင်ဆက်နေတဲ့ သတင်းတွေမှာ ဦးတည်ချက် အရမ်းဆိုးရွားလာနေတယ်လို့ ခံစားလာရတယ်။

ဒီရက်ပိုင်းမှာတင် ရုပ်သံသတင်းတစ်ပုဒ်နဲ့ ပုံမှန် အွန်လိုင်းသတင်းတစ်ပုဒ်ကို မျက်လုံးထဲ မှတ်မှတ်ထင်ထင် သတိထားမိလာတယ်။ ၂ ခု လုံးက တချိန်က ရွှေထီးဆောင်းခဲ့ဖူးတဲ့ Exile Media ကြီးတွေက တင်ဆက်သွားကြတာပါ။ ရုပ်သံသတင်းက သီလဝါစက်မှုဇုံမှာ လဲကျသွားတဲ့ တရုတ်နိုင်ငံသားအကြောင်း သတင်းပါ။
သတင်းရဲ့ ဦးတည်ချက်က တရုတ်တစ်ယောက် လဲကျသွားတာ COVID-19 ကြောင့်ဖြစ်နိုင်တယ်ဆိုတဲ့ ဘက်ကို လွန်လွန်ကဲကဲ ဇောင်းပေးထားတယ်။ တရုတ်လူမျိုးဖြစ်နေတာမို့ ဆိုတဲ့ ကိစ္စကို လွန်လွန်ကဲကဲ ပြထားတာ။ ထည့်ထားသမျှ Quote တိုင်းက အဲ့အချက်ကိုချည်း တည်ပြောသွားတာတွေချည်း။ သူတို့ လူကို ပေးချင်တဲ့ Message က လူတစ်ယောက် ဘာကြောင့် မှန်းမသိ လဲကျသွားတာကို ပြောချင်တာလား? တရုတ်မို့ COVID-19 ဝေဒနာရှင်ဖြစ်မှာ သေချာတယ်လို့ ပြောချင်နေတာလား မကွဲဘူး။

အနောက်နိုင်ငံတွေမှာ COVID-19 ကိစ္စစလာပြီးကတည်းက အာရှနွယ်ဖွားတွေ ခွဲခြားတိုက်ခိုက်ခံရမှုမြင့်တက်လာနေတယ်။ မူလရှိနှင့်ပြီးသား ခွဲခြားဆက်ဆံလိုစိတ်နဲ့ မီဒီယာတွေရဲ့ အထိမ်းအကွပ်မရှိ ရေးသားမှုတွေကြောင့် ခုလိုဖြစ်လာခဲ့တယ်ဆိုတာ သက်သေသက္ကာယ ထင်းထင်းကြီးရယ်။ ခု မီဒီယာတချို့ရဲ့ တင်ဆက်ပုံတွေက အဲ့လမ်းကြောင်းပေါ် မောင်းတင်နေသလိုကြီး။

နောက်တစ်ခုက သိပ်မကြာခင် နာရီပိုင်းလောက်ကမှ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်။ သံသယလူနာတွေ မကြာခန သေနေကြတယ်ဆိုတဲ့ အကြောင်း။ ဒီသတင်းမှာလည်း သူတို့ဇောင်းပေးထားတာက အစိုးရက ဖုံးကွယ်နေသယောင်ယောင်၊ အဲ့ သေဆုံးသွားတဲ့ လူနာတွေမှာ COVID-19 ပဲ ကူးစက်ခံထားရသယောင်ယောင်၊ မြန်မာပြည်က ရောဂါရှာဖွေ စစ်ဆေးရေးစနစ်တွေကပဲ အလွန်အမင်းနိမ့်ကျနေသယောင်ယောင်။ ယုန်ထင်ကြောင်ထင် Quote တွေ ထည့်သုံးပြီး သတင်းဖန်တီးထားတယ်။ အရင်းအမြစ်တွေရဲ့ ခိုင်မာမှုကလည်း သံသယဖြစ်ဖွယ် အခြေအနေကြီး။ အချက်အလက်မှားတွေ ထည့်ပြောနေတဲ့ လူတွေ။

အဲ့ဒီ သတင်းနှစ်ခုလုံးကို ဖတ်ပြီးတဲ့အခါမှာ ထောက်ပြချင်စရာ ၂ ချက်ရှိတယ်။ တစ်ချက်က သတင်းအရင်းအမြစ် သုံးစွဲမှု၊ နောက်တစ်ချက်က သတင်းအတတ်ပညာနဲ့ Bias ပါဝင်မှု။

သတင်းအရင်းအမြစ်ဟာ သတင်းမှာ အသက်ပဲ။ ခိုင်လုံရမယ်၊ မျှတရမယ်။ ကျနော်တို့ သတင်းစာပညာစသင်ချိန်မှာ သင်ခဲ့ရတာက ရှင်းတယ်။ သတင်းဟာ ဘက်မျှရမယ်၊ ဘက်လိုက်ရမှာမဟုတ်ဘူး။ သတင်းကို Source တစ်ခုတည်း၊ တစ်ဘက်အသံံ တစ်မျိုးတည်းနဲ့ လက်လွှတ်တာဟာ ယုတ်ညံ့တဲ့ အမူအကျင့်ပဲ။ သတင်းတင်ဆက်တာဟာ အကြောင်းအရာနဲ့ အချက်အလက်ကို ပြသတာသာ ဖြစ်တယ်။
ကိုယ်ပိုင်အမြင်နဲ့ ကိုယ့်ဘက်က ရှုထောင့်ကို ပြတာမဟုတ်ဘူး။ ခုနောက်ပိုင်း အွန်လိုင်းမီဒီယာတွေ ခေတ်ကောင်းလာချိန်၊ ရုပ်သံသတင်းတွေ ခေတ်စားလာချိန်တွေမှာ အဲ့ဒီလို ပလီစိချောက်ချက် မီဒီယာလေးတွေက ဒီလို ဘက်မမျှတဲ့ သတင်းတွေ သတင်းဖွဲ့စည်းပုံ (5W1H) မပြည့်စုံတဲ့ သတင်းတွေ တင်ဆက်တာ အတွေ့များလာရတယ်။ သူတို့ရဲ့ အဖြစ်သဘော သတင်းတွေ အားကောင်းလာချိန်မှာ ထိပ်တန်းမီဒီယာတွေနဲ့ Print Media တွေကိုယ်တိုင် ခြေဒရွတ်ဆွဲပြီး ဒီလမ်းပေါ်တက်လာတာဟာ စိတ်မကောင်းစရာ မြင်ကွင်းပါ။

နောက်ထပ် တစ်ချက်ဖြစ်တဲ့ သတင်းအတတ်ပညာနဲ့ Bias ပါဝင်မှုပေါ့။ သတင်းတင်ဆက်မှုအပိုင်းဟာ အချက်အလက်တွေကို ဆက်စပ်ပြီး ဖန်တီးရတာမို့ ခံစားကြည့်မယ်ဆိုရင် အနုပညာဆန်တဲ့ ကိစ္စတစ်ခုပါ။ ခုခေတ်မှာ Citizen Journalist ဆိုတာတွေ ပေါ်လာတယ်။ သတင်းတည်ဆောက်ပုံတွေ၊ သတင်းဖန်တီးမှု အတတ်ပညာတွေ၊ အားထုတ်မှုတွေ လျော့လာကြတယ်။ ဖုန်းလေးနဲ့ ဓာတ်ပုံရိုက်ပြီး စာလေး ၂ ကြောင်းလောက် ဖမ်းရေးထားတာကိုလဲ သတင်းလို့ ခေါင်းစဉ်တပ်ချင် တပ်နေကြတာပဲ။ Citizen Journalist တွေကို အပြစ်ပြောနေတာမဟုတ်ပါဘူး။ သူတို့က လိုအပ်ပါတယ်။ ဒါပေမယ့် တဖက်မှာလည်း တကယ့် သတင်းစာအတတ်ပညာနဲ့ ဖန်တီးထားတဲ့ သတင်းတွေကိုလည်း ကျနော်တို့ အလိုရှိပါတယ်။
အားကောင်းတဲ့ သတင်းတစ်ပုဒ်ဟာ ချက်နဲ့လက်နဲ့ အကိုးနဲ့ အကားနဲ့ အရင်းအမြစ် စုံစုံလင်လင်နဲ့။ ဖတ်လိုက်ရုံနဲ့ အော် ဒါက ဒီလိုပါလားလို့ ခံစားသွားရမယ်။ စာရေးသူအချင်းချင်းတောင် ကျေနပ်အားရမှုကို ခံစားသွားစေရမယ်။ သိချင်တာတွေကို သိလိုက်ရတဲ့ ကျေနပ်နှစ်သိမ့်မှုမျိုးပေးနိုင်ရမယ်။ အဲ့ဒီဖီးလ်မျိုးကို ကျနော်ဆို သိပ်သဘောကျတယ်။

သတင်းဆိုတာ မြန်တာကောင်းပါတယ်။ ဒါပေမယ့် သတင်းဆိုတာ ထုတ်နှုန်းမြန်လေ ပြည့်စုံဖို့ ခက်လေပါပဲ။ ဒီတော့ ပြည့်စုံဖို့ အချိန်ယူရတယ်၊ လိုအပ်တာတွေကို အတည်ပြုရတယ်၊ သေချာပြင်ဆင်ရတယ်။ ဒီလိုတွေ ပြင်ဆင်ပြီးမှ မတူညီတဲ့ တင်ပြပုံနဲ့ ပရိတ်သတ်ကို ပြန်ဆွဲဆောင်တယ်ပေါ့။ အချက်အလက်တွေကို ဘယ်လောက်မြန်မြန် သိရ၊ သိရ ပြီးပြည့်စုံစွာရှင်းလင်းပြနိုင်တဲ့ သတင်းမျိုးကို လူတိုင်းက အာသီသရှိနေဆဲပါ။

ထားတော၊့ အဓိက ပြောချင်တဲ့ ပြဿနာက တချို့တွေက အဲ့လိုတင်ပြနိုင်တယ်၊ တင်ဆက်နိုင်တယ်၊ ဒါပေမယ့် စေတနာပါမလာဘူး။ သတင်းအတတ်ပညာကို အသုံးချပြီး မသိမသာနဲ့ ပါးပါးလေးပုတ်ပြီး ဘက်လိုက်သွားကြတယ်။ လူတွေကို လိုသလို ကျုံးသွင်းသွားတဲ့ သတင်းတွေ ပိုပိုမြင်လာနေရတယ်။ မှတ်မိကြဦးမယ်ဆိုရင် ဒါမျိုးတွေကို ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ရယ်၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကာလတွေမှာ ကျနော်တို့ တဝကြီးဖတ်ခဲ့ကြခဲ့ရပြီးပြီလေ။ ရွေးကောက်ပွဲကို သပိတ်မှောက်ကြတို့၊ မေမေနိုင်မှ ဖြစ်မယ်တို့ စသည်၊ စသည်ပေါ့။ တော်သင့်ပြီထင်တာပါပဲ။ တစ်ချို့မီဒီယာကြီးတွေဟာ လူတွေကို Bias တွေ မြှုပ်ထည့်ထားတဲ့ သတင်းတွေနဲ့ ဘယ်အချိန်အထိ ဆက်ဂျင်းထည့်နေကြဦးမှာလဲ။

ပြောရမယ်ဆိုရင် လူတိုင်း အသိဉာဏ်ရေချိန်ခြင်းမတူညီပါဘူး။ ဘဝနေထိုင်မှုပုံစံ၊ လေ့လာနိုင်စွမ်း၊ လူနေမှုဘဝနဲ့ ပတ်ဝန်းကျင်ကြောင့် သိနားလည်မှုခြင်း ကွာခြားပါတယ်။ ဒါက လူ့သဘာဝပါပဲ။ ဒါကြောင့်လည်း မသိတာတွေကို သိရအောင် သတင်းတွေ ဖတ်ရှုကြတာပါ။ ဒီအတွက်လည်း လူလေးစားခံရတဲ့ မီဒီယာကြီးတွေပြောရင် မှန်မှာပဲဆိုတဲ့ အတွေးက လူတွေအကြားမှာ ရှိနေနှင့်ပြီးသားရယ်ပါ။ ဒီလို အခြေအနေမျိုးမှာ ခုလို သတင်းတင်ဆက်မှုတွေက ဘယ်လောက် အန္တရာယ်များလဲ သတင်းကို တင်ဆက်နေကြသူတွေကိုယ်တိုင် သိကြမယ်ထင်ပါရဲ့။

Ads Industry ထဲက သူငယ်ချင်းတစ်ယောက် ပေးလာတဲ့ သတင်းတွေအရဆိုရင် COVID-19 ကပ်ဘေးကာလမှာ လူတွေက Printed Media တွေဘက်ကို ပိုလှည့်လာကြတယ်တဲ့။ အွန်လိုင်းအခြေပြုမီဒီယာတွေမှာ ဂျင်းတွေ များလာနေပြီဆိုတာကို ပိုနားလည်လာတဲ့ သဘောပေါ့။ လူတွေ ဘာလို့ ဒီလိုဖြစ်လာလဲဆိုရင် အသိပညာရေချိန် အတော်အတန် မြင့်လာပြီး၊ သတင်းတုတွေ ဒါဏ်မကြာခန ခံခဲ့ရပြီးပြီမို့ပါ။ ဒါပေမယ့် တစ်ချို့သော သတင်းဘက်လိုက်မှုတွေ၊ သတင်းမှားတွေကို သူတို့ ခွဲခြားနိုင်စွမ်း ချင့်ချိန်နိုင်စွမ်း အားနည်းနေကြဆဲပါ။ ဒီလိုလူတွေကို အကြောက်တရားတွေ ရိုက်မသွင်းနေကြပါနဲ့။

လက်တလော လူတွေအကြားမှာ ပွက်လောရိုက်သွားခဲ့တဲ့ Panic Buying တွေဖြစ်လာတာကလည်း ဘယ်သူတွေကြောင့်ဖြစ်လာတယ်ဆိုတာ ကိုယ့်ကိုယ်ကို သိကြမယ်ထင်ပါတယ်။ ဝန်ကြီးဌာနရဲ့ အတည်ပြုချက်တွေအရ မြန်မာပြည်ကို ကိုရိုနာဗိုင်းရပ်စ် မရောက်သေးပါဘူး။ မြန်မာပြည်က ရောဂါစစ်ဆေးမှုစနစ်တွေက အဆင့်မမှီဘူးဆိုတာလည်း မဟုတ်ပါဘူး။ ရောဂါကို ကုသနိုင်တဲ့ ဆေးတွေ စတင်ပေါ်လာနေပြီဖြစ်သလို အလုံးစုံကာကွယ်နိုင်မယ့် ဆေးတွေလည်း ဖန်တီးနေကြပါပြီ။ အီတလီနဲ့ အီရန်ကိုဖယ်လိုက်ရင် ကျန်တဲ့ တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့ ရောဂါအခြေအနေက ဆိုးရွားတယ်လို့ ပြောဖို့ခက်ပါတယ်။ ရောဂါရဲ့ မူလအစဖြစ်သလို ရောဂါဒါဏ်အများဆုံး ခံခဲ့ရတဲ့ တရုတ်ဆို ကူးစက်နှုန်းတောင် အတော်ကျနေပြီဖြစ်သလို Recovery နှုန်းလည်း သိသိသာသာတက်လာနေပါပြီ။ စီးပွားရေးလုပ်ငန်းတွေ ပြန်စနေပြီ၊ ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်ကြဖို့ အစိုးရကိုယ်တိုင် တိုက်တွန်းနေပြီ။
တရုတ်အခြေအနေကောင်းလာရင် လက်ရှိ အသက်ငင်နေတဲ့ မြန်မာ့စီးပွားရေးလည်း အသက်ရှှုပြန်ချောင်လာနိုင်တာမို့ အခြေအနေက အဆိုးဆုံးမဟုတ်တော့တဲ့ အနေအထားပါ။ ဘာကြောင့် Panic တွေပဲ ဖြစ်စေချင်နေတာလဲ။ တစ်ခုတော့ ဖြေပါ။

မောင်မိုးဇွန်
COVID-19
၂၁၊ မတ်၊ ၂၀၂၀
တောရေးတောင်ရေး

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *