မနှစ်က ဒီလိုနေ့မျိုးမှာ ကျွန်တော် ဟောင်ကောင်မှာပေါ့။ LAX ကို သွားဖို့ လေယာဉ်စောင့်နေချိန်ပါ။ ဘဝမှာ အမှတ်တရတစ်ခုအဖြစ် အမြဲရှိနေမယ့် ခရီးတစ်ခုရဲ့ အစပါပဲ။ တစ်လကြာခဲ့တဲ့ ခရီးရှည်ကြီးတစ်ခုဟာ ဘဝမှာ မတူညီတဲ့အမြင်တွေ၊ အိပ်မက်တွေ၊ စိတ်ကူးစိတ်သန်းတွေ၊ ရှုမြင်ပုံတွေ၊ ရပ်တည်ချက်တွေ၊ ဗဟုသုတတွေအများကြီးရစေခဲ့တယ်။
“ဟာ US သွားတာပဲ ဒီလိုပဲဖြစ်မှာပေါ့။ မထူးပါဘူး” လို့ လူတချို့က တွေးချင်တွေးကြလိမ့်မယ်။ ဒါပေမယ့် ခြားနားပါတယ်။ ကျနော်ရခဲ့တဲ့ အတွေ့အကြုံမျိုးကို လူတိုင်း ရချင်မှ ရပါလိမ့်မယ်။ တကယ်ပါ။ ကျနော်က ခွကျကျ ကောင်တစ်ကောင်ပါ။
Journalism Background ရှိထားတဲ့ ကိုယ့်အကျင့်က ဘယ်ပြည်ပခရီးသွားသွား အဆင်မပြေဆုံး၊ အညံ့ဆုံး၊ အစုတ်ဆုံး၊ စည်းကမ်းမရှိဆုံးဆိုတဲ့နေရာတွေ လိုက်ရှာတတ်တယ်။ ဒီကလူတွေ မြင်နေတဲ့ အမြင်တချို့ဟာ မှားယွင်းနေတယ်ဆိုတာကို အမြဲဖော်ထုတ်ချင်ခဲ့တယ်။ အခြေခံလူတန်းစားတွေရဲ့ လူနေမှုဘဝတွေအပေါ် သိချင်စိတ် အမြဲပြင်းပြတတ်တယ်။ ကိုယ့်တိုင်းပြည်အပေါ်ထားတဲ့ တစ်လွဲဆံပင်ကောင်းမာနပဲ ပြောရမလား၊ မလိုရာရှာခွပြီး အတွေးခေါင်တယ်ပဲ၊ လူတွေကို ဖြောင့်ဖြောင့်တန်းတန်းမြင်တတ်စေချင်နေတာပဲ ဆိုရမလား တစ်ခုခုပါပဲ။
ဒါကြောင့်လည်း ကိုယ်မမျှော်လင့်ထားတဲ့ လူ့အဖွဲ့အစည်းတွေ၊ ကိုယ်မမျှော်လင့်ထားတဲ့ လူနေမှုဘဝတွေ၊ ကိုယ်မမျှော်လင့်ထားတဲ့ အစားအစာတွေ၊ ကိုယ်မကြိုက်ဘူးထင်ခဲ့တဲ့ နှစ်လိုဖွယ်ရာ စရိုက်လက္ခဏာတွေနဲ့ ကျနော် အရင်က တစ်ခါဘူးမှမသိခဲ့ဖူးတဲ့ ကန့်လန့်ကာနောက်ကွယ်က ဘဝတွေအကြောင်း အများကြီး သိခဲ့ရတယ်။
ကျနော့ရဲ့ သောက်တလွဲအကျင့်က ဘယ်တိုင်းပြည်ရောက်ရောက် ဒီမှာတွေ့လား ငါတို့ချည်း စောက်စည်းကမ်းမရှိတာမဟုတ်ဘူး၊ ဆင်းရဲတာ ငါတို့ချည်း မဟုတ်ဘူးဆိုတာမျိုး၊ မတူညီမှုတွေ၊ ခြားနားမှုတွေ၊ ကိုယ်တွေအမြင်မှာ လွဲချော်နေတဲ့ အခြေအနေတွေဟာ ငါတို့ဆီမှာချည်းမဟုတ်ဘူးဆိုတာမျိုး၊ နောက်ပြီး လူကလူပဲ အခွင့်အရေးရရင် လူတိုင်း စောက်စည်းကမ်းမရှိတာတွေချည်း၊ ဆင်းရဲတဲ့လူတွေဆိုလည်း ဘယ်တိုင်းပြည်မှာမဆို ဒီလိုငတ်နေတာချည်း၊ ရိုးသားတဲ့လူတွေဟာ ဘယ်နေရာ ဘယ်ဒေသမှာမဆို ရိုးသားနေကြတာချည်း ဆိုတာမျိုးတွေကို အမြဲသိချင် လူတွေကိုလည်း ပြန်ပြောပြချင်ခဲ့တယ်။ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ US၊ အင်ဒိုနီးရှား နေရာတိုင်းမှာ ကိုယ်ဒီအတွေ့အကြုံကို ရအောင်ရှာခဲ့တယ်။
