လစဉ်တိုင်းမှာ အမျိုးသမီးလေးတွေအနေနဲ့ ရာသီလာတာကို ခံစားကြရပါတယ်။ ရာသီလာတာက လေဒီလေးတွေရဲ့ ကျန်းမာရေးအတွက် အရေးပါသလို ကျန်းမာတဲ့ ပြယုဂ်တစ်ခုဆိုလည်း မမှားပါဘူး။
ရာသီလာတာက ကျန်းမာတဲ့ ပြယုဂ်ဆိုပေမယ့် အတော်လေး နေရထိုင်ရ ကသိကအောက်ဖြစ်သလို ဒီအခြေအနေကို မသိလိုက်မသိဘာသာ ကျော်ဖြတ်နိုင်တဲ့သူကလည်း ခပ်ရှားရှားပါ။ ရာသီလာချိန်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် စိတ်ဖိစီးတာ၊ စိတ်ပင်ပန်းတာတွေကို ခံစားရသလို ကိုယ်လက်မအီမသာဖြစ်တာတွေ ကိုလည်း ခံစားရပါတယ်။
ဒါကြောင့် ရာသီလာချိန်မှာ လိုအပ်တဲ့ ပြင်ဆင်မှုလေးတွေ လုပ်ထားတာက ရာသီလာချိန်မှာ စိတ်ဖိစီးမှုတွေကို နည်းနည်းလောက်တော့ လျှော့ချနိုင်မှာပေါ့။ ဒါကြောင့် လစဉ်ရဲ့ ရာသီလာချိန်ကို စိတ်အနှောင့်အယှက်ကင်းကင်း ကျော်ဖြတ်နိုင်စေဖို့ ရာသီလာခါနီးမှာ ခံစားရနိုင်တဲ့ လက္ခဏာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ရာသီလာတော့မယ်လို့ ခန္ဓာကိုယ်က အချက်ပြနေတဲ့ လက္ခဏာများ
ရာသီအကြိုလက္ခဏာတွေအနေနဲ့ အခုလိုမျိုးတွေ ခံစားရနိုင်ပါတယ်။
- ဝက်ခြံ
- စားသောက်မှုပုံစံ ပြောင်းလဲလာတာ – အစားတွေ အရမ်းစားချင်နေတာမျိုးပါ
- ခါးနာတာ
- ခေါင်းကိုက်တာ
- အိပ်စက်မှုပုံစံ ပြောင်းလဲတာ
- ကိုက်ခဲနာကျင်တာ
- စိတ်ရှုပ်ထွေးတာ
- အာရုံစိုက်ဖို့ ခက်တာ
- အစာခြေစနစ်ပြဿနာ ခံစားရတာ ( ဝမ်းချုပ်တာ၊ ဝမ်းခဏခဏ သွားနေတာ၊ ဗိုက်ထဲက ရစ်ပြီးနာတာ)
- ခြေကုန်လက်ပမ်းကျတာ
- စိတ်တိုစိတ်ဆတ်တာ
- စိတ်ခံစားမှု ပြောင်းလဲတာ ( စိတ်ရှုပ်ထွေးတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်အလိုမကျတာ)
- အလင်းတွေကို မခံနိုင်တာ
- အသံတွေကို မခံနိုင်တာ
- ရင်သားတွေ တင်းပြီးနာတာ
- တင်းအားတွေဖြစ်တာ
- ကြွက်သားတွေနာတာ
- အဆစ်တွေနာတာမျိုးပါ။
အခုလို လက္ခဏာတွေ ခံစားရတာက ကိုယ်ထဲမှာ ဟော်မုန်းပြောင်းလဲမှုတွေကြောင့်ပါ။ ဒါကြောင့် ဒီလက္ခဏာတွေကို ရာသီမလာခင် ၂ ရက် ၃ ရက်လောက် ကြိုတင်ခံစားရနိုင်သလို ရာသီလာစ အစပိုင်း ရက်တွေ အထိပါ ခံစားရနိုင်ပါတယ်။