ဆေးကျောင်းသားဘဝကို စွန့်၍ Software ရေးသူ

ဆေးကျောင်းသားဘဝကို စွန့်လွှတ်၍ နည်းပညာနယ်ပယ်ထဲသို့ ခြေစုံပစ်ဝင်ခဲ့သူ။ မြန်မာနိုင်ငံတွင် IT ကို ထဲထဲဝင်ဝင် မသိခင်ကာလကတည်းက Software ထုတ်လုပ်သည့်လုပ်ငန်းလုပ်ကိုင်ရန်ရွေးချယ်ခဲ့သူ။ ပြည်ပတွင် ပညာသင်ယူပြီးနောက် ပြည်ပတွင် လုပ်ငန်းမလုပ်ကိုင်ပဲ ပြည်တွင်း Software Industry ဖွံ့ဖြိုးရေးဆောင်ရွက်ရန် အမိမြန်မာပြည်သို့ ပြန်လာခဲ့သူ။ ထူးထူးခြားခြား နည်းပညာနယ်ပယ်မှ စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ။ သူက ဒေါက်တာထွန်းသူရသက် ဖြစ်သည်။

တိုက်ပုံအင်္ကျီ၊ ပုဆိုးနှင့် ရိုးရှင်းအေးဆေးသည့်စတိုင်နှင့် မြန်မာဆန်ဆန်နေထိုင်တတ်သည့် သူ့အသွင်အပြင်က နည်းပညာနယ်ပယ်မှ ပညာရှင်ရှင်တစ်ယောက်နှင့် မတူပဲ ကျောင်းဆရာတစ်ယောက်နှင့်ပိုတူသည်။ သို့သော် သူသည် Software နည်းပညာနယ်ပယ်မှ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Information Technology(MIT) ကုမ္ပဏီကို စတင်တည်ထောင်သူနှင့် လက်ရှိအမှုဆောင်အရာရှိချုပ်ဖြစ်သည်။

ဆေးကျောင်းမတက်ဘူး Software ရေးမယ်

ကိုထွန်းသူရသက်သည် ငယ်စဉ်က ရန်ကုန် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းတွင် ကျောင်းတက်ခဲ့ပြီး ၁၉၈၇ တွင် ဆယ်တန်းအောင်ပြီးနောက် ဆးကျောင်းတက်သည်။ ပထမနှစ်စပြီး နှစ်ဝက်လောက်တွင် ၈၈ အရေးအခင်း စဖြစ်သောကြောင့် ကျောင်းပိတ်သွားသည်။ တစ်နှစ်ခွဲခန့် စောင့်ဆိုင်းခဲ့သော်လည်း ကျောင်းများပြန်မဖွင့်သောကြောင့် သူ စင်ကာပူသို့ထွက်သွားခဲ့သည်။ NIT တွင် ကျောင်းတက်သည်။ မြန်မာပြည်တွင် ကျောင်းများပြန်ဖွင့်သော်လည်း ပြန်မလာဖြစ်တော့ပေ။ ထို့နောက် ဩစေတြေးလျသို့ရောက်ရှိသွားပြီး ဩစတြေးလျမှာပင် Conputer Science အထူးပြုဖြင့် BCom ဘွဲ့ယူခဲ့သည်။

“ဆေးကျောင်းဆိုတာက ဆရာဝန်ဖြစ်ဖို့ မိဘကြောင့် ရွေးချယ်ခဲ့တာလည်းပါတာပေါ့။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ် အဲဒီခေတ်မှာ အဲဒီသုံးခုခေတ်စားတယ်။ ကျွန်တော်ကတော့ ဆေးကျောင်းဝင်သွားတော့ ဆရာဝန်ဘက်ပေါ့။ ဆယ်တန်းလျှောက်တုန်းကဆို နှစ်ခုပဲ လျှောက်တယ်။ ဆရာဝန်ရယ်၊ အင်ဂျင်နီယာရယ်။ တခြားမပါဘူး။ အမှန်က ၃ ခုလျှောက်ရတာ အမှတ်နဲ့ စဉ်းစားတာ။ ဒါပေမယ့် ဒီနှစ်ခုမရရင် မယူဘူးဆိုပြီး နှစ်ခုပဲ ထည့်တယ်။ ဒါကလည်း ကိုယ်တခြားရွေးချယ်ထားတာမရှိလို့ပါ။” ဟု ၎င်းက ဆိုသည်။

ထိုခေတ်က နိုင်ငံတကာတွင် ခေတ်စားနေသည့် Computer Science ဘာသာရပ်ထဲမှ Information System ကို အထူးပြုလေ့လာဖြစ်ခဲ့သည်ဟု သူကဆိုသည်။ အဆိုပါ ဘာသာရပ်သည် Computer Science နှင့် Commerce နှစ်ခုပေါင်းထားသည့် ဘာသာရပ်ဖြစ်ပြီး Computer Science ထက် ဘဏ္ဍာရေးနှင့် ငွေကြေးလုပ်ငန်းများနှင့် ပိုနီးစပ်သည်။

“အစတုန်းကတော့ လူငယ်ဘဝပေါ့။ မိဘစိတ်ချမ်းသာအောင်စာလုပ်တဲ့ သဘောပဲရှိတယ်။ ဘာဖြစ်ချင်တယ်ဆိုတာကို သေချာစဉ်းစားပြီး မရွေးခဲ့ဘူး။ IT စ သုံးတဲ့ ကွန်ပျူတာစသင်ကြားရတဲ့အခါမှာ ကျွန်တော့်အနေနဲ့ ငါ ဒီလိုလုပ်ချင်တယ်ဆိုတာ သိသွားတယ်။ ပြန်မလာတော့ဘူးလို့ စဉ်းစားတဲ့အချိန်၊ ဆေးကျောင်းပြန်မတက်တော့ဘူးဆိုတာ စဉ်းစားတဲ့အချိန်မှာတော့ Software ဖန်တီးမှုအပိုင်း အဓိကကတော့ Software Engineering ကို ရွေးချယ်ခဲ့တယ်။” ဟု သူက အတိတ်က သူ၏ ရွေးချယ်ခဲ့မှုကို ဂုဏ်ယူစွာပြောပြသည်။

ကွန်ပျူတာနယ်ထဲသို့

“ကျွန်တော် ၁၇ နှစ်နှစ်လောက်မှာ ကွန်ပျူတာ စတွေ့ဖူးတယ်။ ဒီခေတ်လူငယ်တွေထက်စာရင်တော့ အရမ်းနောက်ကျတယ်လေ။ ၁၇ နှစ်နှစ်ဆိုတာ ဒီခေတ်မှာ ကောင်းကောင်းကြီး Program ရေးနိုင်နေပြီ။ ကျွန်တော်တို့က ခေတ်မကောင်းခဲ့တာပဲ ခေါ်မလား။ အစကနောက်ကျတာပေါ့။ ၈၇၊ ၈၈ မှာကွန်ပျူတာစသုံးဖူးတယ်။” ဟု ၎င်းက ကွန်ပျူတာနှင့် စတင်ထိတွေ့ဖြစ်ခဲ့ပုံကို ပြောပြသည်။
ပြည်ပတွင် ကျောင်းသွားတက်စဉ်ကလည်း အခက်အခဲမျာစွာနှင့် ကြုံတွေ့ခဲ့ရပြီး လူအများစုက မြန်မာပြည်ကို မသိရှိကြသောကြောင့် မြန်မာပြည်မှ ဆယ်တန်းအောင်လက်မှတ်နှင့် ကျောင်းဝင်ခွင့်မဲပုဘူးဟု အပြောခံထိဖူးသည်ဟု သူကဆိုသည်။

“အဲဒီမှာ ကျွန်တော်တို့က အဆင့်ဆင့်ကြိုးစားခဲ့ရတယ်။ အဲဒီတုန်းကလည်း ပိုက်ဆံလည်း အများကြီးမရှိဘူး။ မိဘတွေကလည်း ကျောင်းသွားတက်ဖို့ အားလုံးပိုက်ဆံပေးတာလည်း မဟုတ်ဘူးဆိုတော့ အလုပ်ကိုလည်း ချင့်ချိန်လုပ်ရတာပေါ့။ ပညာတော့ တော်တော်တန်ဖိုးထားဖြစ်တာပေါ့။”
ကျောင်းပြီးသွားပြီးနောက် လခစားလုပ်ငန်းလုပ်ကိုင်ရန်နှင့် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ရန်ရွေးချယ်ရာတွင် မြန်မာပြည်ပြန်၍ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ရန် သူရွေးချယ်ဖြစ်ခဲ့သည်။

“ကျောင်းပြီးတဲ့အချိန်မှာ ၂ ခု ရွေးလို့ရတာပေါ့။ တစ်ခုက အဲဒီမှာ အလုပ်လုပ်တာ။ နိုင်ငံခြားမှာတော့ လခစားက လခကောင်းကြတာကိုး။ နောက်တစ်ခုကျတော့ သူများသိပ်မရွေးချယ်တဲ့ လမ်းကြောင်းပေါ့။ အဲဒါကတော့ မြန်မာပြည်မှာ လုပ်ငန်းစဖြစ်တယ်ပေါ့။ အဲဒီခေတ်က Entrepreneurship က သိပ်ခေတ်မစားသေးဘူး။ မရှိသေးဘူး။ ဒါပေမယ့် ကိုယ်က အဲ့အချိန်မှာ ရူးသွပ်မှုခေါ်မှာပေါ့။ လုပ်ချင်တာတွေ အများကြီး ဖြစ်ချင်တာတွေ အများကြီးရှိနေတာကြောင့် ဒီလမ်းကိုရွေးချယ်ဖြစ်တာပါ။”

၁၉၉၅-၉၆ တွင် သူမြန်မာပြည်ပြန်လာပြီး အင်တာနက်လုပ်ငန်းလုပ်ကိုင်ရန် စတင်ကြိုးပမ်းသည်။ သို့သော်လည်း တစ်နိုင်ငံလုံးတွင် အင်တာနက် သုံးစွဲခွင့်ရသူ ၁၀ ဦး သာရှိပြီး အင်တာနက်ဆိုသည်မှာ နိုင်ငံတကာမှ တိုင်းပြည်၏ အချက်အလက်များကို ခိုးသွားနိုင်သည့်နေရာဟု မှားယွင်းသော အယူအဆတွေနေသောကြောင့် အင်တာနက်လုပ်ငန်းကို သူမလုပ်ဖြစ်ခဲ့ချေ။ သို့သော် MIT ကို တည်ထောင်၍ Software ထုတ်လုပ်သည့်လုပ်ငန်း စတင်ခဲ့သည်။

Software Industry မှာ ၁၇ နှစ်ကြာ

“အင်တာနက်လုပ်ခွင့်မရတော့ တခြားဘာလုပ်လို့ရမလဲဆိုတာ စဉ်းစားကြည့်တော့ ကိုယ်ပညာသင်ခဲ့တဲ့ အပိုင်းနဲ့ ကို စိတ်ဝင်စားတဲ့ အပိုင်းဖြစ်တဲ့ Software အပိုင်းကို လုပ်ဖြစ်တယ်။ ကျွန်တော်တို့ကျတော့ Software ကို ခြေစုံပစ်ပြီး ဝင်လိုက်တယ်။ ကောင်းတာလည်း ပါတယ်။ ဆိုးတာလည်းပါတယ်။ ဖောင်ဖျက်ပြီးလုပ်တဲ့သဘောပေါ့နော်။ မအောင်မြင်လို့ရှိရင် ကိုယ် Survive မဖြစ်ဘူေးပါ့လေ။ အောင်မြင်အောင်လုပ်ရတာပေါ့။ စတာကတော့ ဈေးကွက်မှာလိုအပ်ချက်ရှိတဲ့ Software တွေနဲ့ စတာပေါ့။” ဟု၎င်းကဆိုသည်။

Software လုပ်ငန်း စတင်မည်ဆိုစဉ်က ကွန်ပျူတာနယ်ပယ်အတွင်းရှိ လက်ဦးဆရာများဖြစ်က မြန်မာပြည်တွင် Software လုပ်ဖို့ မဖြစ်နိုင်သေးဘူးဆိုဟု တားကြကြောင်း၎င်းကဆိုသည်။ ထိုခေတ်က သင်တန်းဖွင့်ခြင်းနှင့် ကွန်ပျူတာရောင်းချခြင်းလုပ်ငန်းများသာ ခေတ်စားသေးသည်။

မြန်မာနိုင်ငံတွင် အင်တာနက်၊ လျှပ်စစ်မီး အစရှိသည့် အခြေခံအောဆက်အအုံပိုင်း အခက်အခဲများရှိနေသောကြောင့် လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲမာ်းများစွာကြုံတွေခဲ့ရကြောင်း ၎င်းကဆိုသည်။ ထို့အပြင် လုပ်ငန်းစတင်စဉ်ကာလများက ထိုစဉ်ကအလွန်အောင်မြင်နေသည့် ဘဏ်ကြီးများအတွက် ဘဏ်လုပ်ငန်းစနစ်များ၊ ATM စနစ်များဖန်တီးပေးခြင်းများကို အဓိကားထားဆောင်ရွက်ခဲ့ခြင်းကြောင့် အဆိုပါဘဏ်ကြီးများ ပြိုလဲသည့် အချိန်တွင် ဆိုးဆိုးဝါးဝါးအနေအထားများနှင့် ကြုံတွေ့ခဲ့ရဖူးသည်ဟု ၎င်းကဆိုသည်။

“ခြောက်လလောက်တော်တော်ဒုက္ခရောက်သွားတယ်။ တဖြည်းဖြည်းခြင်းပြန်တည်ဆောက်ယူရတာပေါ့။” ဟု ၎င်းကဆိုသည်။

၁၇ နှစ်တာ ဖြတ်သန်းခဲ့သည် အတွေ့အကြုံများအရ လက်ရှိအနေအနထားသည် IT လောကအတွက် အခြေအနေ အကောင်းဆုံးအနေအထားတစ်ခုဖြစ်ကြောင်း၎င်းကဆိုပြန်သည်။ အခက်အခဲများကို ကျော်ဖြတ်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် ၎င်းတည်ထောင်ထားသည့် MIT ကုမ္ပဏီသည် MPU စနစ်အပါအဝင် ဘဏ်များလိုအပ်သည့် Software ၊ Retail Store များအတွက် Software များ၊ Super Market တွေအတွက် Software များရေးသားခြင်း၊ နိုင်ငံတကာသို့ Software ထုတ်ကုန်များ တင်ပို့ရောင်းချခြင်းအပြင် ပြည်ပမှ Microsoft၊ Oricle အစရှိသည့် ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီများ၏ ကိုယ်စားလှယ်ကုမ္ပဏီတစ်ခုအဖြစ်ပါ ရပ်တည်နိုင်နေပြီဖြစ်သည်။

“လက်ရှိမှာကတော့ အများကြီးကောင်းလာတာပေါ့လေ။ ကျွန်တော်တို့ ၁၇ နှစ်ရှိပြီ အဓိကတွေ့ခဲ့တဲ့ Challenges တွေကတော့ Infrastructure မကောင်းတဲ့ အခက်အခဲတွေရှိတယ်။ အခုလည်း Infrastructure ပိုင်းက မကောင်းသေးပေမယ့် တိုးတက်မှုတော့ အများကြီးရှိလာတယ်။ အရင်ကထက်စာရင် ပြည်တွင်းမှာ Software နည်းပညာတွေ ပိုသုံးလာတာတွေ့ရတယ်။ ဒီ ၁၇ နှစ်နှစ်မှာ ပထမ ၁၄ နှစ်နဲ့ ဒီအခု ၃ နှစ်ယှဉ်ကြည့်ရင် အခု ၃ နှစ်က သိသိသာသာ Growth ကို မြင်ရတယ်။” ဟု ၎င်းကဆိုသည်။

Software Industry ဖွံ့ဖြိုးစေချင်တယ်

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တွင် တွဲဖက်အတွင်းရေးမှူးအနေဖြင့် တာဝန်ထမ်းဆောင်နေသည့် ၎င်းအနေဖြင့် ပြည်တွင်း ICT Industry ကို တိုင်းပြည်၏ အားထားရသည့် စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်စေချင်သည်ဟု ကိုထွန်းသူရသက်ကဆိုသည်။

“မြန်မာပြည်မှာ စိုက်ပျိုးရေးကဏ္ဍမှာ ပြည်ပကို ပို့ကုန်တွေရှိတယ်။ ထားပါတော့ အများဆုံးရှိရင် အမေရိကန်ဒေါ်လာ 1 Billion ပေါ့။ အိန္ဒိယလိုနိုင်ငံမျိုးမှာ Software ထုတ်ကုန်ကနေ အမေရိကန်ဒေါ်လာ 20 Billions လောက်ရနေတယ်။ Software Export လုပ်နေတာ။ စိုက်စရာမလိုဘူး။ လူတွေ ဦးနှောက်သုံးပြီးထုတ်တဲ့ Software Services က နေ 20 Billions ရနေတာလေ။” ဟု သူကဆိုသည်။

သူအနေဖြင့် ပြည်တွင်းမှ သယံဇာတထုတ်ကုန်များထက် လူ့စွမ်းအားကိုအသုံးပြု၍ ရေရှည်တွင်း အကျိုးရှိနိုင်သည့် IT နည်းပညာနယ်ပယ်ကို ပိုမိုဖွံ့ဖြိုးလာစေရန် အစိုးရသာမက လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ ကွန်ပျူတာအသင်းများပါ ပါဝင်ဆောင်ရွက်ကာ တိုင်းပြည်ဖွံ့ဖြိုးရေးကိုတည်ဆောက်လိုသည်ဟုဆိုသည်။

ပြည်တွင်းရှိ သယံဇာတထုတ်ကုန်အားလုံးပေါင်းလျှင်ပင် အိန္ဒိယနိုင်ငံ၏ Software လုပ်ငန်းမှ ဝင်ငွေကို မမှီနိုင်သောကြောင့် နိုင်ငံသားအားလုံးအကျိုးကျေးဇူးရနိုင်သည့် ICT ကဏ္ဍကို ပိုမိုခေတ်မှီတိုးတက်လာစေချင်ကြောင်း သူကဆိုသည်။ Software Industry ဖွံ့ဖြိုးလာပါက ဉာဏလုပ်သားများစွာလိုအပ်လာမည်ဖြစ်သောကြောင့် အလုပ်အကိုငအခွင့်အလမ်းများစွာဖန်တီးနိုင်မည်ဖြစ်ကာ လူငယ်များအတွက်သာမက တိုင်းပြည်အတွက်ပါ အကျိုးရှိသည်ဟု သူကယုံကြည်သည်။ လက်ရှိ ပြည်တွင်း Software Export မှ တစ်နှစ်လျှင် ဒေါ်လာသန်း ၂၀၊ ၃၀ အထိ ရရှိနေပြီး မကြာခင်ကာလများတွင် ၁၅၀ ခန့်အထိရရှိနိုင်ရန် မျှော်မှန်းနေသည်။

“ကျောက်မျက်ရောင်းလို့ရှိရင် ရေနံရောင်းလို့ရှိရင် ဘယ်သူရလဲ။ အစိုးရရရင်ရမယ် လူတစ်စုရရင်ရမယ်။ ပြည်သူလူထုက ဆင်းရဲမြဲဆင်းရဲနေတာပေါ့နော်။ ဒါမျိူးဟာကို အားပေးသင့်တာပေါ့။ ဒီလုပ်ငန်းတွေက သူ့ခေတ်နဲ့သူ့အခါမှာ ဒီဟာကို အာရုံစိုက်ဖို့လိုတယ်။” သူကဆိုသည်။

ရဲဇွန်အောင်
မေ၊ ၂၀၁၄
About Us – The Voice Daily

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *