ကိုယ်က မြန်မာစကားပုံလေးတွေ လေ့လာရတာ အမြဲစိတ်ဝင်စားတယ်။ ဒီနေ့ COVID-19 အကြောင်း သတင်းတွေ ဖတ်နေရင်း အစိုးရဟာ သတင်းထိန်ချန်တယ်ဆိုတဲ့ စာတွေ ဆက်တိုက်ဖတ်ရတာများလာတော့၊ ခေါင်းထဲဝင်လာတဲ့ စကားပုံလေးက “တစ်မင်းပြောင်းမှ တစ်မင်းအကြောင်းသိ” တဲ့။ ကဲ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလုံးစာ မြန်မာ့နိုင်ငံရေး ခတ်ကွင်းကြီးနဲ့ ယှဉ်ထိုးကြည့်ရင် ဘယ်လောက် ပနံရလိုက်သလဲ။
မင်းတစ်မင်း၊ အစိုးရတစ်ဆက်ကနေ နောက်တစ်ဆက်ကို ပြောင်းလဲပြီး တကယ်ဖြတ်သန်းရချိန်မှာ သူတို့ရဲ့ ကောင်းခြင်းဆိုးခြင်း၊ တော်ခြင်းညံ့ခြင်း၊ လုပ်နိုင်စွမ်း၊ စီမံနိုင်စွမ်းနဲ့ ဉာဏ်အရည်အသွေးကို သိနားလည်ကြရမယ် မဟုတ်လား။
ကိုယ်သတင်းထောက်စဖြစ်တော့ ဦးသိန်းစိန်အစိုးရလက်ထက် အစောပိုင်းကာလတွေပေါ့။ နဂိုစိတ်အခံအားဖြင့် နိုင်ငံရေးကို စိတ်ဝင်စားပေမယ့် သတင်းလောကထဲဝင်လာချိန်မှာတော့ နိုင်ငံရေးသတင်းထက် စီးပွားရေးကို ပိုဓာတ်ကျခဲ့တယ်။ ကိုယ်က geo-politic တို့ political economy တို့ကို ပိုအားသန်တာမို့ political activism ကြီးစိုးတဲ့ မြန်မာ့နိုင်ငံရေး သတင်းတွေ မရေးချင်ခဲ့ဘူး။ ဒီတော့ စီးပွားရေးဘက်ကို ရွေးခဲ့တယ်။
နောက်ပိုင်းတော့ ပြည်တွင်းမှာ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွေလုပ်ပြီး နိုင်ငံထဲကို ပြည်ပဆက်သွယ်ရေးကုမ္ပဏီတွေဝင်လာတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်ရေးသတင်းတွေ ကိုင်ဖို့ အကြောင်းဖန်လာရော။
ဒီအချိန်မှာ တောင်တောင်အီအီလိုက်လေ့လာရင်း E-democracy တို့၊ Politics of Science and Technology တို့ Media activism အကြောင်းတို့ကို စိတ်ဝင်စားလာတယ်။ ဒါပေမယ့် ဒါတွေအကြောင်းရေးဖို့ဆိုရင် ကိုယ်တွေဆီမှာက အဲ့တုန်းက ဆိုရှယ်မီဒီယာတောင် လက်တစ်ဆုပ်စာလူအနည်းအပါးလောက်ပဲ သုံးနေကြချိန်တွေ။ အဲ့အချိန်က မြန်မာလူထုအတွက် မောင်းနှင်အားက သတင်းမီဒီယာပဲ။ သူတို့က သတင်းတွေ၊ အချက်အလက်တွေ အဓိကပေးပြီး လူထုကို ဉာဏ်မျက်စိဖွင့်ပေးရတဲ့ တာဝန်ခံတွေ။
ဒီလိုနဲ့ ၂၀၁၅ မှာ အစိုးရပြောင်းတယ်။ အဲ့အချိန်တုန်းက ဘယ်မီဒီယာတွေ ဘယ်လိုရပ်တည်ပြီး ဘယ်လို ဘက်လိုက်ခဲ့ကြတယ်ဆိုတာ ခုချိန် သူတို့ဘာသာသိကြလိမ့်မယ်ထင်တယ်။ မီဒီယာဟာ မီဒီယာလို မနေခဲ့ကြဘူး။ False hope တွေ လူထုကို ပေးခဲ့ဖူးတယ်။ စစ်တပ်နောက်ခံ အစိုးရ ကျရှုံးရင်ပြီးရောဆိုတဲ့ ရည်မှန်းချက်မျိုးထက်ကို ကျော်လွန်ပြီး ပိုပိုကဲကဲ ပုဂ္ဂိုလ်ကိုးကွယ်မှုအစွဲတွေနဲ့ လူထုကို မောင်းသွင်းခဲ့ကြဖူးတယ်။ ကြာတော့ကြာခဲ့ပါပြီလေ။ ခုတော့ “ကိုယ်တင်သည့်စစ်ကဲ ကိုယ်ချမရ” နဲ့ ထွေးမရ မျိုမသာ။
ဒီကာလတွေမတိုင်ခင် ၂၀၁၀-၁၅ ကာလတစ်လျှောက်လုံးမှာ (ဦးသိန်းစိန်) အစိုးရဆိုတာ မီဒီယာနဲ့ ပြည်သူတို့ရဲ့ အဓိက ပစ်မှတ်။ ထစ်ခနဲဆို အစိုးရ ပြေးဆဲနေကြ။ ကိုယ်အပါအဝင်။ မီးမလာလဲ ဆဲ၊ ရေမလာလဲ ဆဲ၊ အခွန်ကောက်လဲ ဆဲ၊ ချီးပါလဲ ဆဲ၊ သေးပေါက်လဲ ဆဲ၊ ရပ်ကွက်ထဲ ခွေးနှစ်ကောင်ကိုက်လဲ အစိုးရမကောင်းလို့လို့ ဆဲခဲ့ကြဖူးတယ်မဟုတ်လား။ … အစိုးရဟူသည် အဆဲခံပုဂ္ဂိုလ်များဟူ၍ပင် အဓိပ္ပါယ်ဖွင့်ဆိုရမည့်နှယ်။ ဒါကြောင့်လည်း သူတို့က တန်အောင် မ သွားကြသလားတော့ မသိ။ အတော်ကြိတ်သွားကြတာကလား။
အဲ့နောက်ပိုင်း လက်ရှိအစိုးရ တက်ခါစအချိန်မှာ ကျနော် ဆောင်းပါးတစ်ပုဒ် ရေးဖူးတယ်။ “အစိုးရ အပြောင်းအလဲနှင့် လူထု၏ စမ်းသပ်ခံကာလ” ဆိုပြီး။ အစိုးရသစ်ကို မတက်ခင် ဘယ်လောက် ထောက်ခံခဲ့ကြတယ်ဆိုဆို ရေရှည်ခရီးမှာ မီဒီယာတွေနဲ့ ပြည်သူတွေရဲ့ ရပ်တည်ချက်၊ သည်းခံနိုင်စွမ်းနဲ့ ရင့်ကျက်မှုက ဘယ်သို့ ဘယ်ပုံလာမည်မသိ။ ဒါကြောင့်လည်း အစိုးရဘက်ရော လူထုနဲ့ မီဒီယာဘက်ကရော ဒီကာလတွေကို ရင်ဆိုင်ဖို့အတွက် ကြိုပြင်ထားဖို့ လိုကြောင်း။ အစိုးရပြောင်းရုံနဲ့ ရေ၊ မီး အခြေခံလိုအပ်ချက်တွေ ပြည့်စုံလာမှာမဟုတ်ကြောင်း၊ လူတစ်ဦးချင်းစီရဲ့ အကျင့်စရိုက်တွေ ပြောင်းဖို့ ခက်နေဦးမည်ဖြစ်ကြောင်း၊ စသည် စသည်။
ဟုတ်တယ်လေ၊ အစိုးရပြောင်းရုံနဲ့ နေ့ချင်းညချင်း လမ်းဘေးအမှိုက်ပစ်နေတာတွေ ပျောက်သွားမှာမှ မဟုတ်တာ၊ နှစ်လုံးထီဒိုင်တွေ ဘောလုံးဒိုင်တွေ ရပ်လိုက်ကြမှာမှ မဟုတ်တာ၊ အစိုးရဝန်ထမ်းတွေ လာဘ်မယူပဲ ချက်ခြင်းကြီး ရိုးသားလာကြမှာမှ မဟုတ်တာ။ နေ့ချင်းညချင်း မြေလှန်မရတဲ့ အရာတွေ အများကြီးရယ် မဟုတ်လား။
အဲ့ကတည်းက တစ်ကြောင်းစွဲတွေနဲ့ သာမန်ပြည်သူတွေ၊ လစ်ဘရယ်တွေနဲ့ အခြေခံလူထုအကြား ထိတွေ့မှုတွေရှိလာနိုင်တယ်လို့ သတိပေးစကားဆိုခဲ့သေးတယ်။ ယခင် အဘဘောမတွေ၊ အစိုးရ လော်ဘီတွေနေရာကို အနီကြောင်တွေ၊ နီပေါတွေ၊ ဒီမိုလော်ဘီတွေ အစားဝင်လာတကလွဲပြီး သိပ်ထူးခြားလာမှာမဟုတ်ဘူးလို့။
ခုတော့ ၅ နှစ်တိုင်ခဲ့ပြီ။ ဆိုရှယ်မီဒီယာတွေကလည်း ပိုပိုအားကောင်းလာခဲ့ပြီ။ နေ့စဉ်လူနေမှုဘဝရဲ့ လိုအပ်ချက်အဖြစ် သတ်မှတ်လက်ခံလာကြပြီ။ ဒီလိုကာလမျိုးမှာ ဟိုးအရင် အစိုးရလက်ထက်တုန်းကထက် အွန်လိုင်းမှာ ပွဲတွေ ပိုပေါလာတယ်။
ဆရာကြီးတွေပိုများလာတယ်။ အစိုးရဘက်ကရော၊ အစိုးရဆန့်ကျင်သူတွေရော ပေါပေါသီသီပါပဲ။ အစိုးရကိုယ်တိုင် သတင်းထုတ်ပြန်မှုတွေကို အွန်လိုင်းပေါ်က လုပ်တဲ့အထိဖြစ်လာတယ်။ မီဒီယာတွေနဲ့ ထိပ်တိုက်တွေ့မှုတွေများလာတယ်။ အထိအခတ်တွေ စိပ်လာတယ်။ ခုတော့ အစိုးရဟာ သတင်းထိန်ချန်မှုတွေ လုပ်တယ်ဆိုပြီး အတပ်စွပ်စွဲတဲ့အထိကို ပွဲတွေကြမ်းလာတယ်။
၅ နှစ်၊ ၅ နှစ်ဆိုတဲ့ အချိန်လေးအတွင်းမှာ အစိုးရလုပ်ရတာ၊ တိုင်းပြည်အုပ်ချုပ်ရတာ ဘယ်လောက်ခက်တယ်ဆိုတာကို အာဏာရပါတီက လူတွေလည်း သိနားလည်လောက်ပြီထင်ပါရဲ့။ တစ်ဖက်မှာလည်း မီဒီယာဟာ မီဒီယာလိုပဲ နေသင့်တယ်ဆိုတာကို တချို့သော မီဒီယာသမားတွေအနေနဲ့ ဘဝနဲ့ရင်းပြီး နားလည်နေလောက်ပြီလို့ ထင်မိတာပဲ။ အဆိုးထဲက အကောင်းတွေ ထုတ်နှုတ်ယူနိုင်ဖို့တော့ လိုအပ်ပါတယ်။
လာမယ့် လအနည်းငယ်ဆိုရင် နောက်ထပ် ရွေးကောက်ပွဲတစ်ခုလာတော့မယ်။ အဲ့မတိုင်ခင်မှာ လူထုရော၊ အစိုးရပါစမ်းသပ်ခံကာလ ၅ နှစ်နီးပါးကို ရင်ဆိုင်ခဲ့ကြရပြီးပြီ။ ၅ နှစ်တိုင်ခဲ့တဲ့ ဒီအချိန်မှာ ကျွန်တော်တို့ ဘာတွေပြန်ရခဲ့ကြသလဲ။ မီဒီယာသမားဟောင်းတစ်ယောက်အနေနဲ့ တွေးတယ်။ မေးမိတယ်။ မီဒီယာလွတ်လပ်ခွင့် ပိုအားကောင်းလာသလား? မီဒီယာလောကကြီး တိုးတက်လာပြီလား? Media Industry ထဲက လူတွေ အခြေအနေကောင်းနေကြပြီလားပေါ့။
နည်းပညာနယ်ထဲ ဖြတ်သန်းဖူးသူတစ်ယောက်အနေနဲ့ ထပ်မေးတယ်။ ဆက်သွယ်ရေးနဲ့ နည်းပညာ ကဏ္ဍ ဘယ်အထိ လှမ်းချီနိုင်နေပြီလဲ? ဘာတွေ ရွှေ့လျားသွားခဲ့ပြီလဲ? လူထုဆီ Digital Literacy အသိတရားတွေ ပေးနိုင်ခဲ့ပြီလား? လူမှုကွန်ယက် အသုံးပြုမှုကို စည်းနဲ့ဘောင်နဲ့ ကြပ်မတ်ကွပ်ကဲနိုင်နေပြီလား? လိုအပ်တဲ့ နည်းဥပဒေတွေ လုံလုံလောက်လောက် ဆက်ထွက်လာခဲ့ပြီလား? ၅ နှစ်ကြာခဲ့ပြီဆိုတော့ ဆင်းမ်ကတ် မှတ်ပုံတင်ရေး လုပ်ငန်းစဉ်ကြီးရော အလုပ်ဖြစ်ခဲ့ရဲ့လား?
နိုင်ငံသားတစ်ယောက်အနေနဲ့ ထပ်မေးမိတယ်။ လူတစ်ဦးချင်း လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ သာယာဝပြောမှု၊ လူနေမှုဘဝတွေ တိုးတက်လာပြီလား? စားဝတ်နေရေး အဆင်ပြေပြီလား? စိတ်ချမ်းမြေ့သာယာဖွယ် မိသားစုဘဝတွေကို ပိုင်ဆိုင်နေကြပြီလား?
စသဖြင့် စသဖြင့် လား? ပေါင်းများစွာ၊ မေးခွန်းပေါင်းများစွာ … သင့်တင့်လျောက်ပတ်တဲ့ အချိန်ကာလမှာ သက်ဆိုင်သူများဖြေနိုင်ကြပါစေကြောင်း …
မောင်မိုးဇွန်
၁၄၊ ဧပြီ၊ ၂၀၂၀
COVID-19
တောရေးတောင်ရေး