ရန်ကုန်မြို့၊ ပြည်လမ်းအနီး ခုနှစ်မိုင်ရှိ ဂိုထောင်တစ်လုံးနှင့်ပိုမိုဆင်တူသော နှစ်ထပ်အိမ်တစ်လုံး၏ အပေါ်ထပ်တွင် ကွန်ပျူတာရှေ့ ကုပ်ကုပ်လေးထိုင်၍ အလုပ်လုပ်နေသော သူ့ကို အမြဲတွေ့နိုင်သည်။
ပျော်ပျော်နေတတ်သည့် ဟန်ပန်နှင့် ရိုးရှင်းစွာနေထိုင်တတ်သည့် သူသည် ပြည်တွင်းတွင် နာမည်ကြီးနေသော “ခြင်းလုံး”၊ “ဆိုက်ကားဆရာ ငပိန်” စသည့် နာမည်ကျော် မြန်မာမိုဘိုင်းဂိမ်းများကို ဖန်တီးနေသူတစ်ဦးဖြစ်သည်။ သူ့နာမည်က မြင့်ကျော်သူ ဖြစ်ပြီး ပြည်တွင်း Game Studio တစ်ခုဖြစ်သည့် Total Gamplay Studio ကိုတည်ထောင်၍ Chief Technology Officer အဖြစ် တာဝန်ယူဆောင်ရွက်နေသူလည်းဖြစ်သည်။

လူငယ်တစ်ယောက်၏ အိမ်မက်
“ဂိမ်းနဲ့ စပြီးရင်းနှီးဖြစ်တာက ၂ တန်းလောက်ကပေါ့။ ၂ နှစ်တန်းလောက်က အဲတုန်းက Nintendo ခေတ်။ အဖေက Nintendo Entertainment System(NES) တစ်လုံးဝယ်လာတယ်။ ဝယ်လာတော့ စပြီး အတော်လေးဆော့ဖြစ်တယ်ပေါ့နော်။ တော်တော်လေး ဝါသနာပါသွားတယ်။ ဆော့တာတင်မကဘူး ကိုယ်တိုင်ပါ ဖန်တီးချင်လာတယ်။” ဟုသူက ငယ်ငယ်က ဝါသနာအရင်းခံဖြစ်တည်လာပုံကို ပြန်ပြောပြသည်။
ထို ဂိမ်းစက်ကလေးကို ဖခင်ဖြစ်သူက လက်ဆောင်အဖြစ်ဝယ်လာပေးပြီးနောက် သူဂိမ်းကစားရသည်ကို ဝါသနာပါလာသည်။ ဒါသည်လည်း သူ့ဘဝကို လမ်းကြောင်းတစ်ခု ပေါ်တွန်းတင်ပေးသကဲ့သို့ဖြစ်စေသည်။ ဂိမ်းကို အတော်ပင်မက်မက်မောမောဆော့ဖြစ်သည်။ ဂိမ်းဆော့ကစားခြင်းကို ဝါသနာပါလာသကဲ့သို့ ကိုယ်တိုင်ဖန်တီးချင်သည့် စိတ်အခံလေးကလည်း စပေါ်လာခဲ့သည်။ ကိုယ်တိုင် ဂိမ်း Story များ၊ ဂိမ်းဒီဇိုင်းများ၊ ဂိမ်း Level များ ဖန်တီးခြင်းကို လုပ်ကြည့်သည်။ ၂၀၀၀ ခုနှစ် ဆယ်တန်းအောင်ပြီးနောက် သူကွန်ပျူတာသင်တန်းတက်ဖြစ်သည်။ KMD တွင် ဖြစ်ပြီး Programming အပိုင်းကို အဓိကသင်ယူခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က ပြည်တွင်းတွင် ဂိမ်းဖန်တီးမှုအပိုင်းကို စနစ်တကျသင်ကြားပေးနိုင်သည့် သင်တန်းများ၊ ကျောင်းများမရှိသေးသည့်အတွက် ဂိမ်းများဖန်တီးနိုင်ရန်သူ ပြည်တွင်း၌ပင် ကိုယ့်အားကိုယ်ကိုး၍ ခက်ခက်ခဲခဲ လေ့လာခဲ့ရဟု သူကဆိုသည်။
ပထမဆုံးရဲ့ ပထမဆုံး
ထို့နောက်ညီဖြစ်သူနှင့် နှစ်ယောက်ပေါင်း၍ ၂၀၀၅ ပတ်ဝန်းကျင်တွင် Total Gameplay Studio ကိုစလုပ်ဖြစ်သည်။ စတင်လုပ်ကိုင်စဉ်က စမ်းတဝါးဝါးနှင့် ကိုယ်တိုင်လမ်းသစ်ရှာ၍ လုပ်ကိုင်ခဲ့ရခြင်းဖြစ်သည်။ ထိုစဉ်က ပြည်တွင်းတွင် ဂိမ်းဖန်တီးသူမရှိသလို ဂိမ်းဆော့သူပင်အရေအတွက် ပြောပလောက်အောင်မရှိသေးပေ။
“ပထမဆုံး အောင်အောင် မြင်မြင် Project အနေနဲ့ လုပ်ဖြစ်တာကာ Master Mind ဂိမ်းပါ။ Products ထုတ်ပြီးတဲ့ အခါကျတော့ Online ပေါ်မှာပဲ တင်ပြီးတော့ရောင်းတယ်။ ၂၀၀၅ လောက်ကပေါ့။ အဲဒီတုန်းကတော့ နိုင်ငံခြားမှာသူများတွေ ဘယ်လိုလုပ်ကြသလဲ လေ့လာပြီးတော့လုပ်ကြတာပေါ့။ နိုင်ငံတကာက Independent Game Developer တွေ ဒီလို လုပ်ကြတယ်ဆိုတာကို အွန်လိုင်းကနေ ရှာဖွေဖတ်ကြည့်ပြီးတော့ လုပ်ခဲ့တာပါ။” သူက ဖြတ်သန်းတွေ့ကြုံခဲ့ရသည်များကို ပြန်ပြောပြသည်။
ယင်းကဲ့သို့ ဂိမ်းဖန်တီးခြင်းသည် မြန်မာပြည်တွင် ပထမဆုံးဖြစ်သကဲ့သို့ ပြည်ပသို့ ရောင်းချခြင်းသည်လည်း ပထမဆုံးပင်ဖြစ်သည်။
“စပြီးလုပ်တော့ သေချာဘာမှ မသိတာပေါ့။ ဒီ ဂိမ်းဈေးကွက်က ဒီနိုင်ငံမှာလည်း မရှိသေးဘူး။ ကိုယ့်ဟာကိုယ်ပဲ စမ်းတဝါးဝါးနဲ့ လုပ်ဖြစ်ပြီး နောက်ပိုင်းတော့လည်း တဖြည်းဖြည်း အဆင်ပြေသွားတာပေါ့။” ဟု သူက ခက်အခဲများကို ပြောပြသည်။
ထို့နောက် ဂိမ်းအများအပြား ဆက်လက်ဖန်တီးနိုင်ခဲ့ပြီး အွန်လိုင်းမှတဆင့် နိုင်ငံတကာ Payment စနစ်များနှင့် ချိတ်ဆက်၍ နိုင်ငံတကာသို့ ရောင်းချနိုင်ခဲ့သည်။ လက်ရှိအချိန်တွင်မူ ဂိမ်း Platfrom အမျိုးအစားမျိုးစုံအတွက် ဂိမ်းအရေအတွက် ၂၅ ခုခန့် ထုတ်လုပ်ခဲ့ပြီပြီဟု သူကဆိုသည်။
ပြည်တွင်း မိုဘိုင်းဂိမ်းဈေးကွက် ဖွံ့ဖြိုးစေချင်သူ
ပြည်တွင်းတွင် ဂိမ်းဈေးကွက်မရှိသောကြောင့် ဂိမ်းထုတ်လုပ်သည့်လုပ်ငန်းများ မအောင်မြင်ကြသေးခြင်းဖြစ်သည်ဟု၎င်းကယုံကြည်သည်။ လက်ရှိတွင် ပြည်တွင်း၌ ဂိမ်းကစားတဲ့သူအရေအတွက် ကလည်း များများစားစား မရှိသေးပေ။ ထို့ကြောင့် ပြည်တွင်းဂိမ်းဈေးကွက်တစ်ခုဖော်ဆောင်ရန် အချိန်ယူရဦးမည်ဟု သူကဆိုသည်။
“နည်းနည်းတော့လိုဦးမယ်။ မိုဘိုင်းမှာဆို ကစားတဲ့သူအရေအတွက်ကလည်း တော်တော်နည်းသေးတယ်။ နည်းသေးတယ်ဆိုတာက ထိုင်းတို့၊ စင်ကာပူတို့နဲ့တော့ ယှဉ်လို့မရဘူေးပါ့လေ။ ဗီယက်နမ်တို့ ကမ္ဘောဒီးယားတို့နဲ့ ယှဉ်ရင်တောင်မှ တော်တော်နည်းနေသေးတယ်။ ဒါကလည်း ဖုန်းတွေ မိုဘိုင်းဖုန်းတွေ စမတ်ဖုန်းတွေ သုံးတဲ့သူနည်းသေးတာကြောင့်လည်းပါမှာပေါ့။” သူ့ အမြင်ကို ပြောပြသည်။
စမတ်ဖုန်းသုံးစွဲသူများလာပြီး အင်တာနက်အဆင်ပြေပြေသုံးစွဲ၍ ရလာပါက ပြည်တွင်းဈေးကွက် တိုးတက်လာအောင် သူ့အလိုလို တဖြည်းဖြည်းတက်လာမည်ဟု သူကမျှော်မှန်းသည်။ ထို့အပြင် မြန်မာဈေးကွက်ဖြစ်နေသည့် Payment စနစ်အခက်အခဲနှင့် Delivery အခက်အခဲများကိုလည်း ဖြေရှင်းရန် လိုသည်ဟု သူကဆိုသည်။ သို့မဟတ်ုပါက ပြည်တွင်းဈေးကွက် ဖြစ်မလာနိုင်ဟု သူကဆိုသည်။
အဓိကအားဖြင့် ဂိမ်းဖန်တီးထုတ်လုပ်သည်ဆိုသည်မှာ Programming နှင့် Graphic အပိုင်းကို ပေါင်းစပ်ပြီးဖန်တီးခြင်းဖြစ်သည်။ ဝါသနာရှင်အများစုဖြစ်နေကြသည်မှာ မတူညီတဲ့ ပညာရပ်နှစ်ခုကိုပေါင်းစပ်ပြီးတော့လုပ်ရမည်ဆိုသည့်အတွက် ဘယ်ကနေဘယ်လိုစပြီး လုပ်ကိုင်ရမည်ကို မသိခြင်းဖြစ်သည်။ ထို့ကြောင့် လူငယ်များ ဂိမ်းဖန်တီးမှုအပိုင်းကို ပိုမိုစိတ်ဝင်စားလာစေရန်နှင့် ဂိမ်းဈေးကွက်တစ်ခုပေါ်ပေါက်လာရန်သူက ကြိုးပမ်းနေသည်။
“အဲဒီအတွက် ကျွန်တော်တို့ အမြဲတမ်းတော့ seminar တွေ workshop တွေ လုပ်တယ်။ နောက်ပြီး မြန်မာလူငယ် Game Developer တွေ စုပြီ ဖွဲ့ထားတဲ့ Facebook Group လေးတစ်ခုရှိတယ်။ အဲဒီမှာလဲ ပုံမှန်ဆွေးနွေးမှုလေးတွေ လုပ်ပေးတယ်။” ဟု သူကဆိုသည်။
မြန်မာဆန်တဲ့ ဂိမ်းတွေ ဖန်တီးချင်တဲ့လူ
“ဟိုး အရင်ကတည်းက ဗမာဆန်တဲ့ ဂိမ်းတွေ လုပ်ချင်နေတာ။ လုပ်ချင်ပေမယ့် ဒီက ဈေးကွက်အနေအထား တော်တော်လေးကို သေးသေးတယ်။ ဒါပေမယ့်အခုတော့လည်း ကြီးလာပြီပေါ့နော်။ တဖြည်းဖြည်းနဲ့ နောက် ထပ်ကြီးလာမယ့် အရိပ်အရောင်တွေရှိလာတယ်ဆိုတော့ စလုပ်လို့ရပြီဆိုပြီး စလုပ်ဖြစ်တာပါ။” ဟု သူက ဆိုသည်။
ဆီးဂိမ်းပြိုင်ပွဲကို ဂုဏ်ပြုရန် ရည်ရွယ်၍ သူဖန်တီးခဲ့သည့် “ခြင်းလုံး” ဂိမ်းသည် လက်ရှိအချိန်တွင် ကစားသူ တစ်သိန်းကျော်ရှိသည်အထိ အောင်မြင်မှုရရှိလာခဲ့ပြီး သင်္ကြန်ကာလအတွက် ရည်ရွယ်ထုတ်လုပ်ထားသည် “ဆိုက်ကားဆရာ ငပိန်” ဂိမ်းသည်လည်း ကစားသူအရေအတွက် ခြောက်သောင်းကျော်ရှိသည်။
မြန်မာ့ရိုးရာ စစ်တုရင် ကစားနည်းကို အခြေခံ၍ ထုတ်လုပ်ထားသည့် “စစ်တုရင်” ဂိမ်းမှာလည်း ပြည်တွင်းတွင် ကစားသူအရေအတွက် ၄ သောင်းကျော်ရှိပြီး အဆိုပါ ဂိမ်းကို မြန်မာ့စစ်တုရင် အကြောင်းကို မြန်မာများသာမက နိုင်ငံတကာကပါ သိစေလို၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“နိုင်ငံတကာဂိမ်းတွေ လုပ်တဲ့အခါကျတော့ ခံစားချက်က ပေါ့ပေါ့ပါးပါးပါပဲ။ ဒါပေမယ့် ဗမာတွေအတွက် ဗမာဂိမ်းလေးတွေ ဖန်တီးတဲ့ အခါကျတော့ ကိုယ့်ဗမာတွေက အားပေးတာမြင်ရတာ အရမ်းကျေနပ်တယ်။ ကိုယ်လုပ်တဲ့ဂိမ်းကလည်း ကိုယ့်စိတ်ကြိုက်ပေါ့နော်။ ပြောရရင် ဗမာကြိုက်ပေါ့နော် ကိုယ်ကလည်း ဗမာဆိုတော့ ဗမာအကြိုက်လုပ်ရတာ တော်တော်ကို အားရကျေနပ်မှုရှိပါတယ်။” ဟု သူက သူ၏ခံစားချက်ကို ရင်ဖွင့်ပြန်သည်။
မြန်မာဂိမ်းတွေ နိုင်ငံတကာအထိ ရောက်စေချင်တယ်
သူက လက်ရှိ သူဖန်တီးထားသည့် မြန်မာဂိမ်းများကို ပြည်ပသို့ဖြန့်ချိရန် အစီအစဉ်မရှိသော်လည်း နောက်ပိုင်းတွင် နိုင်ငံတကာ အထိထိုးဖောက်နိုသ်ည့် မြန်မာဂိမ်းများ ဖန်တီးသွားရန် ရည်ရွယ်ထားသည်ဟုဆိုသည်။
လက်ရှိအချိန်တွင် သူ၏ Total Gameplay Studio မှ ပြည်တွင်းတွင် မိုဘိုင်းဖုန်းပေါ်တွင် ကစားနိုင်သည့် မြန်မာဂိမ်း ၃ ခု ဖန်တီးထုတ်လုပ်ထားပြီး ထပ်မံ၍ သမိန်ပေါသွပ်နှင့် လမ်းမတော် ဖိုးတုတ်တို့ ထပ်မံထုတ်လုပ်ရန် စီစဉ်ထားသည်ဟုဆိုသည်။
“နိုင်ငံတကာကို မြန်မာ့ယဉ်ကျေးမှုကိုဖော်ပြနိုင်တဲ့ မြန်မာအငွေ့အသက်တွေပါတဲ့ နိုင်ငံတကာကို ထိုးဖောက်မယ်ဆိုရင်လည်း စိတ်ဝင်စားကြမယ့် ဥပမာ မြန်မာစစ်တုရင်လို ဂိမ်းမျိုးကိုတော့ ချပြချင်တယ်။ ကိုယ့်ရဲ့ယဉ်ကျေးမှုကို နိုင်ငံတကာကို ချပြရာရောက်တဲ့ Products မျိုးတွေကို နိုင်ငံတကာကို ဖြန့်သွားမယ်။ ထိုးဖောက်ရင်စိတ်ဝင်စားမယ့် Products မျိုးတွေကိုတော့ နိုင်ငံတကာကိုရော ဗမာပြည်ကိုပါ ချပြမယ်။” ဟု သူကဆိုလေသည်။
ရဲဇွန်အောင်
မေ၊ ၂၀၁၄
About Us – The Voice Daily