ပဲပင်ပေါက် ကို အစိမ်းစားလို့ ဖြစ်ရဲ့လား

ပဲပင်ပေါက် ကို အစိမ်းစားလို့ ဖြစ်ရဲ့လား

ပဲပင်ပေါက်လို့ ပြောလိုက်တာနဲ့ တော်တော်များများကတော့ ကြိုက်တယ်ဆိုပြီး ပြောကြမယ်ထင်တယ်နော်။ မြန်မာတွေက ပဲပင်ပေါက်ကို အချဉ်တည်စားသလို၊ ပဲတီချဉ်ကို သုပ်စားတာလည်း ရှိပါတယ်။ နောက်ပြီး ခေါက်ဆွဲသုပ်၊ ကြာဇံသုပ်တွေထဲမှာ ထည့်စားကြသလို ကွေ့သယို၊ ဆီချက်၊ မြေအိုးမြီးရှည် စတာတွေထဲလည်း ထည့်စားတတ်ကြပါတယ်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပြန်ပါဘူး။

အစိမ်းလိုက်လေး တို့စားရတာ ကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်ပြောချင်တာကလည်း အဲ့လိုစားတာနဲ့ ပတ်သက်ပြီး ပဲပင်ပေါက်ကို အစိမ်းစားသင့်၊ မစားသင့်! အကြောင်းလေးပါ။

ပဲပင်ပေါက် ကျန်းမာစေသလား!

ပဲပင်ပေါက် ပဲပြားကြော်က ကလေးဘဝကတည်းက ကျန်းမာအောင် ဆိုပြီး စားခဲ့ရတယ်နော်။ ပဲပင်ပေါက်က ကျန်းမာစေလို့လား ဆိုတော့ ဟုတ်ပါတယ်။ ပဲပင်ပေါက်က ခန္ဓာကိုယ် ကျန်းမာစေဖို့ အခုလို ထောက်ကူပေးနေပါတယ်။

  • ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝနေတဲ့ ပဲပင်ပေါက်က
  • ကိုယ်ခံအား ကောင်းစေတယ်
  • ဇီဝကမ္မဖြစ်စဉ် ကောင်းစေတယ်
  • အစာခြေစနစ် ကျန်းမာစေတယ်
  • ဝိတ်ကျစေတယ်
  • သွေးအားကောင်းစေတယ်
  • အမြင်အာရုံ ကောင်းစေတယ်စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးစွမ်းပါတယ်။

ကဲ … ပြောချင်နေတဲ့ အကြောင်းလေး ဖြစ်တဲ့ ပဲပင်ပေါက်ကို အစိမ်းစားသင့်၊ မစားသင့်! အကြောင်းလေး ဆက်ပြောလိုက် ရအောင်နော်။

ပဲပင်ပေါက်ကို အစိမ်းစားသင့်၊ မစားသင့်!

ပဲပင်ပေါက်က ပူနွေးစိုစွတ်တဲ့ အခြေအနေမှာ ရှင်သန်ဖြစ်ထွန်းတာပါ။ ဒီအခြေအနေကို ပဲပင်ပေါက်တင် နှစ်သက်တာ မဟုတ်ပါဘူး။ အစာခြေစနစ်ကို ကောင်းကောင်းဒုက္ခ ပေးနိုင်တဲ့ ဘက်တီးရီးယားတွေ ဖြစ်ကြတဲ့ Salmonella၊ E-coli နဲ့ Listeria တို့လည်း နှစ်သက်ကြပါတယ်။ ဒါကြောင့် ဒီပိုးတွေက ပဲပင်ပေါက်နဲ့အတူ ပါလာနိုင်တယ်ဆိုတာကို သတိရစေချင်ပါတယ်။ ဒါကြောင့် တိတိကျကျ အဖြေထုတ်ရမယ်ဆိုရင် ပဲပင်ပေါက်ကို အစိမ်း မစားသင့်ပါဘူး။

ပဲပင်ပေါက်ကို အစိမ်းစားတယ်ဆိုပေမယ့် ရေဆေးပြီးမှ စားတာပါလို့ ပြောချင်နေပြီဟုတ်။ ပဲပင်ပေါက်မှာပါလာတဲ့ အဆိုပါ ဘက်တီးရီးယားတွေက ရေဆေးလိုက်ပေမယ့်လည်း စင်မသွားပါဘူး။ ဒါကြောင့် ပဲပင်ပေါက်ကို အစိမ်းစားတာက အစာအဆိပ်သင့်စေနိုင်ပါတယ်။

ပဲပင်ပေါက် ကို အစိမ်းစားလို့ ဖြစ်ရဲ့လား

ဒါကြောင့် ကျန်းမာရေးကောင်းစေဖို့ ပဲပင်ပေါက် စားမယ် စိတ်ကူးတယ်ဆိုရင်တော့ သေချာလေး ကျက်အောင် ချက်ထားတာမျိုးကို စားပေးပါလို့ ပြောချင်ပါတယ်။
တချို့က ပဲပင်ပေါက်ကို အစိမ်းစားမယ့် ဘာမှမဖြစ်ဘူးလို့ ပြောကြပါတယ်။ ကိုယ်ခံအားကောင်းနေချိန်ဆို ဘာမှဖြစ်မှာ မဟုတ်ပေမယ့် ကိုယ်ခံအား မကောင်းတဲ့အချိန်၊ ပဲပင်ပေါက်မှာ ပိုးတွေ အများကြီးပါတဲ့အချိန်ဆို ရောဂါရတတ်ပါတယ်။

ပဲပင်ပေါက်ကို အစိမ်းစားချင်တယ်ဆိုရင် တချို့စူပါမားကတ်တွေမှာ ‘Ready to eat’ လို့ ပြောပြီးရောင်းပါတယ်။ ဆိုလိုတာက အစိမ်းစားလို့ရတယ်။ ပိုးသတ်ပြီးသားဆိုတဲ့ သဘောပါ။ ဒါဆိုရင်တော့ အစိမ်းစားလို့ ရပါတယ်။ ကိုယ့်ဘာသာကိုယ် စျေးမှာဝယ်လာတဲ့ ပဲပင်ပေါက်အစိမ်းတွေကတော့ ပိုးမသတ်ထားလို့ အစိမ်းမစားသင့်ပါဘူး။

ပဲပင်ပေါက် ပြင်ဆင်နည်း လမ်းညွှန်

ပဲပင်ပေါက်ကို ကြိုက်တယ် အစာအဆိပ်သင့်မှာလည်း စိုးတယ်ဆိုရင် ဘေးကင်းကင်းနဲ့ အာဟာရ ပြည့်ပြည့်ဝဝ ရစေဖို့ ဒီနည်းလမ်းလေးတွေနဲ့ ပြင်ဆင်စားသုံးလို့ ရပါတယ်။

  • လတ်ဆတ်တာကို ရွေးပါ။ ပဲပင်ပေါက် ခေါင်းလေတွေက ဝါပြီး တောင့်တောင့်စင်းစင်း ဖြစ်နေတာမျိုးကို ရွေးပါ
  • အဖြူရောင်နေရာလေးတွေမှာ ညိုနေတာမျိုး ရေနာနေတာမျိုး မဖြစ်ရပါဘူး
  • ပဲပင်ပေါက်ကို မကိုင်တွယ်ခင်မှာ လက်ကို သေချာဆေးပါ
  • အအေးချိန် သေချာ ထိန်းပြီး သိုလှောင်ပါ
  • ပြီးရင် သေချာ ဆေးကြောပါ။ ပြီးရင် ဆားရည်နဲ့ ဆေးကြောပါ။ နောက်ဆုံး အဆင့်မှာ ရေသန့်နဲ့ ဆေးကြောပါ
  • မသုံးဆောင်ခင်မှာ သေချာလေး ကျက်အောင် ချက်ပါ။

ပဲပင်ပေါက်က ကျန်းမာရေးကောင်းကျိုးများတယ်ဆိုပေမယ့် အစိမ်းစားတာကို တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ၊ ကင်ဆာဆေးသွင်းပြီး သွေးဖြူဥကျနေသူတွေ၊ ကိုယ်ခံအား မကောင်းသူတွေပါ။ နောက်တစ်ချက်က လတ်ဆတ်ပြီး သေချာ ချက်ထားတာကိုပဲ စားပေးပါ။

ကဲ …. ဒီလောက်ဆိုရင် ပဲပင်ပေါက်ကို အစိမ်းစားသင့်! မစားသင့်! ဆိုတာကို အဖြေထွက်ပြီဟုတ် …….

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *