စင်ကာပူ အစ ရန်ကုန်လား၊ ရန်ကုန်အစ စင်ကာပူလား

“စင်ကာပူမြို့က ရန်ကုန်မြို့တည်ပြီးသည့်နောက်မှ ပေါ်ပေါက်လာတာ။ အင်္ဂလိပ်အစိုးရက စင်ကာပူကို တည်တုန်းက ရန်ကုန်မြို့ကို တည်ထားတဲ့ စနစ်တချို့ကို ပြန်လည်အသုံးပြုခဲ့တယ်။”

ဟု စင်ကာပူတွင်နေထိုင်ဖူးသည်ဆိုသည့် တက္ကစီသမားက အာပေါင်အာရင်းသန်သန်ဖြင့် ဆိုလိုက်သည်။ ချွေးပြိုက်ပြိုက်ကျအောင် ပူပြင်းသောနွေတစ်ည၌ စမ်းချောင်းမှ မြောက်ဥက္ကလာသို့ တက္ကစီငှား၍ ပြန်လာစဉ်ဖြစ်သည်။

“လက်ရှိမှာ ကိုယ်တွေက သူတို့ကို ပြန်အတုယူရမှာက ရှက်ဖို့တောင်ကောင်းတယ်။” ဟု သူက ဆိုသည်။

တကယ်တမ်း ကျွန်တော်တို့ စပြောဖြစ်သည့် အကြောင်းအရာက လှည်းတန်းတံတားပေါ်ဖြတ်သန်းရင်း ရန်ကုန်ကို စင်ကာပူဖြစ်အောင်လုပ်မည်ဆိုသည့် အရင်အစိုးရလက်ထက်က issue အဟောင်း။ ယင်းအစီအစဉ်မှာ ဘာမျှဖြစ်မလာကြောင်း၊ ဘက်ဂျက်များ ပျောက်ဆုံးသွားသည်သာ အဖတ်တင်ကြောင်၊ မီးပွိုင့်များ အဆင့်မြှင့်တင်မည်ဆိုပြီး ပိုက်ဆံတွေ ဘယ်ရောက်ကုန်မှန်းမသိကြောင်း၊ အလျှိုအလျှိုပေါ်ပေါက်လာသည့် အဆင်မပြေသည့် တံတားစီမံကိန်းများအကြောင်း၊ လေထဲတိုက်အိမ်ဆောက်ခဲ့သည့် မြို့သစ်စီမံကိန်းများအကြောင်း စသဖြင့်စသဖြင့်။
ယင်းမှတဆင့် သူ့စကားတွေက ရန်ကုန်သည် စင်ကာပူဖြစ်အောင်လုပ်သင့်ကြောင်း၊ စင်ကာပူကို ရန်ကုန်အား အတုယူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်သောကြောင့် လက်ရှိအချိန်တွင် ရန်ကုန်မြို့ကြီးယခုကဲ့သို့ စုတ်ခြာနေခြင်းမှာ ရှက်စရာဖြစ်နေသည်ဆိုသည့် ဘက်ကိုရောက်သွားသည်။ လေသံကတော့ဖြင့် Pro-NLD ဖြစ်ဟန်တူသည်။ ကျွန်တော်ပြုံးဖြစ်သည်။

ကျွန်တော့်တွင် ကောင်းသည်ဟု ဆိုရမည်လော မကောင်းသည်ဟု ဆိုရမည်လော မသေချာသည့် အကျင့်တစ်ခုရှိသည်။ သိချင်စိတ် လေ့လာချင်စိတ်များလွန်းလှခြင်းဖြစ်သည်။ တစ်ခါတစ်ရံ တခြားလူများအတွင် ဘာမျှမဟုတ်လျှသည့် သေးသေးမွှားမွှားကိစ္စလေးများကိုပင် စစ်စစ်ပေါက်ပေါက် ဃဃနနလေ့လာလေ့ရှိသည်။ ဘယ်သူ ဘယ်ပုဂ္ဂိုလ်က ပြောနေသည်ဖြစ်စေ ကျွန်တော့်စိတ်ထဲ မျက်စိမှိတ်ယုံလေ့မရှိခြင်းမှာလည်း ပေါင်းသင်းဆက်ဆံရေးတွင် တခါတစ်ရံ အင်မတန်ခွကျလှလေသည်။

ယခုလည်း သူနှင့် ကျွန်တော် ငြင်းရင်းခုံရင်းဖြင့် ကျွန်တော် အိမ်ပြန်ရောက်သည်။ သို့သော်လည်း စိတ်ထဲ အခဲမကျေသည့် ကိစ္စတစ်ခုကျန်နေသည်။
ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ် ရန်ကုန်မြို့ သမိုင်းကြောင်းကို အထူးစိတ်ဝင်စားသည့် ကျွန်တော်သည် ယင်းအကြောင်းအရာပိုင်းများကို ဂရုတစိုက်လေ့လာဖြစ်သည်။ ထိုအအခါ ကိုယ့်ထက်သိသူ မသိသူများနှင့် ဆွေးရနွေးရ ငြင်းရခုံရသည်များရှိလာသည်။ ယခုလည်း သူနှင့်ပြောရင်းဆိုရင်း ငြင်းရခုံရသည်အထိ ပွဲကပြင်းထန်ခဲ့သည်။ အိမ်ပြန်ရောက်သည်အထိ စိတ်ထဲ စွဲကျန်နေသည်များ ရှိနေသေးသည်။ စင်ကာပူကို ရန်ကုန်ကို အတူယူ၍ တည်ဆောက်ခဲ့ခြင်းလေ၊ ရန်ကုန်ကို စင်ကာပူပုံစံဆောက်ခဲ့ခြင်းလေ။

ရန်ကုန်တွင် လူတော်တော်များများက စင်ကာပူမြို့ကို ရန်ကုန်မြို့ကို ဥပမာယူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်။ မည်သူစလိုက်သည်မသိ။
သို့သော်လည်း ကျွန်တော့်အနဖြင့်မူ မျက်စိစုံမှိတ်မယုံလို။ အကြောင်းမတိုက်ဆိုင်၍ မစဉ်းစားမိသော်လည်း ယခုကျွန်တော် သိချင်လာသည်။ အဓိကက ကျွန်တော့်မှာ မယံုံကြည်ရသည့် အကြောင်းပြချက်ရှိနေသည်။ စင်ကာပူသည် ရန်ကုန်အရင် ဗြိတိသျှကိုလိုနီဖြစ်ခဲ့သည့်မြို့ဖြစ်နေသည့် အချက်က ကျွန်တော့်ကို သံသယဝင်စေခြင်းဖြစ်သည်။

ကျွန်တော်သိသမျှ လက်လှမ်းမှီသလောက် လေ့လာမိသမျှအရ ပြောရပါမည်ဆိုလျှင် စင်ကာပူနိုင်ငံ၏ မြို့ပြပုံစံကို ၁၈၁၉ တွင် Sir Stamford Raffles က ကိုလိုနီအဖြစ် စတင်တည်ထောင်ခဲ့စဉ်ကပင် ရေးဆွဲခဲ့ပြီး ၁၈၂၂ Jackson Plan မှာ လက်ရှိစင်ကာပူမြို့ကွက်နီးပါး ရုပ်လုံးအတော်ပေါ်နေပြီလို့ဆိုကြသည်။ ထို့အပြင် စင်ကာပူနိုင်ငံတွင် မကြာသေးခင်ကမှ ရှာတွေထားသည့် ဂရက်နိုက် မိုင်တိုင်များသည် ၁၈၄၀ လောက်ကတည်းက စိုက်ထူခဲ့ဖွယ်ရှိကြောင်း သိရပြန်သည်။
နှိုင်းယှဉ်ကြည့်မယ်ဆိုပါက ရန်ကုန်မြို့၏ မြို့ပြပုံစံကို ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ၁၈၅၂ ခုနှစ်တွင်မှ စတင်ရေးဆွဲခဲ့တာဖြစ်ပြီး ထိုသို့ရေးဆွဲရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သည့် Dr.William Montgomery
သည် စင်ကာပူနိုင်ငံမြူနီစပယ်ဌာနတွင် အရင် တာဝန်ထမ်းခဲ့ဖူးသူဖြစ်သည်။ ထို့အပြင် Stamford Raffles ထံမှ စင်ကာပူမြို့ပြပုံစံ ရေးဆွဲခဲ့ပုံများကို အနီးကပ်သင်ယူခွင့်ရခဲ့ကြောင်းလည်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
Montgomery ၏ စိတ်ကူးထဲမှ ပုံစံများကို ဘင်္ဂလားအင်ဂျီနီယာတပ်မှ စကော့တလန်သား Alexander Fraser က စကေးကိုက်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ စင်ကာပူမြို့ပြပုံစံသည် ရန်ကုန်မြို့၏ မြို့ပြပုံစံကို ယူ၍ တည်ဆောက်ခဲ့ခြင်းမဖြစ်နိုင်သမည်မှာ သေချာသလောက်ဖြစ်သည်။ ရန်ကုန်မြို့ပြပုံစံသည်သာ စင်ကာပူ အငွေ့အသက်မကင်းခြင်း ပိုဖြစ်နိုင်ပေသည်။

ရုတ်တရက် လှမ်းကြည့်လိုက်တော့ တက္ကစီသည် အိမ်ရှေ့မှ ထွက်ခွာသွားသည်ကို မြင်တွေ့နေရသည်။ ကျွန်တော် အိမ်ရှေ့တွင် တစ်ယောက်တည်းရပ်၍ တွေးနေမိသည်ထင်ပါသည်။ ကျွန်တော်တက္ကစီသမားကို သေသေချာချာ မပြောပြဖြစ်လိုက်သည်များကို အိမ်ရှေ့တွင် ရပ်၍ တွေးနေမိခြင်းဖြစ်သည်။

ကျယ်ကျယ်စူးစူး အမေ့ အော်ခေါ်သံကြောင့် ကျွန်တော် အိမ်ထဲသို့ ခပ်သုတ်သုတ်ဝင်ခဲ့ပါလေသည်။ ကျွန်တော်လည်း တခါဘူးမျှ မရောက်ဖူးသည့် စင်ကာပူအကြောင်းသည် ကျွန်တော့် ခေါင်းထဲ တွင် ကျန်ရစ်နေဆဲ။

မောင်မိုးဇွန်
၁၈၊ ဧပြီ၊ ၂၀၁၆
ရန်ကုန်ကောက်ကြောင်း

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *