သရက်သီး ချိုချိုလေးကလည်း ကျန်းမာစေပါတယ်

သရက်သီး ချိုချိုလေးကလည်း ကျန်းမာစေပါတယ်

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာလက်ဖက်ပါတဲ့။ စားအကောင်းဆုံးအစားအစားတွေကို ရည်ညွှန်းပြောဆိုထားတဲ့ပြောစကားလေးတစ်ခုပေါ့။ ဒီစကားမှာတင် သရက်သီး က အကောင်းဆုံးအသီးလို့ ညွှန်းဆိုထားတာကို မြင်တွေ့ကြမယ်ထင်ပါရဲ့။

ဘယ်အသီးတွေ ဘယ်လောက်ပဲ ကောင်းပါတယ်ပြောပြော ရှေးလူကြီးတွေကတော့ အသီးတွေထဲမှာ သရက်သီးက အကောင်းဆုံးလို့ ဆိုထားပါတယ်။ သရက်သီးက အနံ့အရသာရော အရောင်အဆင်းပါ ပြည့်စုံတဲ့အသီးတစ်မျိုးပါ။ သရက်သီး အရသာကိုပဲ လူတွေက သိထားကြပြီး သရက်သီးက ဘယ်လိုမျိုး အကျိုးအာနိသင်တွေ ရနိုင်လဲ ဆိုတာကိုတော့ သိသူရှားပါတယ်။

သရက်ပင် ဘယ်ကစ

သရက်ပင်က လွန်ခဲ့တဲ့နှစ်ပေါင်း ၄,၀၀၀ကျော်ကတည်းက ကမ္ဘာမြေပေါ်မှာရှင်သန်ခဲ့တာဖြစ်ပြီး ဟိမဝန္တာဒေသက သရက်ပင်ရဲ့ မိခင်ဒေသပါ။ သရက်သီးအမျိုးပေါင်း ၁,၀၀၀ကျော်ရှိတာဖြစ်ပြီး တစ်မျိုးနဲ့တစ်မျိုး အရသာချင်းမတူကြပါဘူး။ အရသာမတူကြပေမယ့် ခန္ဓာကိုယ်ကို အကျိုးပြုတာချင်းကတော့ အတူတူပါပဲ။

သရက်သီး ကို အစိမ်းတို့စားတာ၊ သုပ်စားတာ၊ ဆားရည်စိမ်စားတာမျိုးရှိသလို ငံပြာရည်ငရုတ်သီးမှုန့်နဲ့နယ်စားတာ၊ ငရုတ်သီးမှုန့်၊ဆားတို့နဲ့လုပ်ထားတဲ့ အရသာမှုန့်နဲ့တို့စားတာလို့လည်းရပါတယ်။

အမှည့်ခံပြီးစားတာမျိုးလည်းရှိပါတယ်။ သရက်သီးမှည့် ဖျော်ရည်ကလည်း ရင်အေးစေတဲ့ဖျော်ရည်တစ်မျိုးပါ။ ဘယ်လိုပဲစားစား သရက်သီးက ခံတွင်းတွေ့တာတော့အမှန်ပါ။

သရက်သီးမှာပါတဲ့ အာဟာရဓာတ်တွေ

ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ သရက်သီး မှာ

  • ကယ်လ်လိုရီ
  • ဗီတာမင် C
  • ဗီတာမင် A
  • ဗီတာမင် B
  • အမျှင်ဓာတ်
  • Copper
  • ပိုတက်ဆီယမ်
  • မဂ္ဂနီဆီယမ် တို့ ပါဝင်ပါတယ်။

308e32cb93

သရက်သီး ချိုချိုလေးက ကျန်းမာစေပါတယ်။

သရက်သီး စားပေးတာက အခုလို အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

ကင်ဆာ ကာကွယ်ပေးတယ် – သရက်သီးမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်နေတာကြောင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊သွေးကင်ဆာ နဲ့ ဆီးကျိတ်ကင်ဆာ တွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။

သွေးတွင်း ကိုလက်စထရော ကျစေတယ် – သရက်သီးဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးဖြစ်တာကြောင့်သွေးတွင်းကိုလက်စထရောပမာဏ ကျဆင်းအောင်လည်း လုပ်ဆောင်ပေးပါသေးတယ်။

အသားအရေ ကျန်းမာစေတယ်အသားအရေလှချင်သူတွေအနေနဲ့လည်း သရက်သီးစားသုံးပေးသင့်ပါတယ်။ သရက်သီးက အသားအရေကို ချောမွေ့စေပြီး ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ သရက်သီးကို စားပေးရုံတင်မဟုတ်ဘဲ မျက်နှာပေါ်မှာပေါင်းတင်ဖို့အတွက်လည်း အသုံးပြုလို့ရပါတယ်။ မျက်နှာပေါ်ကချွေးပေါက်တွေကိုလည်း ပွင့်စေပါတယ်။

အမြင်အာရုံ ကျန်းမာစေတယ် – နောက်ထပ်တစ်ချက်ကနေ့စဉ် ကွန်ပျူတာတွေ၊ ဖုန်းတွေသုံးနေတဲ့သူတွေအနေနဲ့ အမြင်အာရုံကောင်းမွန်စေပြီး ကြက်မျက်သင့်တာနဲ့ မျက်လုံးခြောက်သွေ့တာတွေကို ဘိုင့်ဘိုင်လို့နှုတ်ဆက်နိုင်စေဖို့အတွက် သရက်သီးမှည့်လေးစားပေးပါ။

အစာခြေစနစ် ကျန်းမာစေတယ် – သရက်သီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် အစာကြေချက်မှုကိုကောင်းမွန်စေတဲ့အသီးတစ်မျိုးပါ။ ဒါတွေတင်လားဆိုတော့ မဟုတ်ပါဘူး။

အပူလျှပ်တာ သက်သာစေတယ် – သရက်သီးအစိမ်းကိုဖျော်သောက်ပေးမယ်ဆိုရင်လည်း ရာသီဥတုပူပြင်းမှုကြောင့် ခန္ဓာကိုယ်မှာဖြစ်လာနိုင်တဲ့ အပူလျှပ်တာလိုမျိုး ဝေဒနာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။

ကိုယ်ခံအား ကောင်းစေတယ် – နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ သရက်သီးမှာ ဗီတာမင် C၊ ဗီတာမင် A နဲ့carotenoids ၂၅ မျိုးအထိပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေပြီး အမြဲကျန်းမာနေစေမှာ အသေအချာပါ။

လတ်တလောမှာလှိုင်လှိုင်ပေါနေတဲ့ သရက်သီးကို အရသာရှိရှိလေးစားသုံးရင်း အပေါ်မှာပြောခဲ့တဲ့ အာဟာရဓာတ်တွေနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို လက်မလွှတ်တမ်းရယူလိုက်ပါ။

ရေးသားသူ – မွန်မွန်

2 Comments

Leave a Reply

Your email address will not be published. Required fields are marked *