Homeless တွေ၊ White-trash တွေ၊ ပိုက်ဆံလိုက်တောင်းနေကြသူတွေ၊ ကူညီဖေးမနေသူတွေ၊ လိမ်ညာစားကြတဲ့လူတွေ၊ အခြေခံလူတန်းစားတွေ၊ ရုန်းကန်နေရတဲ့ ဆင်းရဲသားတွေ၊ စိတ်ထားကောင်းတဲ့လူတွေ၊ မကောင်းတဲ့လူတွေ၊ ကိုယ်ဘာကြောင့် ဒီလို လူတွေရဲ့အကြောင်းတွေကို ပြန်ပြောပြချင်နေတာလဲဆိုတာကို တစ်ခါတစ်လေ နားမလည်နိုင်ဘူး။ မြန်မာတွေက မြန်မာပြည်က လွဲလို့ ကျန်တဲ့တိုင်းပြည်တိုင်းက စည်းကမ်းရှိကြတယ်၊ အဆင်ပြေကြတယ်၊ ကောင်းကြတယ်ဆိုတဲ့ အတွေးအမြဲတမ်းရှိနေသလိုပဲ။ ကိုယ်ကလည်း ဒီလိုတစ်ဖက်ပိတ် အယူအဆတွေကို မကြိုက်ခဲ့ဘူး။
ဥပမာပြောရရင် – မြန်မာတွေ YBS ကို တိုးဝှေ့စီးရသလို ဂျကာတာတို့ ဘန်ကောက်တို့မှာလည်း ဘတ်စ်ကားတွေကို ငါးပိသိပ် ငါးချဉ်သိပ်တိုးဝှေ့စီးကြရတာပဲ၊ ရန်ကုန်မှာ ဘတ်စ်ကားတွေ ပိတ်သလို ဘန်ကောက်၊ LA၊ နယူးယောက်၊ ဂျကာတာတို့မှာ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် လမ်းတွေ ပိတ်ကြတာပဲ၊ မြန်မာတွေ လမ်းဘေး အမှိုက်ပစ်သလို LA၊ နယူးယောက်၊ ဘန်ကောက်၊ ဟိုချီမင်း၊ ဂျကာတာ ယုတ်စွဆုံး စင်ကာပူမှာတောင် လမ်းဘေးအမှိုက်မြင်ခဲ့ဖူးတယ်။
ရှိသေးတယ်။ မြန်မာပြည်မှာ တောင်းရမ်းစားသောက်တဲ့သူတွေပေါတယ်ဆိုပြီး ပြစ်တင်ဝေဖန်ခံရတာမျိုး။ ဗီယက်နမ်ကို ရောက်ချိန်မှာ အများဆုံး စိတ်အနှောင့်အယှက်ဖြစ်ရတာက ဖိနပ်တိုက်ပေးတဲ့လူတွေပဲ။ Public Area တွေမှာ တွေ့ကရာလူ ဖိနပ်ပြေးပြေးဆွဲပြီး တစ်ချက်နှစ်ချက်ပွတ် ပြီးရင် ပိုက်ဆံကို ရန်ပြုမတတ်တောင်းတဲ့လူတွေ။ အဲ့လူတွေကြောင့် ဓာတ်ပုံပတ်ရိုက်ဖို့ အစီအစဉ်တွေတောင် ဖျက်လိုက်ရဖူးတယ်။ US မှာကတော့ ပြောမနေနဲ့၊ အမေရိကရဲ့ အကောင်းဆုံးမြို့ပါဆိုတဲ့ ဆန်ဒီယေဂိုကနေစလို့ LA၊ ဆန်ဖရန်စစ္စကိုနဲ့ နယူးယောက်ခ်အဆုံး Homeless တွေကို ရှောင်မရဘူးရယ်။ (မက္ကဆီကန်) ကလေးတွေ မီးပွိုင့်မှာ ပန်းရောင်းတယ်၊ လမ်းဘေးမှာ ဘေထုပ်ရောင်းတယ်ဆိုတာက မြန်မာပြည်မှာတင်မဟုတ်ဘူး၊ US မှာလည်း ရှိတယ်ပြောရင် အံ့သြကြမလား။
မြန်မာပြည်က တက္ကစီသမားတွေ စိတ်ထားမကောင်းဘူးဆိုတာက ဟိုချီမင်းမှာလို ဘာသာစကားနားမလည်တာအကြောင်းပြပြီး တက္ကစီခ လိမ်တောင်းတာမျိုး၊ ဘန်ကောက်မှာလို နိုင်ငံခြားသားမှန်းသိတာနဲ့ မီတာပိတ်ပြီး ဂျင်းထည့်တာမျိုးတွေနဲ့ ယှဉ်ရင် ဘာမှထူးပြီး ဆိုးမနေဘူးရယ်။
ဒီတော့ ပြောချင်တာက မြန်မာတွေမို့ ဆိုးနေတာတို့ မြန်မာတွေမှ စောက်ကျင့်မကောင်းတာတို့ဆိုတဲ့ အတွေးတွေမရှိစေချင်တာပါ။ လူတွေက လူတွေချည်းပါပဲ။ လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုမှာ လူ ၁၀၀ ရှိရင် ၅၀+ က ဆိုးတဲ့လူပိုများမယ်။
ကောင်းတဲ့လူနည်းမယ်။ ဒီလို ဆိုးတဲ့လူများနေလို့လည်း ဒီလူမျိုး၊ ဒီဘာသာဆိုးတယ်လို့ ဆိုလို့ မရဘူး။ ဒါလူ့သဘာဝပဲ။ အခွင့်အရေးရရင် ယူချင်တတ်ကြတာချည်း။ လွယ်ရင် သူကြွယ်တောင် သူခိုးဖြစ်တတ်တယ်မဟုတ်လား။
ဒီလိုမဟုတ်ပဲ။ မြန်မာတွေကလွဲပြီး ကျန်တဲ့လူမျိုး အကုန်ကောင်းတယ်။ မြန်မာတွေပဲ စောက်စည်းကမ်းမရှိတာ။ မြန်မာတွေပဲ ယုတ်မာတာဆိုတာမျိုးလျှောက်တွေးမနေစေချင်ဘူး။
ထားတော့။ နောက်ထပ်ပြောချင်တဲ့ အမြင်တွေ အစွန်းရောက်တဲ့ ကိစ္စတွေ ရှိနေသေးတယ်။ မြန်မာတွေမှ ရိုးသားတယ်၊ ကိုယ်ကျင့်တရားကို တန်ဖိုးထားတယ်၊ မိသားစုကို သိတတ်တယ်။ နိုင်ငံခြားတွေမှာဆို မိသားစုကို စောင့်ရှောက်တာမျိုးမရှိဘူး၊ အပျိုစင်ဘဝကို တန်ဖိုးမထားကြဘူးဘာညာ စောက်ရူးနားကန်း အယူအဆတွေရှိသေးရဲ့။
ဟောလိဝုဒ်ကားတွေ ကြည့်ပြီး ကြောင်တောင်တောင် လက်ခံထားကြတဲ့အမြင်တွေ။ US မှာတောင် မိဘအုပ်ထိမ်းမှုအောက်မှာနေထိုင်တဲ့ အသက် ၁၈ နှစ်အထက်လူငယ်တွေဟာ မိဘနဲ့ ခွဲနေတဲ့လူတွေနဲ့ ရာခိုင်နှုန်းခြင်း မတိမ်းမယိမ်းရယ်။
မိန်းကလေးတွေနဲ့ ပတ်သက်လာရင်လည်း အပျိုစင်ဘဝကို တန်ဖိုးထားရမယ်တို့၊ တန်ဖိုးထားစရာမလိုဘူးတို့ဆိုတဲ့ အရည်မရအဖတ်မရကိစ္စတွေအပေါ် အစွန်းနှစ်ဖက်မှာ ငုတ်တုပ်ထိုင်ပြီး အာဝါဒါးစကားတွေ ပြောနေတဲ့ မြန်မာတွေ အများကြီးရှိနေသေးတယ်။ US မှာရော ဒါမျိုးတွေကို လေထိုင်ပေါနေတဲ့လူတွေ၊ တကယ်ကြီး Serious ဖြစ်နေတဲ့လူတွေ မရှိဘူးထင်လို့လား။ ပေါသော။ သားသမီးတွေကို အသက်မပြည့်သေးခင်မှာတင် မိဘကိုယ်တိုင် စီမံပြီး အိမ်ထောင်ချပေးတဲ့ ဓလေ့ကလည်း ခုထိရှိသေးတယ်။
ဘယ်တိုင်းပြည်မှာမဆို ဘယ်လူမျိုး၊ ဘယ်ဘာသာမှာမဆို လူကောင်း၊ လူဆိုး၊ ကြားနေလူတွေ အမျိုးမျိုးရှိနေမှာပါပဲ။ ငါတို့က ပိုကောင်းတယ်၊ ငါတို့က ပိုရိုးသားတယ် ဆိုတာမျိုး မရှိသလို ငါတို့က အညံ့ဆုံး၊ ငါတို့က အစုတ်ဆုံးလို့လည်း တွေးနေလို့မဖြစ်ပြန်ဘူး။
ရှေ့က US ခရီးစဉ်အကြောင်းပြန်ဆက်ရရင် ကျနော် US ရောက်ချိန်မှာ အဲ့လို လူ့အဖွဲ့အစည်းရဲ့ ရွဲ့စောင်းတွေးခေါ်မှုတွေအကြောင်းတွေ ပိုနားလည်လာတယ်။ တောင်ကုန်းမြင်တိုင်း ဘုရားတည်တာမျိုး၊ တပ်ကို ဦးစားပေးရတာမျိုးကလည်း မြန်မာပြည်မှာချည်း မဟုတ်ဘူးရယ် (သိဖို့)။
ကျနော် US ကို သဘောကျပါတယ်။ သူတို့ လူ့အဖွဲ့အစည်းကို သိပ်သဘောမကျပေမယ့်လည်းပေါ့လေ။ ဒါပေမယ့် သူတို့ဆီမှာ လွတ်လွတ်လပ်လပ် တွေးခေါ်ခွင့် ရှိနေတာကို နှစ်လိုဖွယ်လို့ မြင်မိတယ်။ တစ်ဖက်မှာလည်း လွတ်လွတ်လပ်လပ်တွေးခေါ်မှုမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနေတာကိုလည်း မြင်ခဲ့ရတယ်။
ကျနော်တို့လို မဖွံ့ဖြိုးတဲ့တိုင်းပြည်တွေမှာ မဖွံ့ဖြိုးတဲ့အနေအထားတွေနဲ့ တုံးအနေကြသလို ဖွံ့ဖြိုးတဲ့တိုင်းပြည်တွေမှာလည်း ဖွံ့ဖြိုးတဲ့နည်းနဲ့ရော မဖွံ့ဖြိုးတဲ့နည်းနဲ့ရော တုံးအနေကြဆဲဆိုတာကို မြင်ခဲ့ရလို့ပါ။ သူတို့ရဲ့ အားသာချက်ကတော့ သဟဇာတဖြစ်မှုကို လက်ခံနိုင်အောင် ဥပဒေနဲ့ စည်းကမ်းတွေနဲ့ ဖန်တီးထားနိုင်တာပါပဲ။ ဒါတောင် မနည်းကျားကန်ထားရတဲ့ အခြေအနေရယ်ပါ။ ကျနော်တို့ဆီမှာတော့ ရှုမြင်ချက်တွေ၊ အတွေးအခေါ်တွေကြားထဲမှာ ပိတ်မိနေတုန်းရယ်။ သူတို့လို အဆင့်မျိုးရောက်ဖို့တော့ လိုနေသေးတယ်ဆိုရမှာပေါ့။
ခြုံငုံပြောရရင် အခြေခံအားဖြင့်တော့ လူဟာ လူပါပဲ။ လူ့သဘောသဘာဝအရ၊ အခြေအနေ အကြောင်းတရားအမျိုးမျိုးအရ ကောင်းခြင်း၊ မကောင်းခြင်း၊ ခြားနားခြင်းတွေကရှိနေမှာပါပဲ။ ဒါကို မတွေးပဲ အပေါ်ယံအမြင်တွေနဲ့ လိုက်ပြီး မခံစားနေကြဖို့ လိုမယ်ထင်ပါတယ်။
ဘာရယ်မဟုတ်ပါဘူး။ ပျင်းလို့ လျှောက်ရေးထားတာပါ။ အဆုံးအထိ ဖတ်ဖြစ်တယ်ဆိုရင်တော့ ကျေးဇူးတင်ပါတယ်။ စကားမစပ်၊ ပျော်ရွှင်ဖွယ်နှစ်သစ်ကူးကာလဖြစ်ပါစေဗျာ။
မောင်မိုးဇွန်
၁၀၊ ဧပြီ၊ ၂၀၂၀
တောရေးတောင်ရေး