ငါးပြေမဟင်းတစ်ခွက်နဲ့စာတစ်စု

ဒီနေ့ အိမ်မှာ ငါးပြေမဟင်းချက်တယ်။ မိုးမဝင်သေး၊ မိုးဦးတောင် မကျသေးချိန်မို့ ငါးပြေမဟင်းစားရတာက နည်းနည်းတော့ ဆန်းတယ်။ အကောင်လည်း သိပ်မဖွံ့ဘူးပေါ့။ တကယ်ဆို ကျွန်တော်က ငါးပြေမဟင်းဆို အလွန်အကျူးကြိုက်တတ်တာ။ ဒါပေမယ့် ဒီလို ငါးပြေမကို ရူးရူးမူးမူးမကြိုက်လာခင် လွန်ခဲ့တဲ့ ၂၅ နှစ် လောက်ကဆို ကျွန်တော်က ငါးဆို ဘာငါးမှ မစားခဲ့ဘူးရယ်။ အမေကဆို “ငါးကြော် မကြိုက်တဲ့ ကြောင်မိုက်” ဆိုပြီး ခနခန နောက်ပြောတတ်တယ်။

ကျွန်တော့်အသက် ၁၀ နှစ်လောက်ရောက်တော့ အမေပေးဖတ်လို့ ရသမဂ္ဂဇင်း တွေ စဖတ်ခွင့်ရတယ်။ အဲ့ဒီမှာ ကျွန်တော်နဲ့ ငါးပြေမကို ကံဇာတ်ဆရာက ထိပ်တိုက်ပေးတွေ့တော့ပါပဲ။ အဲ့တုန်းက ဖတ်ခွင့်ရတာ လုံမလေး မဂ္ဂဇင်းနဲ့ မဟေသီ မဂ္ဂဇင်း ပေါ့လေ။ အနုပညာဘက်ပိုကဲတဲ့ မဟေသီမဂ္ဂဇင်းထက် ရသပိုဆန်တဲ့ လုံမလေးမဂ္ဂဇင်းကို ကျွန်တော်က ပိုကြိုက်တယ်။ ပြီးတော့ အဲ့တုန်းက လုံမလေး မဂ္ဂ ဇင်း မှာ ဆရာအီကြာကွေးက ဟာသစာတိုလေးတွေ လစဉ်ပင်တိုင် ပုံမှန်ရေးသဗျ။ ကျွန်တော်က သူ့စာတွေဆို သိပ်သဘောကျခဲ့တာရယ်။

တလတော့ အဲ့ မဂ္ဂ ဇင်း မှာ သူက စာတပုဒ်ရေးသဗျ။ အကြောင်းအရင်းက သူ့အနေနဲ့ ငါးပြေမဟင်း သိပ်ကြိုက်တယ်ဆိုတာရယ်။ ဘာကြောင့်ကြိုက်ရတယ်ဆိုတာရယ်ကို ဖွဲ့နွဲ့ပြီးရေးပြသွားတာ။ ဖတ်လို့ သိပ်ကောင်းတဲ့ ဆောင်းပါးတိုလေးပေါ့။ တကယ်တော့ ငါးပြေမဆိုတာ အရမ်းအရိုးများတဲ့ငါး။ ဒါပေမယ့် သူ့ရဲ့အချိုအရသာဟာ တခြားဘယ်ငါးမှလိုက်မမှီအောင် ချိုတယ်။ ဆရာအီကြာကွေးက အဲ့ဒီအချက်ကို အဓိကထောက်ပြပြီး သွားရည်တမြှားမြှားကျသွားအောင် စာဖွဲ့ပြခဲ့တာ။ ကျွန်တော်ဖြင့် သူ့စာအရေးအသားကို ဖတ်ပြီး ငါးပြေမဆိုတဲ့ ငါးကို ချက်ချင်းစားချင်စိတ်တွေ တဖွားဖွားပေါ်လာတဲ့အထိပါပဲ။

စာဖတ်ပြီးပြီးချင်းပဲ အမေ့ကို ငါးပြေမဟင်း ချက်ခိုင်းတယ်။ နောက်နေ့ကျ ကျွန်တော့်ကို ငါးသိပ်စားစေချင်နေတဲ့ အမေက ချက်ကျွေးပါလေရော။ ငါးပြေမကို မန်ကျည်းမှည့်လေးစွက်ပြီး နံနံပင်လေးအုပ် ငရုပ်စိမ်းတောင့်လေးထည့်ချက်ထားတဲ့ အဲ့နေ့ကဟင်းကဗျာ … သိပ်စားကောင်းတာရယ်။ ငါးပြေမရဲ့ ခပ်ချိုချိုအရသာလေးရယ် ဟင်းအရည်ရဲ့ ချိုချည်စပ် အရသာလေးရယ်၊ အမေ့ရဲ့ အစပ်အဟပ်တည့်လှတဲ့ ဟင်းချက်လက်ရာရယ် ပေါင်းလိုက်တော့ … ဘာပြောကောင်းမလဲပေါ့ဗျာ။ ကျွန်တော်ဖြင့် အဲ့ဒီ ငါးပြေမဟင်းတစ်ခွက်ကို ဘယ်တော့မှ မမေ့ဘူး။ တစ်သက်လုံးစွဲထင်နေတဲ့ ဟင်းတခွက်ပါပဲ။

အဲ့ဒီနေ့က ကျွန်တော် တွေးမိနေခဲ့တာက ငါးပြေမဆိုတဲ့ ငါးဟာ ကမ္ဘာပေါ်မှာ အချိုဆုံး၊ စားလို့အကောင်းဆုံး၊ အရသာအရှိဆုံးပဲလို့ပေါ့။ ဘယ်လောက်အထိတောင် အဲ့ဒီငါးကို ကြိုက်မိသွားလဲဆိုရင် … ငါးပြေမဆိုတာ သိပ်အရိုးများတဲ့ငါး၊ တော်ရုံလက်နဲ့စားရင်တောင် ကသီလှတယ်။ အဲဒီလို ငါးမျိုးကို ဇွန်းနဲ့ပဲ ထမင်းစားလေ့ရှိတဲ့ကျုပ်က ဇွန်းနဲ့အဆင်ပြေပြေစားတတ်အောင် လေ့ကျင့်ယူပြီးကို စားခဲ့တဲ့အထိပဲ။

ဆရာအီကြာကွေးရဲ့စာနဲ့ အမေ့ရဲ့ငါးပြေမဟင်း တစ်ခွက်ကြောင့်ပဲ ကျွန်တော်လည်း ခုနောက်ပိုင်း ငါးစားဖြစ်လာတယ်။ ခုဆို ငါးကလွဲပြီး တခြား အသားမကြိုက်တဲ့အထိကို ဖြစ်လာတာပဲ။
ဒါကတော့ ဆောင်းပါးတိုတပုဒ်ကို အကြောင်းပြုပြီး ငါးပြေမနဲ့ အကြောင်းဖက်ခဲ့ရတဲ့ ကျွန်တော့်ဇာတ်လမ်းပါပဲ။ အဲ့တုန်းက ဖတ်ခဲ့တဲ့ ဆရာအီကြာကွေးရဲ့ စာစုလေးကနေ အကျိုးကျေးဇူး ၂ ခု ကျွန်တော် ရလိုက်ပါတယ်။ ငါးပြေမရယ်၊ စာပေရဲ့တန်ဖိုးရယ်ပေါ့။ စာလေး တပုဒ်ကို လူတယောက်ကို အဲလိုပြောင်းလဲလိုက်နိုင်ပါလားဆိုတဲ့ အတွေးက ကြီးလာတော့ ကျွန်တော့်ကို စာရေးဆရာ ဘဝကို ရွေးချယ်ဖို့ စေ့စော်အား တစ်ခုဖြစ်လာတယ်။

အဲတော့ ထမင်းဝိုင်းကို ပြန်ဆက်ရရင် ဒီနေ့ ငါးပြေမလေးတွေက အကောင်သေးတော့ စားရတာ အားမရသလို၊ နည်းနည်းလည်း ကသီလှတယ်လို့တော့ ခံစားမိသား။ ဒါပေမယ့် အမေ့လက်ရာကတော့ အမေ့လက်ရာပဲလေ။ အရသာကတော့ လွှတ်ကောင်းပေါ့။ ထမင်းဇလုံထဲ ငါးပြေမလေးတွေ ပစ်ထည့်၊ ဟင်းရည် ခပ်ရွှဲရွှဲလေးစမ်းပြီး နယ်ဖတ်ပြီးတာနဲ့ ဆာလောင်တဲ့ စိတ်ခံစားချက်က နဂိုထက် ၂ ဆ ကဲတက်လာတော့ပါပဲ။ ဒါနဲ့ ကျွန်တော်လည်း “အမေရေ ထမင်းစားနှင့်ပြီဗျို့” လို့ အော်ပြီး ခေါင်းမဖော်စတမ်း လွေးတော့တာပါပဲ…

မောင်မိုးဇွန်
၁၅၊ မေ၊ ၂၀၂၀
တောရေးတောင်ရေး
(၂၀၁၆ က စာဟောင်းလေးကို အခြေခံပြီး ပြန်ရေးပါတယ်)

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *