မန်ကျည်းစေ့လေးက ဘယ်လို ဆေးဖက်ဝင်သလဲ

မန်ကျည်းစေ့လေးက ဘယ်လို ဆေးဖက်ဝင်သလဲ

မန်ကျည်းစေ့ဆိုတာက ဘာလဲ အသေးစိတ်ရှင်းပြစရာ မလိုလောက်အောင် လူအတော်များများ မြင်ဖူးကြားဖူးပြီးသား သဘာဝထွက်ကုန်တစ်မျိုး ဖြစ်ပါတယ်။ မြန်မာအပါအဝင် အာရှဒေသ တော်တော်များများမှာ ဟင်းချက်တဲ့အခါမျိုးမှာဖြစ်ဖြစ် သောက်စရာ ဖျော်ရည်အနေနဲ့ဖြစ်ဖြစ် မန်ကျည်းသီးမှည့်ကို အသုံးပြုကြပါတယ်။ မန်ကျည်သီးက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝထွက်ကုန်ဆိုတာကိုလည်း လူသိများပါသေးရဲ့။

ဒါပေမယ့် တစ်ခုရှိတာက မန်ကျည်းသီးကို အမျိုးမျိုးအဖုံဖုံ အသုံးပြုကြပေမယ့် မန်ကျည်းစေ့ ကိုတော့ လွှင့်ပစ်မိတတ်ကြတာ များပါတယ်။ ဘာကြောင့်လည်းဆိုတော့ လူအများစုက မန်ကျည်းစေ့ရဲ့ အာဟာရတန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိတာကြောင့်ရယ်၊ ဘယ်လို အသုံးချရမယ်ဆိုတာကို မသိတာကြောင့်ရယ်ကြောင့်ပါ။

တကယ်တော့ မန်ကျည်းစေ့လေးဟာလည်း မန်ကျည်းသီးလိုပဲ ဆေးဖက်ဝင်တယ်လို့ ပြောလို့ရပါတယ်။ မန်ကျည်းစေ့မှာ ဖော့စဖရပ်စ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ အမိုင်နိုအက်ဆစ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီလိုအာဟာရဓာတ်တွေနဲ့ ပြည့်စုံနေတဲ့ မန်ကျည်းသီးစေ့လေးက အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်စွမ်း ရှိနေပါတယ်။

ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်တာ – မန်ကျည်းသီးစေ့ရဲ့ အပြင်လွှာက ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။

အရေပြားကျန်းမာစေနိုင်တာ – မန်ကျည်းသီးစေ့မှာ Xyloglycans ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်စေပြီး အရေပြားပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

အဆစ်ရောင်တာကို သက်သာစေနိုင်ပါတာ – နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်ပြီး အဆစ်ရောင်ရောဂါကြောင့် အဆစ်နာတာတွေကို သက်သာစေနိုင်ပါတယ်။ မန်ကျည်းသီးစေ့ကို အမှုန့်ကြိတ်ပြီး လက်ဖက်ရည်ဇွန်းတစ်ဝက်စာ တစ်ရက်ကို နှစ်ကြိမ်သောက်ပေးတာက အဆစ်တွေထဲမှာ ချောဆီတွေဖြစ်ပေါ်စေပြီး အဆစ်နာတာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒူးနာတဲ့သူတွေအတွက် တော်တော်လေး အဆင်ပြေစေနိုင်ပါတယ်။

သွားနဲ့ခံတွင်း ကျန်းမာစေနိုင်တာ – သွားကိုက်တာ၊ သွားဖုံးနာတာ၊ သွားမှာ သွားချေးတွေ ဖြစ်နေတာကို သက်သာစေဖို့ မန်ကျည်းသီးစေ့အမှုန့်ကို အသုံးပြုပေးလို့ရပါတယ်။ မန်ကျည်းသီးစေ့ကိုလှော်ပြီး အမှုန့်ကြိတ်လို့ ရလာတဲ့အမှုန့်နဲ့ သွားတိုက်ပေးပါ။

အစာမကြေခြင်းကို သက်သာစေနိုင်တာ – မန်ကျည်းသီးစေ့က သည်းခြေရည်ထုတ်လုပ်မှုကို တိုးစေနိုင်ပြီး အစာမကြေတာကို သက်သာစေနိုင်ပါတယ်။ အစာအိမ်ပြဿနာရှိတာ၊ ဝမ်းချုပ်တာတွေနဲ့ အစာမကြေတာတွေကို အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ ကိုလက်စထရောပါဝင်မှုနည်းတာကြောင့် ကျန်းမာရေးအတွက် တော်တော်လေး အသုံးဝင်ပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်တာ – မန်ကျည်းသီးစေ့မှာ ကိုယ်ခံအားကို အကောင်းဆုံးအထောက်အပံ့ပေးနိုင်တဲ့ အာဟာရဓာတ်တွေပါဝင်နေပါတယ်။ ဒါကြောင့် ရောဂါပိုးတွေ တော်တော်များများကနေ ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်တာ – အူမကြီးကင်ဆာအပါအဝင် ကင်ဆာတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာ – ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အဆုတ်ရောင်တာ၊ အစာအိမ်အူလမ်းကြောင်းပိုးဝင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာလိုမျိုး ဘက်တီးရီးယားပိုးကူးစက်တာကြောင့် ဖြစ်နိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ချောင်းဆိုးတာ၊ အာသီးရောင်တာနဲ့ လည်ချောင်းနာတာကို သက်သာစေနိုင်တာ – မန်ကျည်းသီးစေ့ကို အာလုပ်ကျင်းဆေးအနေနဲ့ အသုံးပြုပေးလို့ရပါတယ်။ မန်ကျည်းသီးစေ့အမှုန့်ကို ချင်း (ဂျင်း) နည်းနည်း၊ သစ်ကြံပိုးခေါက်မှုန့်နည်းနည်းတို့နဲ့ရောစပ်လို့ ရေနွေးနွေးလေးနဲ့ဖျော်ပြီး အာလုပ်ကျင်းပေးမယ်ဆိုရင် ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် အအေးမိတာကြောင့်ဖြစ်တဲ့ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ နဲ့ အာသီးရောင်တာတွေကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။

သွေးချိုကျစေနိုင်တာ – မန်ကျည်းစေ့ က အင်ဆူလင်ထွက်ရှိမှုကိုတိုးစေနိုင်သလို ပန်ကရိယကို ကျန်းမာစေနိုင်တာကြောင့်သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင်မှာပါ။

နှလုံးကျန်းမာစေနိုင်တာ – မန်ကျည်သီးစေ့မှာ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့် သွေးတိုးကျစေနိုင်သလို နှလုံးကျန်းမာစေဖို့အတွက်လည်း အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။

အရိုးကျိုးတာအတွက် အသုံးပြုလို့ရတာ – မန်ကျည်းသီးစေ့ကို ခပ်ပျစ်ပျစ်လေးသွေးပြီး အရိုးကျိုးတဲ့နေရာမှာ ခပ်ထူထူလေးလူးပေးတာက အရိုးမြန်မြန်ဆက်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။

အသားအရေကို တင်းရင်းစေနိုင်တာ – မန်ကျည်းသီးစေ့က အရေပြားကို အစိုဓာတ်ထိန်းပေးသလို အပြစ်အနာအဆာကင်းစေနိုင်ပါတယ်။ အရေးအကြောင်းတွေကို သက်သာစေပြီး တင်းရင်းလှပစေနိုင်ပါတယ်။ အရေပြားအတွက်လိုအပ်တဲ့ရေဓာတ်ကို အကောင်းဆုံးဖြည့်ပေးနိုင်ပါတယ်။ အရွယ်တင်နုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်လိုသူတိုင်းမေ့ထားလို့ မဖြစ်တဲ့အရာတစ်ခုပါ။

ပိုးကောင်ကိုက်တဲ့အခါ သုံးလို့ရတာ – ပိုးကောင်ကိုက်တဲ့အခါ မန်ကျည်းသီးစေ့လေးကို သွေးလူးပေးပါ။ အရောင်ကျစေနိုင်သလို အနာသက်သာစေနိုင်ပါတယ်။

အနာကျက်မြန်စေနိုင်တာ – ထိခိုက်ရှနာ ဖြစ်တဲ့အခါ အနာကျက်မြန်စေဖို့အတွက် မန်ကျည်းသီးစေ့ကို အသုံးပြုပေးလို့ရပါတယ်။ မန်ကျည်းပင်အခေါက်ကို သွေးလူးပေးလို့လည်း ရပါတယ်။ မန်ကျည်းသီးစေ့ကိုသွေးပြီး အနာကိုလူးပေးမယ်ဆိုရင် ၁၀ ရက်အတွင်းမှာ သိသာတဲ့ရလဒ်ကို ရရှိမှာပါ။

❗️ဘာတွေ သတိထားရမလဲ❗️

မန်ကျည်းစေ့လေးက ဆေးဖက်ဝင်တာ မှန်ပေမယ့် အများကြီး အသုံးပြုတာ၊ အလွန်အကျွံ အသုံးပြုတာမျိုး မလုပ်မိဖို့ လိုပါမယ်။

နောက်ပြီး မန်ကျည်းစေ့နဲ့ ဓာတ်မတည့်သူတွေ၊ ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာတစ်ရပ်ရပ်အတွက် ဆေးသောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေနဲ့ ကလေးတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုဖို့လည်း အကြံပေးချင်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *