မုန်လာဥနီအရွက် လေး စားကြည့်ကြမလား

မုန်လာဥနီအရွက် လေး စားကြည့်ကြမလား

မုန်လာရွက်လို့ ပြောလိုက်ရင် လူအများစုက မုန်လာဥဖြူအရွက်ပဲ ပြေးမြင်ကြတာများပါတယ်။ တကယ်တော့ မုန်လာဥနီအရွက် ကလည်း မုန်လာဥဖြူ အရွက်လေးလိုပဲ အရသာရှိရှိ ပြင်ဆင်ချက်ပြုတ်စားလို့ရပါတယ်။ အရွက်နုနုလေးတွေကို ကြော်စားလို့ရသလို ရေနွေးဖျောပြီး သုတ်စားတာ၊ တို့စားတာတွေ လုပ်လို့ ရပါတယ်။

နောက်တစ်နည်းကတော့ ဟော့ပေါ့ထဲ ထည့်စားတာပါ။ ချဉ်ဟင်းချက်စားလို့လည်း ရပါတယ်။ မုန်လာဥနီ အရွက်က ခါးသက်သက် ဖြစ်တာကြောင့် အဆိပ်အတောက်ရှိတယ်လို့ ယခင်က ယူဆခဲ့ကြပါတယ်။ တကယ်ကတော့ မုန်လာဥနီ အရွက်က အဆိပ်အတောက် မဖြစ်စေသလို စားလို့လည်း ရပြီး ဆေးဖက်လည်း ဝင်ပါတယ်။

မုန်လာဥနီအရွက် ရဲ့ ဆေးဖက်ဝင်ပုံ

မုန်လာဥနီအရွက်က ကိုယ်ခံအားအပေါ် သက်ရောက်မှု ရှိသလို နှလုံး၊ အရိုး၊ မျက်လုံးတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါတွေအပြင် ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ကိုယ်ခံအား ကောင်းစေပါတယ်

မုန်လာဥနီ အရွက်က အဆိပ်အတောက်တွေကို ပြေစေနိုင်သလို ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပါတယ်။ ကိုယ်ခံအားကို အားဖြည့်ပေးပြီး ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အမြင်အာရုံ ကျန်းမာစေပါတယ်

မုန်လာဥနီ အရွက်မှာ Lutein၊ Zeaxanthin နဲ့ Beta-carotene တို့လိုမျိုး ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်လွှာတွေကို ကာကွယ်ပေးသလို မျက်ကြည်လွှာတွေကိုလည်း ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ရေတိမ်ဖြစ်တာ၊ အတွင်းတိမ်ဖြစ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

မုန်လာဥနီအရွက် လေး စားကြည့်ကြမလား

ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်

လေ့လာမှုတွေအရ မုန်လာဥနီအရွက်က ကိုယ်တွင်းက အဆိပ်အတောက်တွေကို မြန်မြန်ဆန်ဆန် ဖယ်ရှားပေးနိုင်ပြီး ကျောက်ကပ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

သွေးပေါင်ချိန် ထိန်းညှိပေးတယ်

မုန်လာဥနီအရွက်မှာ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့် သွေးကြောတွေကို ပြေလျော့စေသလို သွေးကြောတွေကို သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ သွေးမတိုးအောင် ကာကွယ်ပေးနိုင်သလို နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အရိုးသိပ်သည်းဆ ကောင်းစေတယ်

မုန်လာဥနီ အရွက်မှာ မုန်လာဥနီလောက် သတ္တုဓာတ်တွေ ကြွယ်ဝစွာ မပါဝင်ပေမယ့် အရိုးတွေကို သန်မာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ အရိုးပွတာမျိုး မဖြစ်အောင် ထောက်ကူပေးနိုင်သလို အရိုးတွေကိုလည်း သန်မာစေနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေနိုင်ပါတယ်

မုန်လာဥနီ အရွက်မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဝမ်းမှန်စေနိုင်ပြီး အူနံရံတွေကို ကျန်းမာစေနိုင်သလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အူမကြီးကိုလည်း ကျန်းမာစေပြီး အူမကြီး ကင်ဆာ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

ကဲဒီလောက်ဆိုရင်တော့ မုန်လာဥနီအရွက်လေးက အရသာရှိရှိ ချက်ပြုတ်စားလို့ရတဲ့အပြင် ကျန်းမာစေဖို့လည်း အထောက်အကူပြုနိုင်တယ်ဆိုတာကို သိသွားကြမယ်လို့ မျှော်လင့်ပါတယ်နော်။ ဒီတော့ မုန်လာဥနီလေးတင်မက အရွက်လေးတွေကိုလည်း မြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *