စပါးလင် ကို ဟင်းခတ်အမွှေးအကြိုင်တစ်ခုအနေနဲ့ပဲ လူသိကြတာများတယ်။ ဟင်းထဲထည့်ချက်တဲ့အခါ အညှီနိုင်လို့ဆိုပြီး ငါးဟင်းတွေ၊ အညှီများတဲ့ အသားတွေထဲမှာ အများဆုံး ထည့်ဖြစ်ကြတယ်ပေါ့။ နောက်ပြီး စပါးလင်က မြန်မာ့အကြိုက် မုန့်ဟင်းခါး ချက်ရာမှာလည်း အရေးပါတယ့် အမယ်တစ်မျိုးပါ။
ဒီလိုဟင်းချက်ရာမှာ မကြာခဏအသုံးပြုဖြစ်ကြတဲ့ စပါးလင်က ကျန်းမာရေးကို အကျိုးပြုပေးနိုင်တဲ့ ကောင်းကျိုးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သဘာဝဓာတ်စာတစ်မျိုးပါ။ ဟင်းအနေနဲ့ ချက်လိုက်တဲ့အခါ ချိုပြီး ခပ်မွှေးမွေး ခပ်ရှိန်းရှိန်းအရသာရှိတဲ့ စပါးလင်လေးမှာ ရေဓာတ်၊ ပရိုတင်း၊ အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရိတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ ဗီတာမင် C၊ သီရာမင်း၊ ရိုင်ဗိုဖလာပင်၊ နီကာဆင်၊ ဗီတာမင် B၊ ဖောလိတ်၊ ဗီတာမင် A၊ ဗီတာမင် D တို့လို အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်တဲ့။
ဒီလို အာဟာရဓာတ်တွေ ကြွယ်ဝနေတာမို့ စပါးလင်ကို ဟင်းခတ်အနေနဲ့ မကြာခဏ ထည့်သွင်းမှီဝဲပေးတဲ့အခါမှာ အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေပါလိမ့်မယ်။
- ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေတာ – စပါးလင်ကို ညဘက် အိပ်မပျော်သူတွေ စားပေးလို့ ရပါတယ်။ အကြောင်းကတော့ စပါးလင်က ကြွက်သားတွေကို ပြေလျော့စေပြီး ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေနိုင်လို့ပါ။
- အသက်ရှုလမ်းကြောင်း ကျန်းမာစေတာ – စပါးလင်မှာ ဗီတာမင် C ပါဝင်တာကြောင့် ကိုယ်ခံအား ကောင်းစေပါတယ်။ အအေးမိ၊ ချောင်းဆိုးတာ၊ နှာစေး နှာပိတ်တာ၊ တုပ်ကွေး နဲ့ အခြား အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးသလို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ပါတယ်။
- အကိုက်အခဲပျောက်စေတာ – စပါးလင် ကို ဒဏ်ကြေလိမ်းဆေးတွေ၊ ရှူဆေးတွေမှာ ထည့်သုံးလေ့ရှိကြပါတယ်။ အကြောင်းကတော့ စပါးလင်မှပါတဲ့ ပုရှိန်းရှန်းနဲ့ အနံ့ သင်းသင်းလေးက ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ အပါအဝင် ကြွက်သားတွေ၊ အဆစ်တွေ နာကျင်ကိုက်ခဲတာကိုလည်း သက်သာစေနိုင်လို့ပါ။
- အစာအိမ်နဲ့အူလမ်းကြောင်း ကျန်းမာစေတာ – စပါးလင်မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို ပြင်ပကနေဝင်ရောက်လာမယ့် ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ် အနာကိုလည်း သက်သာစေနိုင်ပါတယ်။
- အဆီကျစေတာ – ဒီနေရာမှာ အဆီကျစေတယ် ဆိုတာက သွေးတွင်းကိုလက်စထရော ကျစေတာကို ဆိုလိုတာပါ။ စပါးလင် ပုံမှန် စားပေးတာက သွေးကြောထဲမှာ အဆီတွေ စုပုံနေတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး သွေးတွင်းအဆီကို လျော့ကျစေနိုင်ပါတယ်။ စပါးလင် ပုံမှန် စားသုံးပေးမှုက သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ကျစေပြီး သွေးကြောထဲမှာ အဆီတွေ စုပုံမှု မရှိအောင်ကာကွယ်ပေးနိုင်ပါတယ်။
- ကင်ဆာကို ကာကွယ်ပေးတာ – စပါးလင်မှာ ကင်ဆာကာကွယ်ပေးနိုင်တဲ့ ဆီထရယ် ဓာတုဒြပ်ပေါင်း တစ်မျိုး ပါဝင်နေပါတယ်။ စပါးလင် ပုံမှန်စားသုံးပေးတာက အရေးပြားကင်ဆာတဲ့ အခြားသော ကင်ဆာတော်တော်များများကနေ ကာကွယ်ရာရောက်ပါတယ်။
- ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးတာ – စပါးလင်က နေ့စဉ် စားသုံးထိတွေ့ကနေတဆင့် ခန္ဓာကိုယ်ခဲကို ဝင်ရောက်စုပုံလာတဲ့ ကိုယ်တွင်း အဆိပ်အတောက်တွေကို လည်း ဖယ်ရှားပေးပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ ဖြစ်ကြတဲ့ အသည်း၊ ကျောက်ကပ်တို့က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ယူရစ်အက်ဆစ် ကျစေနိုင်ပါတယ်။ ဆီးရွှင်စေနိုင်ပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ ဟင်းခတ်တစ်မယ်ဖြစ်တဲ့ စပါးလင် ကို စားပေးတာက ကျန်းမာရေးအတွက် ဘယ်လောက်အထိ အကျိုးရှိလဲဆိုတာကို လိုတိုရှင်းပရိတ်သတ်ကြီးတို့ သိသွားကြဖို့ မျှော်လင့်ပါတယ်နော်။
‘အစာလည်းဆေး၊ ဆေးလည်းအစာ’ ဆိုပြီး ဆိုရိုးရှိတာမို့ နေ့မှီဝဲသုံးဆောင်နေတဲ့ သဘာဝအစားအစာတွေရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မျှဝေပေးရင်း စာဖတ်သူတို့ရဲ့ နေ့စဉ်ဘဝမှာ ငွေကုန်ကြေးကျ နည်းနည်းနဲ့ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်စေဖို့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးလိုက်ပါတယ်ရှင့်။