မျက်ခမ်းလှုပ်တာ ကံဆိုးမယ့်နိမိတ် ဟုတ်ပါ့လား

မျက်ခမ်းလှုပ်တာ ကံဆိုးမယ့်နိမိတ် ဟုတ်ပါ့လား

မျက်ခမ်းတွေလှုပ်နေပြီ နိမိတ်မကောင်းဘူး၊ ကံဆိုးတော့မယ်လို့ ယုံကြည်နေတဲ့သူတွေ ရှိကြလား။ ငယ်ကယ်တုန်းကတော့ မြန်မာ့ဓလေ့ အသားလှုပ်နိမိတ်ကို ယုံကြည်ကြတဲ့ လူကြီးမိဘတွေက အဲလိုမျိုး ပြောလေ့ပြောထရှိဖူးတယ်။ တကယ်ရော မျက်ခမ်းလှုပ်တာ က ကံဆိုးခါနီးလို့ ဟုတ်ပါ့မလား။

တကယ်တော့ မျက်ခမ်းလှုပ်တယ်ဆိုတာက လူတိုင်းမှာ အဖြစ်များတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ များသောအားဖြင့်တော့ ကျန်းမာရေးပြဿနာကြောင့် ဖြစ်တာများပါတယ်။ နောက်ပြီး တစ်ခါတလေမှာ မျိုးရိုးလိုက်တာကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်တဲ့။

မျက်လုံးတဝိုက်က ကြွက်သားတွေ ထိန်းချုပ်လို့ မရဘဲ အလိုလို လှုပ်သွားတာမျိုးကို မျက်ခမ်းလှုပ်တယ်လို့ ခေါ်ပါတယ်။ မျက်လုံးတဝိုက်က ကြွက်သားလေးတွေက အရမ်း အလွန်အမင်း ပင်ပန်းလွန်းတဲ့အချိန်တွေနဲ့ အိပ်ရေးပျက်တာ များလွန်းတဲ့ အချိန်တွေမှာ ခံစားရနိုင်တဲ့ မျက်စိကျန်းမာရေး ပြဿနာ တစ်ခုပေါ့။ မျက်လုံးက တစ်ခုခုကို အာရုံစိုက်လိုက်ချိန်မှာ ပိုပြီး ပြင်းထန်တာကို ခံစားရနိုင်ပါတယ်။

အထက်ပါ အချက် ၂ ချက်အပြင် မျက်ခမ်းလှုပ်ခြင်းကို ဖြစ်စေတဲ့ တခြားအကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။ အဲဒီအကြောင်းအရင်းတွေကတော့

စိတ်ဖိစီးမှုများနေတာ – စိတ်ဖိစီးတွေ အရမ်းများနေတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်တာမျိုး ဖြစ်စေနိုင်သလို သွေးတိုးတာ၊ အိပ်ရေးပျက်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီအချက်တွေအပြင် စိတ်ဖိစီးမှု များလာတာက မျက်လုံးကြွက်သားတွေ အပေါ် သက်ရောက်မှု ဖြစ်ပြီး မျက်ခမ်းလှုပ်တာကိုလည်း ခံစားရနိုင်ပါတယ်။

မျက်စိညောင်းတာ – တစ်နေကုန် ဖုန်းသုံး၊ ကွန်ပျူတာသုံးနဲ့ စခရင်မ်တိုင်းမ်များနေတာမျိုး၊ စာတွေကို တစ်ချိန်လုံး ဖတ်နေရတာမျိုးတွေက မျက်လုံးတွေကို ညောင်းညာစေပြီး နေ့စဉ်ရက်ဆက် ဒီလို အခြေအနေတွေကို ခံစားရချိန်မှာ မျက်ခမ်းလှုပ်တာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ မျက်ခမ်းလှုပ်တာက Screen Time များနေတာကြောင့် ဖြစ်နိုင်ပါတယ်။

ကဖင်းနဲ့ ဆေးဝါး အချို့ကြောင့် မျက်ခမ်းလှုပ်တာ – ကဖင်းပါတဲ့ အစားအစာတွေ ဖြစ်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ ကိုလာ စတာတွေလိုမျိုး ကဖင်း ပါဝင်နေတဲ့ အစားအစာတွေကို စားတာ၊ အချို့သော ဆေးဝါးတွေကို သောက်သုံးနေရတာကလည်း မျက်သားတွေကို လှုပ်တာမျိုး ခံစားရနိုင်ပါတယ်။

မျက်သားခြောက်တာ – မျက်လုံးတွေ ခြောက်တာ၊ မျက်သားခြောက်တာနဲ့ မျက်ရည်ခမ်းတာတွေကလည်း မျက်ခမ်းလှုပ်တာကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် မျက်စဉ်းလေးကို ပုံမှန်လေး ခတ်ပေးတာမျိုး မျက်ရည်တုလေး ထည့်ပေးတာမျိုး လုပ်ပေးကြည့်ပါ။

တကယ်လို့ ကိုယ်ကမျက်ခမ်းလှုပ်လေ့ရှိတယ်ဆိုရင် ခုပြောပြပေးခဲ့တဲ့အချက်တွေကို ပြန်ပြီးသုံးသပ်ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။

နောက်ပြီး ပြောချင်တာက မျက်ခမ်းလှုပ်တာက သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးမှာဆိုရင် လူနေမှုပုံစံကို ပြင်ဆင်ပြီး သက်သာအောင် ကုစားလို့ရတယ်ဆိုတာပါပဲ။ နည်းလမ်းလေးတွေကတော့

  • အိပ်ရေးဝဝ အိပ်တာ
  • ကော်ဖီလျှော့သောက်တာ
  • အရက်လျှော့သောက်တာ
  • စိတ်ဖိစီးမှုတွေကို ဖြေလျှော့တာ
  • မျက်ရည်တု မျက်စဉ်းခတ်ပေးတာ စတဲ့နည်းလမ်းတွေပါ။

များသောအားဖြင့်တော့ မျက်ခမ်းလှုပ်တာက ယာယီသာ ခံစားရတာ ဖြစ်ပြီး အချိန်အတိုင်းအတာ တစ်ခုမှာ သူ့အလိုလို သက်သာသွားတတ်တာမို့ မျက်ခမ်းလှုပ်တိုင်း နိမိတ်မကောင်းဘူးလို့ မှတ်ယူမထားဖို့ မှာချင်ပါတယ်နော်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *