မိုဘိုင်းဝန်ဆောင်မှု အရွေ့

ပြည်ပ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီများ လုပ်ငန်းများစတင်နေကြပြီဖြစ်သည်။ ပြည်တွင်းမှ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် ရတနာပုံတယ်လီပို့ကလည်း လိုင်စင်ရယူရန်နှင့် ပြည်ပမိတ်ဖက်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းရန် ဆောင်ရွက်နေပြီး နောက်ဆုံးအခြေအနေသို့ရောက်ရှိနေပြီဟု ဆိုထားသည်။ လက်ရှိ တစ်ဦးတည်း အော်ပရေတာ လုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာ့ဆက်သွယ်ရေးကလည်း ပြည်ပ အင်အားကြီး ဆက်သွယ်ရေးကုမ္ပဏီ တစ်ခု နှင့် ပူးပေါင်းရန် ပြင်ဆင်နေသည်။

အများပြည်သူမျှော်လင့်နေသော နိုင်ငံတကာအဆင့်မှီဆက်သွယ်ရေးဝန်ဆောင်မှုများသည် မကြာမတင်ကာလအတွင်း ပြည်တွင်းတွင် စတင်နိုင်မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည် ပြိုင်ဆိုင်မှုရှိသည့် ဆက်သွယ်ရေးဈေးကွက်သစ်တစ်ခု ပေါ်ထွက်လာတော့မည်ဖြစ်သည်။

နိုင်ငံတကာအဆင့်မှီဟု အပြိုင် အဆိုင်ပြောနေကြသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပြည်သူများသာ မက ဈေးကွက်ကပါ မျှော်လင့်နေပြီဖြစ်သည်။ မိုဘိုင်းဖုန်းဈေးကွက်အတွင်း ဝန်ဆောင်မှုနှင့် ရောင်းချမှု ပုံစံများ ပြောင်းလဲလာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

ဘာတွေပြောင်းလာနိုင်သလဲ

လက်ရှိပြည်တွင်းတွင် SIM Card များနှင့် ဟန်းဆက်များကို မိုဘိုင်းဖုန်းအရောင်းဆိုင်များကသာ အဓိကရောင်းချကြသည်။ SIM Card ကို MPT တစ်ခုတည်းက သီးသန့်ချထားပေးသည်။ အော်ပရေတာအားလုံး၏ ဆက်သွယ်ရေးဝန်ဆောင်မှုများ စတင်ချိန်တွင် အော်ပရေတာများက ၎င်းတို့၏ SIM Card များ ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် အတူ ဟန်းဆက်များကိုပါ တွဲဖက်ရောင်းချကြမည်ဖြစ်သည်။ ထိုအချိန်တွင် SIM Card တန်ကြေးသည်လည်း အမှန်တကယ် ၁၅၀၀ ဖြစ်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အရောင်းဆိုင်ပေါင်း တစ်သိန်းခန့်ဖွင့်လှစ်သွားနိုင်ရန် ရည်မှန်းထားပြီး ပြည်ပနိုင်ငံများတွင် ပေးအပ်နေသည့် ဝန်ဆောင်မှုမျိုးကို မြန်မာနိုင်ငံတွင်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဈေးကွက်အနေအထားပေါ်မူတည်၍ အပြောင်းအလဲအနည်းငယ်ရှိနိုင်ကြောင်း တယ်လီနောမြန်မာဘက်က ဆိုထားသည်။

“လက်ရှိ ဒီမှာ Data ကို အချိန်နဲ့ တွက်ပြီးကောက်တယ်။ နိုင်ငံတကာမှာက သုံးစွဲတဲ့ ပမာဏနဲ့တွက်ပြီးကောက်တယ်။ ကျွန်တော်တို့ ဒီမှာ စတင်တဲ့ အချိန်ကြရင် နှစ်မျိုးစလုံးနဲ့ စမယ်။ သုံးတဲ့သူတွေ စိတ်ကြိုက်ရွေးလို့ရတာပေါ့။” ဟု တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် Petter Furberg က ဆိုသည်။

သို့သော် လက်ရှိ အချိန်အထိ ပြည်တွင်းပြည်ပအော်ပရေတာများ၏ ဆက်သွယ်ရေးထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ရောင်းချမည့် ပုံစံကို ရှင်းလင်းတိကျစွာ သိရှိရသေးခြင်းမရှိသေးပေသော်လည်း ပြည်ပနိုင်ငံများတွင် လက်ရှိပေးနေသော ဝန်ဆောင်မှုများကဲ့သို့ပင် ပေးအပ်သွားမည်ဖြစ်ကြောင်း ပြည်ပအော်ပရေတာနှစ်ဦးစလုံးက ဆိုထားသည်။

အော်ပရေတာများ စတင်ချိန်တွင် ဝန်ဆောင်မှုနှင့် ရောင်းချမှု ပုံစံများ လုံးဝပြောင်းလဲလာမည်ဟု အားလုံးက ခန့်မှန်းနေသော်လည်း မည်သည့် အပြောင်းအလဲများ ဖြစ်လာမည်ကိုမူ အတိအကျ မပြောဆိုနိုင်ကြသေးသကဲ့သို့ အလွန်အကျွံမျှော်လင့်မထားသင့်ကြောင်း ဆက်သွယ်ရေးနယ်ပယ်ထဲက ပုဂ္ဂိုလ်အချို့ကဆိုသည်။

“လက်ရှိရောင်းချနေတဲ့ပုံစံတွေနဲ့ အော်ပရေတာတွေ လုပ်ငန်းစတဲ့အချိန်တွေမှာ ရောင်းချမှုပုံစံတွေ ကွဲပြားသွားတာမျိုးတွေရှိနိုင်ပါတယ်။ လက်ရှိကတော့ တော်တော်များများကလည်း မိုဘိုင်းဖုန်းဆိုင်ကနေပဲဝယ်ကြတယ်။ နောက်ပိုင်း အော်ပရေတာတွေက သူတို့ဘယ်လို ဒီဇိုင်းလုပ်မလဲတော့ မသိရသေးဘူး။” ဟု ဆမ်ဆောင်းအီလက်ထရွန်နစ်ကုမ္ပဏီမှ Marketing Manager ကိုကျော်စွာလင်းကဆိုသည်။

အော်ပရေတာများအတွက် အဓိက အတားအဆီးမှာ ဘဏ်လုပ်ငန်းဖွံ့ဖြိုးမှု နောက်ကျနေခြင်းဖြစ်နိုင်ပြီး လက်ရှိပုံစံအတိုင်းရှိနေပါက SIM Card များ စတင်ရောင်းချချိန်တွင် အရစ်ကျနစ်များ၊ နှစ် ရှည် စနစ်များဖြင့် ရေင်းချမှုပုံစံများကို စတင်နိုင်ဖွယ်မရှိသေးကြောင်း မိုဘိုင်းဖုန်းဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

“စနစ်လက်ရှိမှာ ဘဏ်စနစ်ကလည်း အဆင်သင့်မဖြစ်သေးဘူး။ သူများနိုင်ငံတွေမှာက ဖုန်းဝယ်ပြီးရင် ဘဏ်ထဲကနေ ဖြတ်သွားတာ။ ဒီမှာက လစာကို ဘဏ်မှာထားတဲ့ အကျင့်လည်း မရှိဘူး။ အာမခံဖို့အတွက် ယုံကြည်မှုကလည်း နည်းတယ်။ စင်ကာပူမှဆိုရင် ဖုန်းဝယ်ပြီးရင် ဘဏ်မှာထည့်ထားတဲ့ လစာထဲကနေ လစဉ်ဖြတ်သွားတယ်။ ဒီမှာ အဲဒီလို စနစ်တွေ စဖို့ မဖြစ်နိုင်သေးဘူး။ လက်ငင်းငွေချေစနစ်နဲ့ပဲသွားမယ်ဆိုရင်တော့ မိုဘိုင်းဖုန်းဆိုင်တွေနဲ့ သိပ်မကွာပါဘူး။” ဟု ရွှေဂုံတိုင်ရှိ Mobile Empire ဆိုင်မှ Business Development Manager ကိုစိုင်းဆေမော်ဖ က ဆိုသည်။

ပြည်တွင်းတွင် ရောင်းချမှုပုံစံများမပြောင်းလဲနိုင်သော်လည်း ဝန်ဆောင်မှုပုံစံများသိသိသာသာ ပြောင်းလဲလာနိုင်ကြောင်း ထိုင်းနိုင်ငံတွင် ၅ နှစ်ကြာနေထိုင်ခဲ့သူ မနန်းဝါဆွေကဆိုသည်။

“သေချာတာကတော့ ဝန်ဆောင်မှုပိုင်းမှာ ပြောင်းလာလိမ့်မယ်။ Users တွေ ကို ပိုပြီး အလေးထားလာလိမ့်မယ်။ ဘာလို့လဲဆိုတော့ အော်ပရေတာတွေဆီက ဝယ်ရင် တရားဝင်သွင်းတဲ့ ပစ္စည်းဖြစ်မယ်။ စိတ်ချရမယ်။ ဒီတော့ ဈေးနှုန်းချိုသာအောင်လုပ်ပြီး ဆွဲဆောင်ကြမယ်ထင်တယ်။ ထိုင်းမှာလဲဒီလိုပဲ” ဟု မနန်းဝါဆွေကဆိုသည်။

မိုဘိုင်းအော်ပရေတာများက နာမည်ကျော်မိုဘိုင်းဖုန်း အမှတ်တံဆိပ်များ၊ ကိုယ်ပိုင်မိုဘိုင်းဖုန်း အမှတ်တံဆိပ်များရောင်းချခြင်းများ သေချာပေါက်ပြုလုပ်လာမည်ဖြစ်ပြီး ကာလရှည်အရစ်ကျစာချုပ်များဖြင့် ဝယ်ယူခွင့်နှင့် အမြန်နှုန်းမြှင့် မိုဘိုင်းအင်တာနက်စနစ်တို့လည်း မကြာမှီရရှိတော့မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အငြိမ်းစား အရာရှိဦးသိန်းဦးက ထိုင်းနိုင်ငံသို့သွားရောက်ခဲ့သည့် အတွေ့အကြုံများကို အခြေခံ၍ ပြောကြားသည်။

“ကျွန်တော်တို့ဆီမှာ အော်ပရေတာတွေ စရင်တော့ နိုင်ငံခြားမှာလိုမျိုးလုပ်သွားမယ်ထင်တယ်။ ဥပမာ ကိုယ်ရွေးချယ်ဝယ်ယူနိုင်တဲ့ Package တွေမျိုးစုံရှိတယ်။ အင်တာနက် သုံးမယ်ဆိုရင်လည်း Data Package တွေ ဘာတွေ အမျိုးမျိုးပေါ့။ အော်ပရေတာတွေရဲ့ မားကတ်တင်း Strategy တွေကလည်း အများကြီးရှိတာဆိုတော့။ အဲဒီအပေါ်မှာ မူတည်ပါတယ်။” ဟု ဆမ်ဆောင်းအီလက်ထရွန်နစ်ကုမ္ပဏီမှ Marketing Manager ကိုကျော်စွာလင်းကဆိုသည်။

ပြည်ပမှ ဝန်ဆောင်မှုများ

အနီးအနားပတ်ဝန်းကျင်နိုင်ငံများဖြစ်သည့် စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား အစရှိသော နိုင်ငံများတွင် ဆက်သွယ်ရေးအော်ပရေတာများနှင့် Device Maker များ ပူးပေါင်း၍ ဟန်းဆက်များနှင့် SIM Card များကို အထူးဈေးနှုန်းများဖြင့် ပူးတွဲရောင်းချကြသည်။ ထို့အပြင် ဝယ်ယူမည့် ထုတ်ကုန်အတွက် ချုပ်ဆိုမည့် စာချုပ်သက်တမ်းပေါ်မူတည်၍ ဈေးနှုန်းပိုင်းကို သတ်မှတ်လေ့ရှိသည်

“ဖုန်းတစ်လုံးကို တစ်နှစ် ပေးမယ်ဆိုရင် ဈေးနှုန်းက တစ်မျိုး။ နှစ် နှစ်ဆိုရင် တစ်မျိုးပေါ့။ အဲဒီမှာမှ Data အတွက် ထားပါတော့ ၃ လ အခမဲ့တို့ ၁ လ အခမဲ့တို့ ဆိုတာမျိုးတွေပါသေးတယ်။” ထိုင်းနိုင်ငံတွင် ၅ နှစ်ကြာနေထိုင်ခဲ့ဖူးသူ မနန်းဝါဆွေကဆိုသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာများသည် သုံးစွဲသူများ၏ လိုအပ်ချက်ပေါ်မူတည်၍ SIM Card သီးသန့်ရောင်းချသောဆိုင်များ၊ ဟန်းဆက်နှင့် SIM Card တွဲဖက်ရောင်းချသည့် ဆိုင်များ၊ မိုဘိုင်းဖုန်းဆိုင်များတွင် SIM Card တင်ရောင်းခြင်းများ၊ လမ်းဘေးဈေးဆိုင်များမှ တဆင့်ရောင်းချခြင်းများ စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် ရောင်းချမှုများပြုလုပ်ကြသည်။

ထိုင်းနိုင်ငံတွင် ဒုတိယအကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီဖြစ်ပြီး တယ်လီနောပိုင် DTAC ကုမ္ပဏီသည် Tri Net အမည်ဖြင့် ကိုယ်ပိုင် မိုဘိုင်းဖုန်းများ၊ တက်ဘလက်များ ထုတ်လုပ်ရောင်းချနေသကဲ့သို့ ပြည်တွင်းထုတ် မိုဘိုင်းဖုန်းများနှင့် iPhone၊ samsung၊ Huawei၊ LG၊ Nokia၊ Sony၊ HTC စသည့် နာမည်ကျော် စမတ်ဖုန်းများ၊ Samsung နှင့် iPad စသည့် တက်ဘလလက်များကို သီးသန့်ဖြစ်စေ၊ SIM Card ဖြင့်တွဲဖက်၍ဖြစ်စေ ရောင်းချပေးသည့်အတွက် သုံးစွဲသူများအနေဖြင့် စိတ်ကြိုက်ရွေးချယ်နိုင်သည်။

“ထိုင်းမှာဆို အင်တာနက်ကို Unlimited Package နဲ့ဆိုရင် တစ်နေ့ကို၄၉ ဘတ်ပဲကျတယ်။ DTAC ဖုန်းအချင်းချင်းဆိုရင် အခမဲ့ ခေါ်လို့ရတဲ့ ဝန်ဆောင်မှုမျိုးလည်း လက်ဆောင်ထည့်ပေးတတ်တယ်။ ” ဟု မနန်းဝါဆွေက သူ၏ အတွေ့အကြုံကိုပြောပြသည်။

ထို့အတူ အူရီးဒူးက ရှယ်ယာပိုင်ဆိုင်သည့် အင်ဒိုနီးရှားမှ Indosat ကလည်း သုံးစွဲသူများအတွက် International Call၊ International SMS ဆောင်မှုများကို ဆောင်ရွက်ပေးသော်လည်း အချို့ဝန်ဆောင်မှုများသည် ဈေးနှုန်းအနည်းငယ် မြင့်မားသည်။ သို့သော် လူဦးရေများပြားပြီး နယ်မြေဒေသအခက်အခဲများရှိသည့် အင်ဒိုနီးရှားတွင်မူ အူရီးကုမ္ပဏီမှ ရှယ်ယာပိုင်ဆိုင်မှုရှိသည့် Indosat က ဈေးကွက်ဝေစု အများဆုံးရရှိထားသည်။

DTAC နှင့် Indosat တို့သည် SIM Card များကို Pre Paid၊ Post Paid နှင့် ကမ္ဘာလှည့်ခရီးသွားများကဲ့သို့ ခဏတာသုံးစွဲလိုသူများအတွက် ရည်ရွယ်ထားသည့် Data နှင့် Voice နှစ်မျိုးလုံး ပါဝင်သည့် တစ်ပတ်၊ တစ်လ၊ သုံးလ စသည့် အချိန်ကာလနှင့် သတ်မှတ်ထားသည့် SIM Card များ သီးခြားခွဲခြား၍ ရောင်းချပေးကြပြီး အင်တာနက်သီးသန့် သုံးစွဲလိုသူများအတွက်လည်း Package များသတ်မှတ်ရောင်းချပေးနေသည်။

ထို့အပြင် မိုဘိုင်းဖုန်းဝယ်ယူရာတွင် SIM Card တပါတည်းပါဝင်မည်ဖြစ်ပြီး အင်တာနက် Services ထည့်သွင်းခြင်း၊ Call Center ဝန်ဆောင်မှုအပါအဝင် အမျိုးမျိုးသော Services Package များကို ဈေးနှုန်းအသီးသီး ခွဲခြားသတ်မှတ်ထားသည်။

ဥပမာအနေဖြင့် အင်တာနက်ချိတ်ဆက်ပြီး DTAC SIM Card ပါ iPhone 5S တစ်လုံးလျှင် ထိုင်းဘတ် ၂၃၆၅၀ ဘတ် (မြန်မာကျပ်ငွေ ၇ သိန်းနီးပါး) ကျသင့်မည်ဖြစ်ပြီး လ ၂၀ အရစ်ကျ ခွဲသွင်းလိုပါကလည်း ရနိုင်မည်ဖြစ်သည်။ ထို့အပြင် SIM Card အတွက်လည်း တစ်လလျှင် ဘတ် ၅၃၉ ( ကျပ် ၁၅၆၃၁)သာ ကျသင့်မည့် Services Package နှင့် တစ်လလျှင် ဘတ် ၆၀၀ (ကျပ် ၁၇၄၀၀) ကျသင့်မည့် Services Package ဟူ၍ နှစ်မျိုးရွေးချယ်နိုင်သည်။ SIM Card တွင် ပါဝင်သည့် အင်တာနက်အမြန်နှုန်းသည် ပျမ်းမျှ 42 Mbps ရှိကာ SIM Card ဝယ်ယူစဉ်တွင် Data အသုံးပြုမှုကို 3Gb တပါတည်းပါဝင်မည်ဖြစ်ပြီး DTAC မှ လွှင့်ထားသည့် wifi ကို အကန့်အသတ်မရှိ အခမဲ့အသုံးပြုခွင့်ပြုထားသည်။

“အင်ဒိုနီးရှားတို့၊ ထိုင်းတို့မှာလည်း အော်ပရေတာတွေ စတင်တဲ့ အချိန်မှာ SIM Card ဈေးသက်သက်သာသာရမယ်။ ဖုန်းနဲ့ တွဲရောင်းတယ်။ ဒီလိုမျိုး အခြေခံဝန်ဆောင်မှုတွေလောက်ပဲပါတာပါ။ အချိန်ရာတာနဲ့ အမျှ ဒေသနဲ့ကိုက်ညီတဲ့ ဝန်ဆောင်မှုမျိုးတွေကို တဖြည်းဖြည်းချဲ့ထွင်သွားရတာပါပဲ။ ဒီမှာလည်း အဲဒီလိုမျိုးပဲဖြစ်လာမယ်ထင်တယ်။” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အငြိမ်စားအရာရှိတစ်ဦးဖြစ်သူ ဦးသန်းဦးကဆိုသည်။

နိုင်ငံတကာအဆင့်မှီ ဝန်ဆောင်မှုများ မြန်မာပြည်တွင် မကြာခင်ရောက်ရှိလာတော့မည်ဖြစ်သော်လည်း မြန်မာနိုင်ငံနှင့်ကိုက်ညီသော ဝန်ဆောင်မှုများကိုသာ အဓိကထား စတင်သွားမည်ဖြစ်ပြီး အချို့ဝန်ဆောင်မှုမာ်း စတင်ရန် အကန့်အသတ်နှင့် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း အော်ပရေတာကုမ္ပဏီများက ဆိုကြသည်။

ဘာတွေပြင်ဆင်ထားရမလဲ

လက်ရှိအချိန်တွင် မိုဘိုင်းဖုန်းဆိုင်အချို့က အော်ပရေတာများကို စောင့်ကြည့်နေကြဆဲဖြစ်ပြီး မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ထားရမည်ကို လေ့လာနေကြဆဲဖြစ်သည်။ ပြည်ပမှ မိုဘိုင်းဖုန်းဆိုင် အချို့ကလည်း ဝင်လာနေကြသည်။

အော်ပရေတာများစတင်ချိန်တွင် မိုဘိုင်ဖုန်း ဟန်းဆက်လိုအပ်ချက် မြင့်မားလာမည်ဖြစ်ပြီး Samsung၊ HTC အစရှိသော မိုဘိုင်းဖုန်းထုတ်လုပ်သူများက အော်ပရေတာများနှင့် ပူးပေါင်းလုပ်ကိုင်ရန် ပြင်ဆင်နေကြပြီဖြစ်ပြီး တန်ဖိုးမြင့်ဖုန်းဝယ်ယူနိုင်သူနည်းပါးသော မြန်မာပြည်သူများအတွက် ပြည်ပအော်ပရေတာများကလည်း ကိုယ်ပိုင်တန်ဖိုးနည်း မိုဘိုင်းဖုန်းများရောင်းချကြရန် အစီအစဉ်များရှိနေသည်။

လောလောဆယ်အနေအထားတွင်မူ ဈေးကွက်အတွင်း အပြောင်းအလဲများများစားစားရှိမည်ဟု မထင်မိပဲ နောက် ၂ နှစ် ၃ နှစ် ခန့်မှသာ တဖြည့်ဖြည်းချင်း အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ရွှေဂုံတိုင်ရှိ Mobile Empire ဆိုင်မှ Business Development Manager ကိုစိုင်းဆေမော်ဖ က ဆိုသည်။

“သူတို့က ဝန်ဆောင်မှုကို အဓိကထားမှာ ဖြစ်တဲ့အတွက် သူတို့ SIM Card ကို ဝယ်အောင် ဟန်းဆက်ကိုပါ ဈေးလျော့ရောင်းမှာ။ သူတို့လို လိုက်လျှော့ရောင်းဖို့ကတော့ မဖြစ်နိုင်ဘူး။ ဆိုင်သေးသေးလေးတွေတော့ ထိနိုင်တယ်။ Brand shop တွေကတော့ သိပ်ပြဿနာမရှိနိုင်ဘူး။” ဟု ကိုစိုင်းဆေမော်ဖ က ဆိုသည်။

အော်ပရေတာများကိုယ်တိုင်ကလည်း ဈေးနှုန်းလျော့ချ၍ ရောင်းချကြမည်ဖြစ်သောကြောင့် နည်းဗျူဟာပိုင်းအရေးပါလာပြီး နည်ကဲ့သို့ဈေးကွက်အတွင်းရပ်တည်နိုင်ရန်ကြိုးစားမည်ကို ကြိုတင်စဉ်းစားထားသင့်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့က ဘာတွေ ပြင်ဆင်ထားရမလဲဆိုတာကတော့ အတိအကျတော့ မသိဘူး။ ဈေးကွက်က တစ်ခုခုပြောင်းသွားမယ်လို့တော့ ခန့်မှန်းမိတယ်။ အဓိက ပြင်ထားသင့်တာကတော့ ဝန်ဆောင်မှုအပိုင်းပဲ။ ကိုယ့်အထွာနဲ့ ကိုယ်ကတော့ ဝန်ဆောင်မှုပိုင်းကို ကြိုပြငာ်ထားသင့်တယ် ထင်တယ်။ နောက်ပိုင်းမှာ ဝန်ဆောင်မှုကောင်းတဲ့ လုပ်ငန်းတွေပဲကျန်ခဲ့မှာ” ဟု Star Mobile ဆိုင်မှ ကိုဇော်မင်းကဆိုသည်။

လက်ရှိအချိန်တွင် မိုဘိုင်းဖုန်းဆိုင်များအနေဖြင့် ဝန်ဆောင်မှုသာမက အရင်းအနှီး နှင့် ကို ပြင်ဆင်သင့်ပြီး ဈေးကွက်အနေအထားကို ပိုမိုလေ့လာကာ ကွန်ပျူတာပညာရှင် ဦးဖြိုးဝေမြင့်ကဆိုသည်။
“ဖြစ်နိုင်ရင်တော့ ကိုယ့်နိုင်ငံထဲကဟာလောက်ကို မကြည့်သင့်ဘူး။ ပြင်ပနဲ့ မျက်ခြေမပျက်ရှိနေရမယ်။ သူတို့ဘာတွေလုပ်နေလဲ။ ဘာတွေဖြစ်လာနိုင်သလဲ။ ဘာနည်းပညာတွေပြောင်းနေပြီလဲ။ စသဖြင့်ပေါ့ ကိုယ့်ဘက်က Capacity ကို ကြိုပြီးမြှင့်ထားရောတ့မယ်။ အရင်လို ဆိုင်ကို လူလာဝယ်ရင်ရောင်းမယ်ဆိုတာမျိုးနဲ့တော့ မရဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ အခြေခံအောဆက်အအုံမပြည့်စုံမှုများကြောင့် ဈေးကွက်အနေအထားသည် ရုတ်တရက်ချက်ခြင်း ပြောင်းသွားမည်မဟုတ်သော်လည်း ကြိုတင်ပြင်ဆင်ရမည်များရှိနေသေးသည်ဟု မိုဘိုင်းဆက်သွယ်ရေးနယ်ပယ်မှ ပညာရှင်များကဆိုကြသည်။

“Brand shop တွေကတော့ ရောင်းနေရဦးမှာပဲ။ ဒါပေမယ့် တခြားနိုင်ငံတွေမှာလည်း တချို့ဆိုင်လေးတွေ ရပ်တည်နေနိုင်သေးတာပဲ။ အရေးကြီးတာက Strategy ပဲ။ ဖုန်းဆိုင်တွေ မှိုလိုပေါက်နေတာတော့ လျော့သွားမယ်ထင်တယ်။” ဟု ကိုစိုင်းမော်ဆေဖကဆိုသည်။

ရဲဇွန်အောင်
ဧပြီ၊ ၂၀၁၄
Living Color Magazine

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *