ကိုဗစ်ပိုးနှင့် ကခုန်ကြသူများ

မနက်ခင်းစောစောစီးစီး လူနာတင်ယာဉ်အသံတွေကြားတော့ စိတ်ထဲနှလုံးမကြည်မသာဖြစ်ရတယ်။ ဒီလိုနေ့ရက်တွေ ဘယ်တော့များမှ ကုန်ဆုံးမှာလဲဆိုတဲ့အတွေးက ဒီကာလတွေမှာ မနက်ခင်းတွေကို လေးလံထိုင်းမှိုင်းစေတဲ့ အတွေးစတွေပါပဲ။

ဒါပေမယ့် တဟေးဟေး တဝါးဝါးနဲ့ ညဉ့်နက်သန်းခေါင်အထိ ပြီးခဲ့တဲ့ညတုန်းက ကြားခဲ့ရတဲ့ အသံဗလံတွေကိုပါ ပေါင်းစပ်တွေးမိလိုက်တော့ မနက်ခင်းဟာ ပူပင်သောကတွေနဲ့ ပိုပြီး နွမ်းလျစရာလို့ ဆိုရပါလိမ့်မယ်။

မိသားစုအသိုင်းအဝိုင်းနဲ့ ဆွေမျိုးညီအကိုမောင်နှမတွေထဲမှာ COVID-19 ရောဂါပိုး ကူးစက်ခံရသူတွေရှိခဲ့ဖူးတော့ ကွာရန်တင်းစင်တာတချို့ရဲ့ အခြေအနေနဲ့ ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေရဲ့ ပင်ပန်းနေမှုတွေကို သိနားလည်တယ်။

ဒီတော့ ဒီရောဂါကပ်ဘေးကြီး မြန်မြန်ပြီးဆုံးစေဖို့ နေ့တိုင်းဆုတောင်းရတယ်။ ကိုယ်တိုင်စည်းကမ်းလိုက်နာနေထိုင်ရတယ်။ ဒီလိုနေထိုင်နေရတဲ့ကြားထဲ ခုရက်ပိုင်းတွေမှာ စီတန်းလှည့်လည်မှုတွေနဲ့ လူစုလူဝေးနဲ့ အောင်ပွဲခံနေကြတာတွေကို မြင်ရတော့ ကျန်းမာရေးဝန်ထမ်းတွေကိုကြားက အားနာမိရတယ်။ ဘယ်လိုလူတွေများပါလိမ့်မယ်။

မြန်မာ့ဒီမိုကရေစီခရီးလမ်းဟာ ရှည်လျားပြီး ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းတစ်ခုပါ။ ဒီနေ့အထိပန်းတိုင်ကို ရောက်ဖို့ ဝေးနေဆဲဆိုတာကို သိနားလည်ပါရဲ့။ ဒါပေမယ့်လည်း COVID-19 ကတော့ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးတစ်ခုဖြစ်ပါတယ်။ ဘယ်အရာက ပိုအရေးကြီးတယ်ဆိုတာကို မနှိုင်းသာပေမယ့် ကိုဗစ်က လူသန်းချီရဲ့ အသက်တွေကို နှုတ်ယူနေတာကတော့ အမှန်တရားပဲဖြစ်ပါတယ်။ ဘယ်အချိန်မှာ အဆုံးသတ်မယ်ဆိုတာကို မခန့်မှန်းနိုင်လောက်အောင် ဆိုးရွားနေတဲ့ ကပ်ရောဂါဘေးတစ်ခုပါ။

ဒီကနေ့မြန်မာပြည်မှာ ဒီရောဂါပိုးကူးစက်ခံခဲ့ရပြီး အသက်နဲ့ခန္ဓာကို စွန့်လွှတ်လိုက်ရသူပေါင်း ၁၅၀၀ ဝန်းကျင်လောက် ရှိနေပါပြီ။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်းမှာ ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးပြီးသူ အရေအတွက် ၈၂၁၁၆၃ ရှိပြီး ဒီပမာဏဟာ တိုင်းပြည်လူဦးရေရဲ့ (၁.၅၃ %) ပမာဏဖြစ်ပါတယ်။ ဒီတော့ လက်ကျန် ၉၈% ထဲမှာ ရောဂါပိုးကူးစက်ခံထားရသူ ဘယ်လောက်များများရှိနေမလဲ ဘယ်သူမှ မသိနိုင်သေးပါဘူး။

များများစစ်နိုင်ခဲ့တာမို့ ဒီရက်ပိုင်းတွေမှာ ပိုးတွေ့လူနာပမာဏ မြင့်တက်လာတာနေပါတယ်။ ဒါပေမယ့် နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်းကာ လူနာသစ်တိုးနှုန်း (၇.၉၄%) ဟာ ပျမ်းမျှလူနာသစ်တိုးနှုန်း (၇.၇၀%) ထက် အတန်ငယ်မြင့်တက်လာတာကတော့ သတိထားစရာပါ။ လူ ၁၀၀ မှာ ၈ ဦးနီးပါးဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ယခု ၁၀ ရက်တာ ကာလအတွင်းမှာ ပိုးတွေ့ရှိသူအရေအတွက် တစ်နေ့ပျမ်းမျှ ၁၀၅၃ ဦး တိုးလာနေတာပါ။

မြန်မာနိုင်ငံမှာ ဒီ ၁၀ ရက်အတွင်း ပျမ်းမျှသေဆုံးနှုန်းက တစ်နေ့ကို ၂၃ ဦးဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့သေဆုံးမှုနှုန်းဖြစ်တဲ့ ၂.၄၇% နဲ့ ယှဉ်ရင်တော့ အနည်းငယ်လျှော့နည်းနေတာမို့ အပြုသဘောဆောင်တဲ့ ရလဒ်တစ်ခုလို့ ဆိုနိုင်ပါသေးတယ်။

ဆေးရုံဆင်းနှုန်းကလည်း ၇၅% အထိရှိတာမို့ အခြေအနေကောင်းတယ်လို့ဆိုနိုင်ပေမယ့် တစ်ခုသတိထားရမှာက ဆေးရုံ/ကွာရန်တင်းဌာနတွေကနေ ဆင်းသွားသူအများစုဟာ ရောဂါပိုးမရှိတော့လို့မဟုတ်ပဲ ကိုယ်တွင်းက ရောဂါပိုးပြင်ပကို ဆက်လက်မပြန့်ပွားနိုင်တော့တဲ့ ရက်အပိုင်းအခြားကိုရောက်ရှိနေတာမို့ နေအိမ်ပြန်ပြီး Home Q ဝင်ကြရတာဆိုတာပါပဲ။

ဒီအနေအထားမျိုးမှာ ခုရက်ပိုင်း လူစုလူဝေးအခြေအနေတွေနဲ့ဆိုရင် လာမယ့်ရက်မှာတော့ ပိုးတွေ့လူနာပိုပြီး များပြားလာနိုင်ပါတယ်။ ဒီအခြေအနေမှာ နေ့စဉ်ပိုးတွေ့လူနာထောင်ချီနဲ့ရင်ဆိုင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ တောင့်ခံနိုင်စွမ်းဘယ်လောက်ရှိမလဲ စောင့်ကြည့်ရုံမှတပါး တခြားမရှိတော့ပါဘူး။

COVID-19 ဟာ ကာကွယ်ဆေးမရှိသလို ကုသဆေးဆိုတာလည်း ဝေလာဝေးပါ။ တလောက သတင်းကြီးခဲ့တဲ့ Remdisivir ဆေးဆိုရင်လည်း အကန့်အသတ်အခြေအနေတွေမှာသာ အသုံးချနိုင်ပြီး ထိရောက်မှုပိုင်းကလည်း WHO ပြောထားသလို သိသာထင်ရှားမှုမရှိတာကို မြင်လာနေရပါတယ်။ 

ဒီအခြေအနေမှာ ရောဂါကူးစက်မှုကို ထိမ်းချုပ်နိုင်အောင်ပြုလုပ်ဖို့က အရေးအကြီးဆုံးဖြစ်လာခဲ့ပါတယ်။ မဖြစ်မနေ အခြေအနေကြောင့်မဟုတ်ပဲ စည်းကမ်းမရှိစွာ လမ်းပေါ်တက်နေသူတွေကြောင့် ရောဂါကူးစက်မှုနှုန်းတိုးပွားလာခဲ့ရင် အရေးယူမှုတွေက နောက်ပိုင်းကိစ္စဖြစ်ပါတယ်။ အရင်ဆုံးထိခိုက်မှာ ကျန်းမာရေးဝန်ထမ်းတွေဖြစ်သလို နောက်ထပ်ထိခိုက်မှာက လူထုကိုယ်တိုင်ပါပဲ။

တိုင်းပြည်က ခုချိန်မှာ စီးပွားရေးယန္တရားကြီးတစ်ခုလုံး ရပ်တန့်နေပါတယ်။ ဒုတိယလှိုင်းစတင်ချိန်ကတည်းကဆိုပါတော့။ ဘယ်အချိန်အထိ ဒီအတိုင်း လုပ်ငန်းတွေပိတ်ပြီး လူတွေ အိမ်ထဲထိုင်နေရမယ်ဆိုတာကို ဘယ်သူမှ အတိအကျ မခန့်မှန်းနိုင်သေးပါဘူး။

မြန်မာပြည်မှာ ပထမလှိုင်းဟာ အချိန်တိုတောင်းခဲ့သလို ဝေဒနာသည်လည်း နည်းခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယလှိုင်းကတော့ ပိုပြီးပြင်းထန်ခဲ့ပြီး ထိခိုက်မှုလည်း ပိုမိုပြင်းထန်လာခဲ့ပါတယ်။ သက်ရောက်မှုတွေလည်း ပိုမိုပြင်းထန်ခဲ့တယ်ဆိုပါတော့။ ကိုဗစ်ကာလ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းမြင့်တက်လာတာကို ကြည့်ရင် အခြေခံလူတန်းစားတွေရဲ့ ကျပ်တည်းမှုတွေနဲ့ ထိခိုက်မှုတွေကို တစ်စွန်းတစ်စ မြင်နိုင်ပါလိမ့်မယ်။

ဒါပေမယ့် တခြားတစ်ဖက်မှာလည်း စည်းကမ်းမဲ့မှုတွေက မျက်ဝါးထင်ထင်ပါပဲ။ ဒီလို COVDI-19 ရောဂါဆိုးကြီး နေ့စဉ်လူရာချီထောင်ချီကို တိုးပွားကူးစက်နေတဲ့ကာလမှာ ဆိုင်ကယ်ကို ၂ ယောက် ၃ ယောက်ပူးပြီး စီးနင်းနေကြတာတွေ၊ လက်ဖက်ရည်ဆိုင်/စားသောက်ဆိုင်တွေကို ဆိုင်တံခါးပိတ်ပြီး အတွင်းထဲမှာ ပုံမှန်အတိုင်း ရောင်းချနေတာတွေ၊ မလိုအပ်ပဲ အပြင်ထွက်နေကြတာတွေ၊ ချစ်သူရည်းစား အပေါင်းအသင်း သူငယ်ချင်းတွေဆီ သွားလာနေကြတာတွေက နေ့စဉ်နဲ့အမျှ ရှိနေဆဲပါ။

ခုဆို လူစုလူဝေးတွေတောင် ရှိလာပါပြီ။ ဒီလိုစည်းကမ်းမဲ့မှုတွေကြောင့် တတိယလှိုင်းကိုဆက်သွားခဲ့ရင် ပါဝင်ပတ်သက်ခဲ့သူတွေဟာ တာဝန်ယူမှုရှိရှိနဲ့ လူသိရှင်ကြားထွက်တောင်းပန်ကြမှာတော့ မဟုတ်ပေမယ့် ရောဂါပိုးကူးစက်ခံရသူတွေ၊ အသက်ဆုံးရှုံးရမယ့်သူတွေ တိုးပွားလာမှာကတော့ အမှန်တရားပါပဲ။

လူစုလူဝေးတွေရဲ့ ပုံရိပ်တွေအကြားက ရေတွေဖြန်း၊ တေးသီချင်းတွေဖွင့်ကာ စုဝေးကခုန်နေတာတွေ၊ မူးရူးသောက်စားနေတာတွေနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် ဆေးရုံဆေးခန်းရောက်ရသူတွေအကြောင်းကို ကြားသိရချိန်မှာ အံ့အားသင့်စိတ်အပြင် ဝမ်းနည်းစိတ်ပျက်မှုကိုလည်း ခံစားရပါတယ်။

ဒီလူတွေဟာ တိုင်းပြည်အတွက် အောင်ပွဲခံနေတာဟုတ်ပါရဲ့လားလို့ တွေးရတဲ့အထိပါပဲ။ ရောဂါသည်တွေကို ကယ်ဆယ်ကုသရင်း အသက်ဆုံးရှုံးသွားရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကြောင်းကိုတွေးကြည့်ပါ။ ရောဂါပိုးကူးစက်ခံရပြီး အသက်ကို စတေးလိုက်ရသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေရဲ့ ဘဝတွေကို တွေးကြည့်ပါ။ နေ့စဉ်နဲ့အမျှ လူတကာမထိမကိုင်ချင်တဲ့ အရာတွေအကြားမှာ အပင်ပန်းခံရုံးကန်လှုပ်ရှားနေရတဲ့ စေတနာ့ဝန်ထမ်းတွေကို မြင်ယောင်ကြည့်ပါ။ လူစုလူဝေးမလုပ်ဖို့ လိုအပ်နေချိန်မှာ ခုလိုစုဝေးနေခဲ့ကြတာဟာ တရားမျှတရဲ့လား။

အနိုင်ရပြီးသား ရလဒ်တစ်ခုအတွက်အောင်ပွဲခံခွင့် လူတိုင်းမှာ အပြည့်ရှိပါတယ်။ လူစုဝေးပြီး ပျော်ပါးခွင့်လည်း ရှိပါရဲ့။ ဒါက လူတစ်ဦးချင်းရဲ့ ရွေးချယ်ခွင့်ဖြစ်နေလို့ပါ။ ဒါပေမယ့် လက်ရှိကပ်ဘေးကာလမှာ ခုလို လူစုလူဝေးလိုက်ထွက်ပြီး အောင်ပွဲခံကြတာကတော့ မလိုအပ်ပဲ တက်မထောင်နေကြတာလို့ပဲ မြင်မိတယ်။ ဗိုလ်ချုပ်ပြောဖူးတဲ့ လွတ်လပ်ရေးရတာနဲ့ ဆေးရိုးထွက်လှမ်းတဲ့ ဥပမာမျိုးအတိုင်းပါပဲ။

ဒီမိုကရေစီဆန်တဲ့ အပြုအမူမျိုးလည်း မဟုတ်ပါဘူး။ လူ့အခွင့်အရေးအမြင်နဲ့ ကြည့်မယ်ဆိုရင်လည်း လူတစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေးဟာ တပါးသူတွေကို စိတ်သောကပွားတောမျိုး၊ ဘေးသင့်စေတာမျိုး မဖြစ်စေသင့်ဘူးလို့ ဆိုထားတယ်မဟုတ်လား။

တကယ်တိုင်းပြည်ကိုချစ်ပြီး တကယ်အဆင့်အတန်းရှိရှိ တိုင်းပြည်အတွက် အောင်ပွဲခံသူတွေဟာ သူတို့ရဲ့အပျော်တွေကို မိသားစုနဲ့မျှဝေပြီး နေအိမ်တွေမှာပဲ ပျော်ရွှင်မှုကို ခံစားကြပါတယ်။ အောင်ပွဲခံကြပါတယ်။ ခုလိုအခြေအနေမျိုးမှာ လူတိုင်း အိမ်ထဲမှာပဲနေထိုင်ပြီး ရောဂါကူးစက်မှုကို ပါဝင်ကူညီဟန့်တားတာက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရောဂါတိုက်ဖျက်ရေးမှာ တစ်ဖက်တစ်လမ်းက ပါဝင်ကူညီခြင်းတစ်ရပ်လို့ဆိုရမှာပါ။

ဟိုး အထက်မှာပြောခဲ့သလိုပဲ ဒီမိုကရေစီခရီးလမ်းဟာ ခက်ခဲကြမ်းတမ်းမှာဖြစ်ပါတယ်။ ခရီးရှည်တစ်ခုလည်းဖြစ်ပါတယ်။ မြန်မာပြည်သားတွေက ဒီမိုကရေစီကို တောင့်တမျှော်လင့်နေကြတာကို ရွေးကောက်ပွဲအဖြေက ဖော်ပြခဲ့ပြီးပါပြီ။ ဒါပေမယ့် မြန်မာပြည်ဟာ ဒီမိုကရေစီခရီးရဲ့ အဆုံးသတ်ကိုရောက်ဖို့ အလှမ်းဝေးနေဆဲပါ။

ဘာကြောင့်လဲလို့ မေးလာရင် အဖြေကရှင်းပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ Institution တွေနဲ့ ဒီမိုကရေစီအစိုးရရှိရုံနဲ့ မလုံလောက်သေးပါဘူး။ ဒီမိုကရေစီစနစ်ကို နှစ်နှစ်ကာကာနားလည်တဲ့ ပြည်သူတွေ တိုးပွားလာဖို့လည်း လိုအပ်ပါသေးတယ်။ ဒီလို Institution တွေ ပြည့်စုံမှသာ မြန်မာ့ဒီမိုကရေစီခရီးဟာ ပန်းတိုင်ကို ရောက်ပါလိမ့်မယ်။

ဆေးရိုးထွက်လှမ်းပြီး တက်မထောင်ချင်တဲ့သူတွေများနေရင်တော့ဖြင့် မြန်မာ့ဒီမိုကရေစီခရီးက ဝေးနေဦးမှာပါပဲ။ အဲ့ဒီမတိုင်ခင် အရင်ဆုံး ရင်ဆိုင်ရမယ့် ကိုဗစ်တိုက်ပွဲမှာ အောင်နိုင်ဖို့လည်း ရုံးကန်ရပါလိမ့်မယ်။

COVID-19 ဟာ ထူးခြားတဲ့ ရောဂါသစ်တစ်မျိုးဖြစ်သလို ကိုဗစ်ကာလကလည်း မတူခြားနားမှုတွေနဲ့ပါ။ အရင်တုန်းကတော့ ကိုယ်ဖြစ်ကိုယ်ခံလို့ လူတွေက ပြောတတ်ကြပါတယ်။ ဒါပေမယ့် ကိုဗစ်ကာလမှာတော့ ကိုယ်ဖြစ်ရင် ကိုယ်တင်မက ကိုယ့်မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်ပါ ကြားက ခံစားသွားရနိုင်ပါတယ်။

ဒါကြောင့် အိမ်မှာပဲနေပါ။ နိုင်ငံကြီးသားပီသပါ။ ဒီမိုကရေစီဆန်ပါ။ လူကြီးလူကောင်းဆန်ပါ။ သင့်ကြောင့် အပြစ်မဲ့ပြည်သူတွေနဲ့ တိုင်းပြည်ပါ ဒုက္ခမရောက်ပါစေနဲ့လို့ တိုက်တွန်းပါရစေ။

မောင်မိုးဇွန်

12-Nov-2020

The Voice Daily

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *