မျက်စိကျစရာဖြစ်လာသော ပြည်တွင်းဟိုတယ်ဈေးကွက်

နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ အမေရိကန်ပြည်ထောင်စု သမ္မတ ဘာရက်ခ် အိုဘားမား အပါအဝင် နိုင်ငံတကာ နာမည်ကျော်ခေါင်းဆောင်ကြီးများ ချစ်ကြည်ရေးခရီးစဉ်များအဖြစ် ဆက်တိုက်လာရောက်ခဲ့ကြပြီးနောက် မြန်မာ့ခရီးသွားလုပ်ငန်းသည် အပြောင်းအလဲ ကြီးမားစွာဖြစ်လာခဲ့သည်။


နိုင်ငံတကာ ပြည်ပခရီးသွားဝက်ဆိုက်များတွင် သွားရောက်လည်ပတ်ရန် သင့်လျော်သောဒေသအဖြစ် သတ်မှတ်ခံခဲ့ရခြင်းများကြောင့် ပြည်ပခရီးသွားများစိတ်ဝင်စားစရာ နေရာတစ်ခုဖြစ်လာခဲ့ပြီး ခရီးသည်ဝင်ရောက်မှုမှာလည်း စံချိန်တင်ခဲ့သည်။


ယင်းနှင့်အတ ၂၀၁၂ ခုနှစ်အတွင်း ခရီးသည်ဝင်ရောက်မှု တိုးတက်လာခြင်းနှင့်အတူ ပြည်တွင်း၌ တည်းခိုစရာ အခန်းမလုံလောက်မခြင်း၊ အဆင့်မြင့်ဟိုတယ်ရှားပါးမှုများကြောင့် ပြည်ပနိုင်ငံများရှိ နိုင်ငံတကာ ဟိုတယ်လုပ်ငန်းစုကြီးများအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် မျက်စိကျစရာနေရာတစ်ခုဖြစ်လာသည်။


“ပြည်တွင်းမှာ ဟိုတယ်လုပ်ငန်းလုပ်ကိုင်ဖို့ နိုင်ငံတကာဟိုတယ်တွေ ဆက်တိုက် ဝင်ရောက်လာနေပါတယ်” ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ စီမံကိန်းများဌာန ညွှန်ကြားရေးမှူး ဦးလှိုင်ဦးကပြောသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက Jones Lang Laslle Hotels က Hotel Intelligence Report: Market Insight Yangon အမည်ရှိစာတမ်းတစ်စောင်ထုတ်ဝေခဲ့ပြီး ယင်းစာတမ်းတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအကြောင်း စနစ်တကျ လေ့လာစုစည်းတင်ပြထားသည်။


၎င်းစာတမ်းအရ မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးလာနိုင်သောဒေသဖြစ်ကြောင်း၊ ဟိုတယ်အပါအဝင် ခရီးသွားအခြေခံအဆောက်အအုံများ မလုံလောက်မှုကြောင့်လည်း အဆိုပါ ကဏ္ဍများတွင် ပိုမိုရင်းနှီးမြှုပ်နှံမှုများပြုလုပ်သင့်ကြောင်း အကြံပေးဖော်ပြသည်။


အဆိုပါစာတမ်းထွက်ပေါ်ပြီးနောက် ပထမဆုံးရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဗီယက်နမ်အခြေစိုက် Hoang Anh Gia Lai Co, Ltd က ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ (၁၈.၁၃၁) ဧက ကျယ်ဝန်းသော ယခင် စက်မှု (၁) အဆောက်အအုံဟောင်းနေရာကို နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း (၃၀၀) အထိရင်းနှီးမြှုပ်နှံရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဒီဇင်ဘာလအတွင်း သဘောတူခဲ့သည်။

ယင်းစီမံကိန်းအရ ပထမ အဆင့် အနေဖြင့် အခန်းပေါင်း (၄၁၄) ပါ Five Star Hotel နှင့် အခန်းပေါင်း(၅၈၅) ပါ Commercial Centre နှင့် Office Building No(1) တို့ကို ၂၀၁၆ ဇွန် မတိုင်မီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဒုတိယ အဆင့် အနေဖြင့်မူ အခန်းပေါင်း (၃၅၄) ပါ Office Building No(2) နှင့် (၂၃၉၆) ယူနစ် ပါ Service Apartments (၄) ခုတို့ကို ၂၀၁၉ ဇွန်လ နောက်ဆုံးထား၍ဖွင့်လှစ်သွားရန်ရည်ရွယ်ထားသည်။


“အရှေ့တောင်အာရှ ဒေသက ကျွန်တော်တို့အတွက် ရေရှည်ရင်းနှီးမြှုပ်နှံဖို့ရည်ရွယ်ထားတဲ့ ဒေသတစ်ခုပါ၊ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကလည်း ရေရှည်ဖွံ့ဖြိုးလာနေပါတယ်” ဟု ပြင်သစ်နိုင်ငံ အခြေစိုက် နာမည်ကျော်ဟိုတယ် လုပ်ငန်းစုတစ်ခုဖြစ်သည့် Accor Hotel Group က ကုမ္မဏီမှ အရှေ့တောင်အာရှနှင့် အရှေ့မြောက်အာရှဆိုင်ရာ အရာရှိချုပ် ရောဘတ် မူရေးက မှတ်ချက်ပေးခဲ့သည်။


အဆိုပါ ပြင်သစ်အခြေစိုက် ဟိုတယ်အုပ်စုသည်လည်း ပြည်တွင်း၌ အဆင့်မြင့်ဟိုတယ်များဖွင့်လှစ်ရန် စီစဉ်နေပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။


ယင်းဟိုတယ်သုံးခုတွင် အခန်းပေါင်း ၃၆၆ခန်း ပါဝင်မည့် Novotel Yangon Max ဟိုတယ် နှင့် အခန်းပေါင်း ၁၆၈ ခန်းသာပါဝင်မည့် MGallery ဟိုတယ်တို့ကို မက်စ်မြန်မာ ကုမ္မဏီမှ တာဝန်ယူတည်ဆောက်နေပြီး၊ အခန်းပေါင်း ၂၈၀ ပါဝင်မည့် Novotel Mandalay Mingalar Hotel ကိုမူ အခြားပြည်တွင်းကုမ္မဏီတစ်ခုမှ တာဝန်ယူတည်ဆောက်မည်ဖြစ်သည်။


“ပြည်တွင်း ဟိုတယ်လုပ်ငန်းကဏ္ဍကို ကမ္ဘာကျော်ပြည်ပဟိုတယ်တွေ ဆက်တိုက်ဝင်ရောက်လာဖို့ရှိနေပါသေးတယ်” ဟု ဦးလှိုင်ဦးက ဆိုသည်။


ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ကလည်း ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမ အနီးတွင်တည်ရှိသော စင်တာပွိုင့်တာဝါတွင် အမေရိကန်အခြေစိုက် ဟီလ်တန် ဟိုတယ်အုပ်စုမှ အခန်းပေါင်း ၃၀၀ကျော်ပါဝင်သည့် ကြယ်ငါးပွင့် အဆင့်ရှိ ဇိမ်ခံဟိုတယ် ဖွင့်လှစ်ရန် အဆိုပါ အဆောက်အအုံကို ပိုင်ဆိုင်သော LP Holding ကုမ္မဏီနှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။


အဆိုပါ ဟိုတယ်ဖွင့်လှစ်မည့် Centerpoint Tower အဆောက်အအုံသည် ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရား၊ မြို့တော်ခန်းမ၊ လွတ်လပ်ရေးကျောက်တိုင် အစရှိသော အချက်အခြာကျသည့် အထင်ကရနေရာများအနီးတွင်တည်ရှိသည်။


မြန်မာခရီးသွားလုပ်ငန်းသည် အနာဂတ်အလားအလာကောင်းများရှိပြီး ပေါက်ကွဲထွက်သကဲ့သို့အောင်မြင်နေသော ခရီးသွားလုပ်ငန်း ဟု ဟီလ်တန် ဟိုတယ် ဖွင့်လှစ်မည့် Centerpoint Tower ကိုပိုင်ဆိုင်သည့် LP Holding ကုမ္မဏီမှ ဒါရိုက်တာ ရစ်ချက် မေဟူးက ဆိုသည်။


ထို့အပြင် စင်္ကာပူ အခြေစိုက် ရိုးမရင်းနှီးမြှုပ်နှံမှုကုမ္မဏီကလည်းမြန်မာ့မီးရထားအဆောက်အအုံဟောင်းကို ကြယ်ငါးပွင့်အဆင့်ရှိ အဆင့်မြင့်ဟိုတယ် အဖြစ်ပြောင်းလဲရန် စီမံကိန်းတစ်ခုစတင်နေပြီဖြစ်ပြီး တိုင်းတာဆောင်ရွက်မှုများစတင်နေပြီဖြစ်သည်။


“ရှေးဟောင်းအဆောက်အအုံတွေကို ဟိုတယ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပြောင်းမယ်ဆိုရင် ရှေးလက်ရာမပျက်တော့ ထိန်းသိမ်းသင့်ပါတယ်၊ အဲဒီလိုမျိုးလုပ်မယ်ဆိုရင်တော့ ကောင်းပါတယ်။” ဟု သမိုင်းပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာကျော်လတ်က သူ၏ အမြင်ကိုပြောသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းသို့ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၁ ခုနှစ်က ၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင်မူ ၂၀၁၁ ခုနှစ်ကထက် သုံးဆယ်ရာခိုင်နှုန်းအထိတိုးတက်ခဲ့ပြီး ပြည်ပခရီးသွားဧည့်သည် အရေအတွက် တစ်သန်းခြောက်သောင်း အထိ ဝင်ရောက်ခဲ့သည်။
သို့သော်လည်း မြန်မာ့ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်နေဆဲ အဆင့်သာရှိသေးပြီး ဟိုတယ်ကဏ္ဍမှာလည်း တည်ဆောက်နေဆဲ့သာဖြစ်နေသောကြောင့် Tourism Boom ဖြစ်သည့် အနေအထားတွင် မရှိသေးပေ။
“Tourism Boom ဖြစ်နေတဲ့ အနေအထားတော့မဟုတ်သေးပါဘူး၊ ဥပမာ ထိုင်းလို တစ်နှစ်ကို ဆယ်သန်းလောက် ဝင်လာတာမျိုးကို မှသာ အဲဒီလိုမျိုးသတ်မှတ်ရမှာပါ၊ ကျွန်တော်တို့က အခုမှ အစပဲရှိသေးပါတယ်၊ အခက်အခဲတွေရှိနေပါသေးတယ်” ဦးလှိုင်ဦး က ဆက်လက်ရှင်းပြသည်။
“ဒါပေမယ်. တစ်နေ့မှာ ကျွန်တော်တို့လည်း ဒီလိုဖြစ်လာလိမ့်မယ်လို့ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာ့ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းကို ပိုမိုအရှိန်အဟုန်မြှင့်တင်နိုင်ရန် စင်္ကာပူ အခြေစိုက် Sphere Conferences နှင့်ပူးပေါင်း၍ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီတွင် Myanmar Hospitality and Tourism Conference 2014 ကျင်းပမည် ဖြစ်သည်။


ဒီဇင်ဘာလအတွင်းကျင်းပတော့မည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲ၊ ၂၀၁၄ တွင် အာဆီယံ ဥက္ကဌရာထူးကို ရယူရမည်ဖြစ်သောကြောင့် လက်ခံကျင်းပရမည့် ASEAN Summit များကြောင့် လာရောက်ကြမည့်ခရီးသွားများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာမည့် ခရီးသည်များတည်းခိုနိုင်ရန် ဟိုတယ်များ လိုအပ်နေဦးမည်ဖြစ်သည်။


ထို့အတွက်လည်း ပြည်တွင်း ပြည်ပ မှ ဟိုတယ်လုပ်ငန်းရှင်များအတွက် မြန်မာနိုင်ငံသည် မျက်စိကျစရာ နေရာတစ်ခုအဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။


ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ၂၀၁၂ ခုနှစ်စာရင်းများအရ ပြည်တွင်း၌ ကြယ်ငါးပွင့် အဆင့်ရှိဟိုတယ် ၅ လုံး၊ ကြယ်လေးပွင့် အဆင့်ရှိဟိုတယ် ၁၈ လုံး၊ ကြယ်သုံးပွင့် အဆင့်ရှိဟိုတယ် ၈၃ လုံး၊ ၂ ပွင့် ဟိုတယ် ၁၁၅ လုံး နှင့် ကြယ် တစ်ပွင့် အဆင့်ရှိဟိုတယ် ၁၀၃ လုံးရှိပြီး လက်မှတ်ရ ဟိုတယ် ၄၆၃ လုံးရှိကာ မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ် စုစုပေါင်း ၇၈၇ လုံးဖွင့်လှစ်ထားသည်။

ထို့အပြင် ဟိုတယ် ကဏ္ဍတွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံ၍ဖွင့်လှစ်ထားသော ဟိုတယ် ၃၆ လုံးရှိပြီး နိုင်ငံခြားရင်နှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၄၁၆.၉၁၉ သန်းရှိကာ စင်ကာပူနိုင်ငံက ဟိုတယ် ၁၂လုံး၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ၅၉၇.၇၅၆ သန်းဖြင့် အများဆုံးရင်းနှီးမြှုပ်နှံထားသည်။


“လက်ရှိ ဝင်လာနေတဲ့ နိုင်ငံတကာ ဟိုတယ်တွေက ပြည်တွင်းကုမ္ပဏီတွေနဲ့ဆောက်တာများပါတယ်၊ ပြည်တွင်းကုမ္ပဏီတွေကဆောက်ထားတဲ့ အဆောက်အအုံတွေမှာ ဟိုတယ်ဖွင့်တာမျိုးလည်းရှိတယ်၊ ပြည်တွင်းကုမ္ပဏီတွေလည်း အတွေ့အကြုံရတာပေါ့၊” ဟု Max Myanmar ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။


“အောက်ခြေ လုပ်သားရှားပါးမှုပြဿနာ လုံးဝမရှိနိုင်ဘူး။ ဟိုတယ်တစ်လုံးဆောက်ဖို့ အချိန်တော်တော်ယူရတယ်လေ။ ပြည်တွင်းမှာ သင်တန်းကျောင်းတွေကကလည်း အများကြီးရှိတယ်။ လတိုင်းလည်း သင်တန်းရှိတယ်” ဟု MHR ဟိုတယ်ဝန်ဆောင်မှုသင်တန်းကျောင်းမှ ဦးအေးကျော်က ဆိုသည်။


ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းတွင် Front Office၊ Waiter & Waitress၊ Food & Beverage(Production) နှင့် Food & Beverage (Services) ဟူ၍ အောက်ခြေ Entry Level လေးခုရှိသည်။


“ပြဿနာရှိနိုင်တာက မန်နေဂျာ Level မှာ၊ တက်ရမယ့်သင်တန်းကို ဒီမှာလုံးဝမရှိဘူး။ အစိုးရသင်တန်းရော၊ ပုဂလိက သင်တန်းရောမရှိဘူး။ အခုဒီက ဟိုတယ်မန်နေဂျာတွေက ပိုင်ရှင်တွေ GM တွေက လုပ်သက်အရ အဆင်ပြေလို့ ခန့်ထားတာတွေများတယ်။ ” ဟု MHR ဟိုတယ်ဝန်ဆောင်မှုသင်တန်းကျောင်းမှ ဦးအေးကျော် ကရှင်းပြသည်။


အရေအတွက်နည်းသည့်အပြင် ပြည်တွင်းရှိဟိုတယ်များတွင် လစာ အမေရိကန်ဒေါ်လာ ၅၀၀ ခန့်သာရရှိနိုင်သောကြောင့် အမေရိကန်ဒေါ်လာ ၁၅၀၀ မှ အမေရိကန်ဒေါ်လာ ၂၀၀၀ အထိရနိုင်သော အရှေ့အလည်ပိုင်း အပါအဝင် ပြည်ပနိုင်ငံများသို့ထွက်ခွာသွားသူများလည်းရှိသည်။

“AEC လာမှာကိုစိတ်ပူနေတာ၊ အဲဒီမှာ Free Flow လေးခုရှိတယ်။ အဲဒီထဲကမှ Skilled Labour ကပြဿနာ။ ကျန်တဲ့အာဆီယံနိုင်ငံတွေက မန်နေဂျာတွေဝင်လာရင် ဒီမှာ လူမရှိရင် သူတို့ပဲနေရာရသွားလိမ့်မယ်။” ၎င်းက စိုးရိမ်တကြီးပြောကြားလိုက်လေတော့သည်။

ရဲဇွန်အောင်
မတ်လ၊ ၂၀၁၃
The Voice Weekly

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *