အိမ်ပြင်တာ တတိယမြောက်နေ့၊ အရပ်ထဲ ရေမလာတာ ၅ ရက်မြောက်နေ့ပေါ့။ ဆိုတော့ ထုံးစံအတိုင်းအလုပ်မအားတဲ့ တစ်ရက်ပါပဲ။ ပူပူပြင်းပြင်း နွေခေါင်ခေါင်ထဲမယ်၊ တစ်အိမ်လုံး ရှုပ်ပွ၊ နေရထိုင်ရခက်၊ ကျပ်ကျပ်ညပ်ညပ်ပစ္စည်းတွေ အကြားထဲ သားအမိနှစ်ယောက် တိုးခွေ့ပြီး နေလယ်စားလိုက်ရတဲ့ ရက်တွေထဲက တစ်ရက်ပေါ့။
ချွေးတလုံးလုံး အလောတကြီးဆိုပေမယ့်လည်း ဒီနေ့ နေ့လယ်စာကတော့ တခြားရက်တွေထက်စာရင် စားရတာ အတော်မြိန်သဗျ။ ခါတိုင်းဆို ပူစပ်ပူလောင် ရန်ကုန်နွေက အစားအသောက်ပျက်လောက်အောင် ဒုက္ခပေးတယ်။ ဒီနေ့တော့ အမေက ပုဇွန်ဘော့ကျိတ် ခပ်သေးသေးကောင်လေးတွေကို ငြုပ်သီးခပ်စပ်စပ်လေးနဲ့ ကြော်တယ်။ ကင်ပွန်းချဉ်ရွပ်လေးကို ပုတက်ဆာလေးနဲ့ ကတိုက်ကရိုက်ကြိုထားတဲ့ အရည်သောက်ကလေးကလည်းပါသပေါ့ဗျာ။
ကျွန်တော်ဆိုသည်မှာလည်း လူကသာ ရေမချိုး၊ မိုးမချိုး နေတာ ရေထဲက အကောင်ပလောင်တွေဆို အသေကြိုက်တာရယ်။ ဆိုတော့ လူမမယ်ကလေး လက်သန်းကွေး အရွယ်လောက်ရှိတဲ့ ပုဇွန်ခပ်သေးသေးကောင်လေးတွေ ဝါးလိုက်၊ ကင်ပွန်းချဉ်ရွက်ဟင်းရည်က အရည်ကလေး ရှူးခနဲ ခပ်သောက်လိုက်နဲ့ အတော်စားမြိန်တဲ့ နေ့လယ်စာပေါ့ဗျာ။ ပုဇွန်ဆိုတာမျိုးကလည်း လတ်များလတ်ရင် အစိမ်းစားလို့တောင် အရသာရှိတဲ့အမျိုးကိုးဗျ။ စားကောင်းတာပေါ့။
ငယ်ငယ်ကဆို မနက်စောစော အမေဈေးသွားပြီးပြန်လာလို့ လက်ဆွဲခြင်းထဲ ပုဇွန်လေးထုပ်လေး ပါလာတာမြင်ရင် သိပ်ပျော်တာရယ်။ အမေက ရေကပြင်မှာ ပုဇွန်သင်ရင်း ပုဇွန်အစိမ်းစားရင် ရေကူးတတ်လိမ့်မယ်လို့ အမြဲပြောတတ်တယ်။
ကျွန်တော်ကလည်း ဘေးကထိုင်ကြည့်ရင်း အမေခွာထား ပြုထားတဲ့ ပုဇွန်ဘော့ကျိတ်လေးတွေကို နှိုက်နှိုက်စားတာပေါ့။ အဲ ခုချိန်ထိတော့ ရေမကူးတတ်သေးပါဘူး။ ဘီယာဆိုင်ထိုင်တိုင်း ပုဇွန်အစိမ်းသုပ် စားတာကတော့ အဲ့ဒီအကျင့်ကနေ စတယ်ဆိုရမလားပဲ။
ဘော့ကျိတ်ဆိုလို့ ကိုယ်တွေ ငယ်ငယ်တုန်းက အိမ်စီးပွားရေးက သိပ်မကောင်းတော့ ပုဇွန်ဆို ခပ်ကြီးကြီးတွေ မစားနိုင်ဘူးဗျ။ ဒီတော့ ပုဇွန်ကြိုက်တဲ့ ကျွန်တော့်အတွက် အမေက ဘော့ကျိတ်ကလေးတွေ ဝယ်ပေးပြီး ငြုပ်သီးခွဲခြမ်းနဲ့ ခပ်စပ်စပ်လေးကြော်ပေးတတ်တယ်။ အဲ့ဒီ ပုဇွန်ကြော်လေးထဲ ရှမ်းနံနံ တကိုက် နှစ်ကိုက်နဲ့ ငြုပ်သီးစိမ်းခပ်သေးသေး သုံး၊ လေးတောင့်ကို လေးခြမ်းခွဲပြီးထည့်ပြီး အုပ်ထားသေးသဗျ။ ကင်ပွန်းချဉ်ရွက် ဟင်းရည်လေးနဲ့များဆိုလိုကတော့ ရောင်ဇွန်အဲတို့ ထမင်း တလုံးချက်လောက် အသာလေးကျတယ်။
ကျွန်တော်က ငယ်ငယ်က ခပ်ပိန်ပိန် လူ့ဖလံကောင်၊ ခုလို ဝက်မဖြစ်ခင်ကတည်းက ပေါင်းတဲ့သူတွေ အသိဆုံးဗျ။ အဲ့တော့ တစ်ချို့ရက်တွေဆို အိမ်ခေါင်းရင်းက မန်းကျည်းပင်ကြီးပေါ် တက်တက်ကမြင်းတတ်တယ်။ စာအုပ်ဖတ်လဲ မန်ကျည်းပင်ပေါ်၊ စာကျက်လည်း မန်ကျည်းပင်ပေါ်၊ တခါတလေ အစာပြေမုန့်စားလဲ မန်ကျည်းပင်ပေါ်မှာပဲ။ အဲတော့ ခုလို နွေမကျ မိုးမကျကာလ အမေ ဈေးက ပုဇွန်ဝယ်လာတဲ့ ရက်တွေဆိုရင် မန်ကျည်းပင်ပေါ်တက်။ လက်ကျန် မန်ကျည်းရွက် အနုလေးတွေခူး။ ပြီးရင် ခြံထဲက သနပ်ပင်ကြီးက အရွက်နုလေးတွေပါ လက်တစ်ဆုပ် နှစ်ဆုပ်စာလောက် ထပ်ချွေပြီး ဟင်းရည်သောက်လေးချက်၊ ပုဇွန်ဘော့ကျိတ် အစပ်ကြော်လေးနဲ့ လွေးပေါ။ အဲ့လိုများချက်တဲ့နေ့တွေဆို သားအမိ နှစ်ယောက်သား သိပ်စားကောင်းကြတာရယ်။ ဒါမှမဟုတ်လည်း ရပ်ကွက် ကန်းစွန်းခင်းကနေ ကန်စွန်းရွက်လေး ၂ စီးလောက်သွားဝယ် ချဉ်ရည်လေးချက်ပေါ့. ကုန်ကျစရိတ်ကလည်း သက်သာ၊ စားလိုကလည်းကောင်း။ ဘဝဟာ နေလို့ထိုင်လို့ သိပ်ကောင်းခဲ့တာပေါ့။
ခုတော့ ပုဇွန်ဘော့ကျိတ်က ရပ်ကွက်ဈေးထဲ သိပ်မတွေ့တော့လို့ ခပ်လတ်လတ်ကောင်တွေ ဝယ်စားနေရတယ်။ ကျွန်တော်ကလည်း ပုဇွန်ကြိုက်တတ်ပေမယ့် အကောင်ကြီးရင်တော့ သိပ်မကြိုက်ဘူးရယ်ဗျ။ ပုဇွန်ဘောကျိတ်ကလည်း ခုတော့ တစ်ဆယ်သားတောင် ၈၀၀ ဆိုတော့ တစ်ပိဿာ ၈၀၀၀ ပေါ့။ ဈေးသယ်တွေက တစ်ဆယ်သားဆို မရောင်းချင်ကြဘူး ဆိုလားပဲဗျ။ အမေကတော့ပြောရှာတယ်။ ဘော့ကျိတ်က အကောင်ခပ်လတ်လတ်တွေထက်တောင် ဈေးပိုကြီးနေတယ်တဲ့။ အမယ် ပုစွန်တင်ပဲလားဆိုတော့ ကန်စွန်းရွက်ကလည်း တစ်စီး ၄၀၀၊ ၅၀၀ တွေတောင်ဖြစ်လို့။ မန်းကျည်းရွက်နုဆိုတာများ ဒီအတိုင်းဆို ဘယ်နားသွားဝယ်ရမယ်မသိ။ ထမင်းဆိုင်တွေက မန်းကျည်းရွက်သုပ်ကျပြန်တော့လဲ ကြက်သွန်တောထဲ မန်ကျည်းရွက်ဖြတ်ပြေးသွားသလားမှတ်ရတယ်။ ပါတယ်ဆိုရုံလေး။ စားရတာ အာသာမပြေ။
ငယ်ငယ်ကဆို အမေတို့ ကြီးတော်တို့က သူတို့ ငယ်ဘဝအကြောင်းတွေပြောပြပြီး နင်တို့ လူဖြစ်ရတာ သနားစရာတောင်ကောင်းတယ်လို့ ပြောတိုင်း “ဟ ဟုတ်ပါ့မလား” လို့ မေးခွန်းထုတ်ခဲ့ဖူးတယ်။ သူတို့ခေတ်မှာ ဘဲဥတစ်လုံး တစ်မတ်တို့၊ ဝက်သားထုတ်ထိုး အဝစား တမူးတို့၊ ရွှေတစ်ကျပ်သား ၃၀၀ တို့၊ တစ်လ လခ ၃၀၀ ရတဲ့ မီးရထားဝန်ထမ်း အဘိုးလုပ်သူရဲ့ လစာကို တစ်မိသားစုလုံး သုံးလို့လောက်တဲ့အပြင် ဆန်၊ ဆီ၊ ဆား တမိုးတွင်းစာ ကြိုတောင်စုနိုင်တယ်ဆိုတဲ့အကြောင်းတွေ ပြောပြတိုင်း ထိုင်နားထောင်လိုက်ရတာ ပါးစပ်အဟောင်းသားနဲ့။
ခုများတော့ … ၄၉ ဒိုင်နာကို ကားခ ၂၀ ပေးစီးရင် ဒဂုံတက္ကသိုလ်ကို ရောက်တဲ့ ကိုယ်တွေခေတ်ကိုပဲ နှောင်းလူတွေကို ပြန်ပြောပြရတော့မယ့်ပုံ။ ဒဂုံကျောင်းသားဘဝတုန်းက မုန့်ဖိုး ၂၀၀ နဲ့ ကျောင်းတတ်ခဲ့ရတာ။ ခုနများ ၂၀၀ လက်ထဲလာထည့်ရင် လက်ဖက်ရည်တစ်ခွက်ရဖို့တောင် နပ်မမှန်။ ကော်ဖီတစ်ခွက် ၉၀၊ ထမင်းကျော်တစ်ပွဲ ၁၅၀ လောက်ပေးခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားဘဝတွေ၊ PS1 ဗီဒီယိုဂိမ်း တစ်နာရီ ၅၀ ကျပ်၊ Nintendo ဆော့ရင် ၃၀ ပဲကျတဲ့ အလယ်တန်းကျောင်းသားဘဝတွေက ပုံပြင်တွေလိုပဲ။ မုန့်ဖိုး ၃ ကျပ်လောက်ရရင် အကောင်ဖြစ်ခဲ့တဲ့ မူလတန်းကျောင်းသားဘဝဆို ပိုလို့ဝေး။
ပုဇွန်ကြော်တစ်ခွက်ကနေစလို့ ဟိုရောက် ဒီရောက်နဲ့ တောင်တောင်အီအီ အတွေးစတွေကြားထဲ မျောရင်း စားလက်စ ပါးစပ်ထဲက ပုဇွန်လေးတွေဟာ ဘယ်လောက်တန်ကြေးရှိနေမလဲ ကျွန်တော်တွေးမိသေးတယ်။ ပူပူလောင်လောင် နေ့လည်ခင်းထဲ ခပ်စပ်စပ်ဟင်းတွေကြောင့် မျက်နှာတစ်ခုလုံးလဲ ချွေးတွေစို့လို့။ ရေနွေးတစ်ခွက်ကို ခပ်ပြင်းပြင်းမော့နေရင်း အမေပြောတဲ့ စကားသံကို ရုတ်တရက် နားစွင့်လိုက်တော့။ “ခေါင်းရင်းအိမ်က ကောင်မလေး ရွှေပေါက္ကံမှာ ဇီးထုပ်သွားထုတ်တာ ၂ ရက်ပေါင်းမှ ၁၈၀၀ ပဲရတယ်တဲ့ဟယ်” တဲ့။ ကျွန်တော် စားနေတဲ့ထမင်းလုတ်လည်း သီးသွားပါတော့တယ်။
မောင်မိုးဇွန်
၉၊ ဧပြီ၊ ၂၀၂၀
တောရေးတောင်ရေး