ကျန်းမာရေးအတွက် ကန်စွန်းရွက်

ကျန်းမာရေးအတွက် ကန်စွန်းရွက်

ကန်စွန်းရွက် ဆိုတာ ဗမာတွေ သိပ်ကြိုက်ကြတဲ့ ဟင်းရွက်တစ်မျိုးလို့ ဆိုလို့ရတယ်။ ကြော်စားစား၊ ချဉ်ရည်ဟင်းချက်စားစား၊ သုပ်ပဲစားစား … နောက်ဆုံး ပြုတ်ပဲတို့တို့ ကန်စွန်းရွက်ဆို လာထားဆိုတဲ့သူတွေမှာ အများကြီးနော်။ ဟုတ်တယ်ဟုတ် …

ဒီလိုလူကြိုက်များလှတဲ့အပြင် ကန်စွန်းရွက်က ကျန်းမာရေးအတွက်ကောင်းတယ် စားပေးသင့်တယ်ဆိုတဲ့ အပြောမျိုးတွေလည်း မကြာခဏ ကြားဖူးနားဝ ရှိကြလိမ့်မယ်လို့ ထင်ပါတယ်နော်။ ကဲ ဒီလောက်လူကြိုက်များပြီး ဂုဏ်သတင်းကောင်းလှတဲ့ ကန်စွန်းရွက်က ဘယ်လိုကျန်းမာစေတာလဲ၊ ဘယ်လိုတွေ အကျိုးပြုနိုင်တာလဲဆိုတာကို လေ့လာကြည့်ရအောင် …

ကန်စွန်းရွက် ရဲ့ ကျန်းမာရေးကောင်းကျိုးလေးများ

ကန်စွန်းရွက်က ကိုလက်စထရော ကျစေခြင်းနဲ့ ခန္ဓါကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုပါတယ်။ ကန်စွန်းရွက် စားပေးတာက Triglyceride လိုမျိုး ကိုလက်စထရောတွေကို လျော့ကျစေတာပါ။ အသီးအရွက်တွေရဲ့ အဓိက လုပ်ငန်းဆောင်တာကလည်း ကိုလက်စထရောတွေကို လျော့ကျစေဖို့ပါပဲ။

သံဓါတ် လုံလုံလောက်လောက် ရရှိမယ်ဆိုရင် သွေးအားနည်းရောဂါတွေ မဖြစ်စေနိုင်ပါဘူး။ သံဓါတ်က ကိုယ်ဝန်ဆောင်ချိန်မှာ အရေးတကြီးလိုအပ်ပါတယ်။ သံဓါတ်ပြည့်ဝနေမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ကောင်းမွန်စွာ လည်ပတ်ဖို့ အထောက်အကူပြုပါတယ်။ ကန်စွန်းရွက်မှာ ပါဝင်မှု အများဆုံးကတော့ သံဓါတ်ပါပဲ။

ကန်စွန်းရွက်မှာ အမျှင်ဓါတ်တွေ ပါဝင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် အစာအိမ်လမ်းကြောင်းမှာ ပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ နောက်တစ်ခုကတော့ ဝမ်းချုပ်တာကို ပျောက်ကင်းစေပါတယ်။ ဝမ်းချုပ်တဲ့အခါမှာ ကန်စွန်းရွက်ကို ကြော်စားတာနဲ့ ရေလုံပြုတ်စားတာမျိုး ပြုလုပ်ပေးပါ။

ကျန်းမာရေးအတွက် ကန်စွန်းရွက်

မျက်စိအားကောင်းဖို့ ကြိုးစားနေတယ်ဆိုရင်လည်း ကန်စွန်းရွက်လေး စားပေးပါ။ ကန်စွန်းရွက်မှာ ဗီတာမင် အေ ပါဝင်ပြီး ဗီတာမင် အေက မျက်စိအာရုံကို ကောင်းမွန်စေပါတယ်။ ကန်စွန်းရွက်မှာ ဗီတာမင် စီ လည်း များများပါဝင်တာကြောင့် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသေးတယ်။

ကန်စွန်းရွက်က ခန္ဓါကိုယ်ထဲမှာ ရှိတဲ့ Free Radicals တွေကို လျှော့ချပေးတဲ့ ဓါတ်တိုးဆန့်ကျင်မှုအဖြစ် အာဟာရတွေ ပေးစွမ်းနိုင်ပါတယ်။ ကိုလက်စထရော တိုးတာကို လျှော့ချပေးတဲ့အတွက် သွေးကြော ပိတ်ဆို့တာတွေ မဖြစ်စေတော့ဘဲ နှလုံးနဲ့ လေဖြတ်တာတွေ လျှော့ကျစေပါတယ်။ မဂ္ဂနီစီယမ်ကတော့ နှလုံးထဖောက်ခြင်းတွေ မဖြစ်စေဖို့ သွေးဖိအား အတက်အကျကို ထိန်းထားပေးနိုင်ပါတယ်။

ကျောက်ကပ်ရောဂါ ရှိလို့ ဆီးသွားခြင်းမှာ ပြဿနာတွေ ရှိနေတယ်ဆိုရင်လည်း ကန်စွန်းရွက် စားပေးဖို့ လိုပါတယ်။ ကန်စွန်းရွက်မှာ ရေဓါတ်များများ ပါဝင်တာကြောင့် ဆီးသွားစေဖို့ အထောက်အကူပြုတာပါ။ (၁၀၀) ဂရမ်မှာ ရေဓါတ်က (၈၂) ဂရမ်လောက် ပါဝင်ပါတယ်။ ဒါဆိုရင် ကျော်ကပ်ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ ကူညီပေးပါတယ်။

ကန်စွန်းရွက်မှာ ပါဝင်တဲ့ အာဟာရဓါတ်တွေဟာ အရေပြားဆဲလ်တွေ အသစ်ပြန်လည်ဖြစ်ပေါ်ဖို့အတွက် ကူညီပေးပါတယ်။ အရေပြားမှာ အမာရွတ်ဖြစ်ပေါ်ခြင်း၊ အနီစက်တွေ ဖြစ်ပေါ်စေခြင်းကို သက်သာစေနိုင်ပါတယ်။ အင်းဆက်ကိုက်တာကြောင့် အမာရွတ်ကျန်ခြင်းကို သက်သာစေချင်တယ်ဆိုရင် အနာပေါ် ကန်စွန်းရွက် အေးအေးလေး ကပ်ပေးတာမျိုး လုပ်ပေးပါ။

ခုဆိုရင်တော့ ကန်စွန်းရွက်က ပေးစွမ်းနိုင်တဲ့ အာဟာရတန်ဖိုးတွေနဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို သိသွားကြပြီဆိုတော့ ကန်စွန်းပလိန်းတို့၊ ကန်စွန်းရွက်ချဉ်ဟင်း၊ ကန်စွန်းရွက်ပြုတ်စတဲ့ အမယ်တစ်မျိုးမျိုးနဲ့ နေ့စဉ်ထမင်းဝိုင်းလေးမှာ အားရပါးရ လွေးလိုက်ကြပါဦးနော်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *