စပ်ဖျဉ်းဖျဉ်း ဆက်သွယ်ရေးဈေးကွက် အပြောင်းအလဲ

အူရီဒူးကုမ္ပဏီက သြဂုတ်လအတွင်း မိုဘိုင်းဖုန်း ဆင်းမ်ကတ်များကို စတင်မိတ်ဆက်ရောင်းချလိုက်ခြင်းသည် မြန်မာနိုင်ငံသမိုင်းတွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ပထမဆုံး မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို စတင်လိုက်ခြင်းဖြစ်သည်။

နှစ်ပေါင်းများစွာ ဆိုးဝါးညံ့ဖျင်းသော ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် ယဉ်ပါးနေခဲ့သည့် မြန်မာနိုင်ငံသားများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအပြင် အခြားရွေးချယ်စရာ မိုဘိုင်းအော်ပရေတာတစ်ဦး တိုးလာခြင်းလည်းဖြစ်သည်။ ထပ်မံ၍လည်း စက်တင်ဘာလဆန်းပိုင်းတွင် တယ်လီနောနှင့် ယခုနှစ်မကုန်မီကာလအတွင်း ပြည်တွင်းမှ ရတနာပုံတို့ကလည်း မိုဘိုင်းဝန်ဆောင်မှုများ ဖြင့်ပြည်တွင်းဈေးကွက်အတွင်း အပြိုင်အဆိုင်ဝန်ဆောင်မှုများ စတင်တော့မည်ဖြစ်သည်။

ပြည်တွင်းရှိ ပြည်သူများအတွက် ရွေးချယ်စရာများ ပိုမိုများပြားလာပြီဖြစ်သော်လည်း ရွေးချယ်မှုပြုလုပ်ရာတွင် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း ဈေးကွက်အခြေအနေများအရ ထင်ထင်ရှားရှားမြင်တွေ့နေရသည်။

“ဆိုင်တွေမှာ စရောင်းရောင်းခြင်းမှာပဲ အူရီးဒူး တစ်ကတ်ဝယ်လိုက်တယ်။ ဖုန်းခေါ်ဆိုခကတော့ သက်သာတယ်လို့ပြောလို့ရတယ်။ အင်တာနက် Speed ကတော့ မြန်ပါရဲ့။ ဒါပေမယ့် အင်တာနက်သုံးခက မသက်သာဘူး။” ဟု မြောက်ဥက္ကလာပမြို့နယ်နေ ဦးကျော်စွာကဆိုသည်။

စတင်ရောင်းချစဉ်က ကြေညာခဲ့သည့် တစ်မိနစ် ၃၅ ကျပ် ဆိုသည့် ဖုန်းခေါ်ဆိုခမှာ အများပြည်သူအတွက် ပြဿနာသိပ်မရှိသော်လည်း အင်တာနက်အသုံးပြုခ 1 MB လျှင် ၂၅ ကျပ်သည် သုံးစွဲသူများအတွက် စဉ်းစားဖွယ်အချက်တစ်ချက်ဖြစ်လာခဲ့သည်။

“1 MB ကို ၂၅ ကျပ်ဆိုတာ သူများတွေ ပြောတာတော့ များတယ်ပြောကြတယ်။ သေချာတော့မသိဘူး။ 1 MB ဆိုတာကို ဘယ်လိုတွက်ယူလဲဆိုတာကို သေချာနားမသိတော့ အင်တာနက်သုံးရတာ တော်တော်အခက်အခဲတွေ့တယ်။ အခု Package Plan တွေနဲ့ ရောင်းတာတွေကလည်း တစ်ချို့တွေ ပြောနေတာ နိုင်ငံခြားမှာထက်ဈေးကြီးတယ်တဲ့။ အူရီးဒူးက လူတွေကို ဒုက္ခလာပေးနေတာလားမသိဘူး” ဟု ဦးကျော်စွာကဆိုသည်။

ဦးကျော်စွာတို့ကဲ့သို့သော သာမန်ပြည်သူများအတွက် အစဉ်အဆက် အင်တာနက်အသုံးပြုခကို မိနစ်ဖြင့်သာ ပေးဆောင်လာရခြင်းဖြစ်သောကြောင့် အင်တာနက် Data ပမာဏ 1 MB ကို မည်ကဲ့သို့တွက်သည်ကို နားမလည်သကဲ့သို့ နိုင်ငံတကာပုံစံ မိုဘိုင်းဖုန်းဝန်ဆောင်မှုစနစ်များနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိခြင်းကြောင့်များစွာ အခက်အခဲကြုံရသည်။

ထို့အပြင် ဆင်းမ်ကတ်ရောင်းချထားသော်လည်း မိုဘိုင်းဖုန်းခေါ်ဆိုမှုများ အဆင်မပြေသည့် နေရာအများအပြားရှိနေသည့်အပြင် ဆင်းမ်ကတ်များမှာလည်း နယ်မြေဒေသအကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သေးခြင်းမှာ ပြည်သူများအတွက် စိတ်ပျက်ဖွယ်ရာဖြစ်စေသည်။

စက်တင်ဘာလတွင် ဝန်ဆောင်မှုများစတင်တော့မည့် တယ်လီနောမြန်မာကလည်း အင်တာနက်စနစ်ကို Data အသုံးပြုမှုအပေါ်အခြေခံ၍ ကောက်ယူမှုစနစ်ဖြင့်သာ ကောက်ခံသွားမည်ဖြစ်ပြီး မိုဘိုင်းခေါ်ဆိုခများကိုမူ တစ်မိနစ်လျှင် ၂၅ ကျပ်ထပ်လျှော့နည်းကာ ကောက်ခံသွားမည်ဟု တယ်လီနောမြန်မာမှ CEO Petter Furberg က ဆိုလေသည်။

ပြည်ပအော်ပရေတာများအနေဖြင့် အကောင်းဆုံးဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဟု လိုင်စင်ရရှိစဉ်က ကြေညာထားသော်လည်း လက်ရှိအချိန်တွင် ဝန်ဆောင်မှုမှုများပေးအပ်ရာတွင် အခက်အခဲများရှိနေကြောင်း ထုတ်ဖော်ပြောဆိုလာကြသည်။

“ပြည်သူတွေအနေနဲ့ အများကြီးမျှော်လင့်နေတာကို နားလည်ပါတယ်။ ကျွန်တော်တို့ကတော့ အလွန်အကျွံမျှော်လင့်ချက်ထားနေတာမျိုးမဖြစ်စေချင်ပါဘူး။ ကောင်းဆုံးဖြစ်အောင် စီစဉ်ထားပေမယ့် ကျွန်တော်တို့ စတင်ချိန်မှာလည်း အခက်အခဲတွေ ရှိနေမယ်လို့ မျှော်လင့်ထားပါတယ်။ ပြည်သူတွေ စိတ်ပျက်သွားမှာကို မလိုလားပါဘူး” ဟု တယ်လီနော မြန်မာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အူရီးဒူး ဆင်းမ်ကတ်များစတင်ရောင်းချချိန်က သုံးစွဲသူများက ကျိတ်ကျိတ်တိုးဝယ်ယူမှုများရှိခဲ့သော်လလည်း စနစ်မကျသည့် ဖြန့်ချိမှုပုံစံကြောင့် သုံးစွဲသူများအကြားစိတ်ပျက်ဖွယ်ရာများ ဖြစ်ပေါ်ခဲ့ရသည်။ ဆင်းမ်ကတ် လိုအပ်သလောက်ရရှိစေမည်ဟု ကြေညာထားခဲ့သော်လည်း အမှန်တကယ်ဈေးကွက်အတွင်းတွင်မူ မှောင်ခိုဈေးကွက်ပေါ်ပေါက်လာခဲ့ပြီး တန်ဖိုးကျပ် ၁၅၀၀ ထက် ပိုမိုမြင့်မားသောဈေးနှုန်းများဖြင့် ရောင်းချမှုများပေါ်ပေါက်လာခဲ့သည်။

“၁၅၀၀ နဲ့ ရမယ်ဆိုပြီး ပြောတုန်းက ပြောပြီးတော့ အခုကျတော့ ဝယ်လိုအားမြင့်လာချိန်မှာ တခြားဆိုင်တွေက ၄၀၀၀၊ ၅၀၀၀ နဲ့ ရောင်းနေကြတယ်။ အူရီးဒူးကိုယ်တိုင်ကလည်း ဆိုင်တွေကို မထိန်းနိုင်ဘူးလေ။ တကယ်ဆို သူတို့ကတိပေးထားတာပဲ ဆိုင်တွေကို နိုင်အောင်ထိန်းရမှာပေါ့။ အခုတော့ သုံးတဲ့သူတွေ နစ်နာတယ်” ဟု Star မိုဘိုင်းဖုန်းဆိုင်မှ ဦးဇော်မင်းကဆိုသည်။

တယ်လီနောဘက်ကမူ ၎င်းတို့၏ ဆင်းမ်ကတ် စတင်ရောင်းချချိန်တွင် သက်ဆိုင်ရာဆိုင်များအနေဖြင့် ၁၅၀၀ ကျပ်ဖြင့်သာရောင်းချရန်နှင့် ထိရောက်သောအရေးယူမှုများပြုလုပ်သွားရန် စီစဉ်ထားသည်ဟုဆိုသည်။

“တကယ် ၁၅၀၀ နဲ့ ရောင်းချနိုင်အောင်လုပ်ပေးရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် ဈေးတင်ရောင်းရင် ဆိုင်တွေကို ကတ်မပေးတော့ဘူးဆိုတာကိုတော့ သဘောမကျဘူး။” ဟု ဦးဇော်မင်းကဆိုသည်။

ပြည်သူများအနေဖြင့် နိုင်ငံတကာပုံစံ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် အသားကျမှုမရှိသေးသော်လည်း မကြာခင်ကမှ ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ KDDI နှင့် ပူးပေါင်းခဲ့သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်လည်း ယင်းကဲ့သို့သောဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် ပြင်ဆင်နေပြီဖြစ်သည်။

“ကျွန်တော်တို့လည်း ရေရှည်မှာ နိုင်ငံတကာပုံစံဝန်ဆောင်မှုတွေပေးမှာပါ။ ဒါပေမယ့် လောလောဆယ်မှာတော့ မဟုတ်သေးပါဘူး။ လက်ရှိမှာ ဖုန်းခေါ်ဆိုခတွေကိုတော့ လောလောဆယ်မှာလျှော့ချဖို့ စီစဉ်နေပါတယ်။ အင်တာနက်အသုံးပြုခကိုတော့ ပြင်ဆင်ဖို့ မရှိသေးပါဘူး” ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးကဆိုသည်။

မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုပုံစံများပြောင်းလဲလာခြင်းသည် လက်ရှိဈေးကွက်အတွင်း ရောင်းချမှုပုံစံနှင့် ဈေးကွက်အခြေအနေကို အပြောင်းအလဲများဖြစ်ပေါ်စေသကဲ့သို့ ပြည်သူများအတွက် ရေရှည်တွင်အကျိုးရှိစေမည်သာဖြစ်သည်။

လက်ရှိအချိန်တွင် အင်တာနက်အသုံးပြုမှုနှင့် ဖုန်းခေါ်ဆိုမှုများကို အကောင်းဆုံးပုံစံဖြင့် သုံးစွဲနိုင်ခြင်းမရှိသေးသော်လည်း ရေရှည်ကာလများတွင်မူ ပိုမိုကောင်းမွန်သည့် ဆက်သွယ်ရေးစနစ်များကို အသုံးပြုနိုင်တော့မည်ဖြစ်သည်။ ထို့အပြင် မိုဘိုင်းဖုန်းမှတဆင့် ပညာရေး၊ ကျန်းမာရေးနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို သုံးစွဲခွင့်ရရှိနိုင်တော့မည်ဖြစ်သည်။

“လက်ရှိမှာတော့ လုံးဝအကောင်းဆုံးပုံစံနဲ့ သုံးစွဲခွင့်ရဦးမှာမဟုတ်သေးပေမယ့် ရေရှည်မှာတေ့ ကောင်းလာမှာပါ။ ဒါက ရေရှည် စီမံကိန်းတစ်ခုပါ။ နောက် ၃၊ ၄ နှစ်ဆိုရင် ဒီမှာ ပြည်တွင်းပြည်ပ အော်ပရေတာတွေအားလုံးရဲ့ 3G စနစ်က တော်တော်ကောင်းကောင်းသုံးလို့ရနေလောက်ပြီ။ နောက် ၅ နှစ်ကျော်လောက်ဆိုရင် 4G စနစ်လည်း ရလိမ့်မယ်လို့မျှော်လင့်တယ်။ ရေရှည်ကိုတော့ စောင့်ရလိမ့်မယ်ထင်တယ်။” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦးသန်းဦးကဆိုသည်။

လက်ရှိအချိန်တွင် ကိန်းဂဏန်းအချက်အလက်များအရ ပြည်တွင်းတွင် မိုဘိုင်းဖုန်းသုံးစွဲသူအရေအတွက် တိုးတက်လာနေပြီဖြစ်သည်။ MPT သုံးစွဲသူ ၁၀ သန်းခန့်ရှိနေသကဲ့သို့ အူရီးဒူးသုံးစွဲသူအရေအတွက်မှာလည်း တစ်လအတွင်း ၁ သန်းခန့်အထိရှိလာနေပြီဖြစ်သည်။ တယ်လီနောနှင့် ရတနာပုံတို့ထပ်မံလုပ်ကိုင်လာချိန်တွင် ပြည်တွင်းတွင် မိုဘိုင်းဖုန်းသုံးစွဲသူအရေအတွက် ပိုမိုများပြားာလမည်ဖြစ်သည်။

ယင်းနှင့်အတူ ဆင်းမ်ကတ်ရောင်းချခြင်းနှင့် မိုဘိုင်းဖုန်းရောင်းချခြင်းဈေးကွက်များတွင် အပြောင်းအလဲများ ထပ်မံဖြစ်ပေါ်လာဦးမည်ဖြစ်သည်။

“တကယ်ကျွန်တော်တို့ လိုတာက လိုင်းကောင်းဖို့ရယ် ဈေးသက်သာဖို့ရယ်။ တယ်လီနောကတော့ လိုင်းကောင်းမယ်ပြောတယ်။ ဈေးလည်း သက်သာမယ်ပြောတယ်။ အူရီးဒူးကတ်တော့ ဆက်မသုံးတော့ဘူး။ တယ်လီနောထပ်ဝယ်မယ်” ဟု ဦးကျော်စွာကဆိုသည်။

ဤသည်ပင်လျှင် မိုဘိုင်းဖုန်းသုံးစွဲမှုပုံစံပြောင်းလဲလာခြင်းဖြစ်သည်။ ယခင်က မိုဘိုင်းဖုန်း ဆင်းမ်ကတ်များကို တန်ဖိုးတကြီးပေးဝယ်ခဲ့ရသည့်အနေအထားမှ တန်ဖိုးမကြီးသည့် လူတိုင်းလက်လှမ်းမှီသည့် ပစ္စည်းတစ်ခုအဖြစ်ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။

မိုဘိုင်းဆက်သွယ်ရေးကဏ္ဍသည် အမှန်တကယ် ပြောင်းလဲလာနေပြီဖြစ်သည်။ ရေရှည်တွင်တော့ ပိုကောင်းသည့် ဆက်သွယ်ရေးစနစ်တစ်ခုဖြစ်လာမည်ဖြစ်သည်။ ပိုကောင်းတာကို မျှော်လင့်နိုင်မည်ဖြစ်သည်။ ပိုကောင်းတာတွေကို သုံးနိုင်တော့မည်ဖြစ်သည်။ လောလောယ်တော့ နည်းနည်း စပ်ဖျဉ်းဖျဉ်းနိုင်လှသည်။

ရဲဇွန်အောင်
မေ၊ ၂၀၁၄
Living Color Magazine

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *