အစိုးရ အပြောင်းအလဲနှင့် လူထု၏ စမ်းသပ်ခံကာလ

ကြုံဖူးသည်။ လွန်ခဲ့သည့် ၅ နှစ်တာကာလလုံးသည် အစိုးရဆိုသည်မှာ မီဒီယာနှင့် ပြည်သူတို့၏ အဓိက ပစ်မှတ်ဖြစ်သည်။ ထစ်ခနဲဆိုသည်နှင့် အစိုးရပြေးဆဲနေကြဖြစ်သည်။ မီးမလာလည်းဆဲ၊ ရေမလာလည်းဆဲ၊ အခွန်ကောက်လဲဆဲ၊ ချီးပါလဲဆဲ၊ သေးပေါက်လည်းဆဲ၊ ရပ်ကွက်ထဲ ခွေးနှစ်ကောင်ကိုက်လည်း အစိုးရမကောင်းလို့လို့ ဆဲခဲ့ကြဖူးသည်။ … အစိုးရဟူသည် အဆဲခံပုဂ္ဂိုလ်များဟူ၍ပင် အဓိပ္ပါယ်ဖွင့်ဆိုရမည့် သကဲ့သို့ပင်။ ဒါကြောင့်ပင် သူတို့ကလည်း တန်အောင် မ သွားကြသည်လား မသိ။

ယခုတော့ ခေတ်ပြောင်းလေပြီ။ အစိုးရသစ်။ ပြည်သူတွေ အားကိုးသည့် ပြည်သူက ရွေးချယ်သည့် အစိုးရ ဖြစ်လာပြီဖြစ်သည်။ ဒီတော့ မီဒီယာတွေနဲ့ ပြည်သူတွေရဲ့ ရပ်တည်ချက်နဲ့ သည်းခံနိုင်စွမ်းနဲ့ ရင့်ကျက်မှုက ဘယ်သို့ ဘယ်ပုံလာမည်မသိ။ အစိုးရပြောင်းသောကြောင့် မီးမပြတ်တော့မည်မဟုတ်၊ ရေဒလဟောထွက်လာမည်မဟုတ်၊ အသက်မရှိသည့် သဘာဝအရင်းအမြစ်များပင် မပြောင်းလဲသေးချိန်တွင် အသက်ရှိသည့် လူတစ်ဦးချင်းစီ၏ အကျင့်စရိုက်များပြောင်းဖို့ ပိုခက်ပေမည်။
အစိုးရပြောင်းသောကြောင့် နေ့ချင်းညချင်း လမ်းဘေးအမှိုက်ပစ်မှုများ လောျ့သွားမည်ဟု ယတိပြတ်မပြောနိုင်။ နှလုံးထီဒိုင်များ ချက်ခြင်းရပ်လိုက်ကြမည်မဟုတ်။ အစိုးရဝန်ထမ်းများ လာဘ်မယူကြတေ့ာမည်မဟုတ်။ လူမိုက်များ သူတော်ကောင်းဖြစ်လာမည်မဟုတ်။ နေ့ချင်းညချင်း မြေလှန်မရသည့် အရာတွေ အများအပြားရှိနေသေးသည်။

ဒါကို လူအများရော မီဒီယာများပါ လက်ခံထားဖို့ လိုမည်ဖြစ်သည်။ မြင်ယောင်မိသည်။ လာမည့် ၅ နှစ်သည် လူအများ၏ ဒီမိုကရေစီ အကျင့်စရိုက်များနှင့် နိုင်ငံကြီးသားပီသမှု၊ ရင့်ကျက်မှုကို မျက်ဝါးထင်ထင် မြင်ရမည့် ကာလဖြစ်သည်။ တစ်ကြောင်းစွဲများနှင့် သာမန်ပြည်သူများ၊ လစ်ဘရယ် များအကြား ထိတွေ့မှုမာျးမြင်ရဖွယ်ရှိသည့် ကာလလည်း ဖြစ်လာနိုင်သည်။ လူအများကတော့ အဆင်မပြေလျှင် အဆင်မပြေဘူး ပြောဆိုကြဦးမည်ဖြစ်သည်။ ဝေဖန်မိကြနိုင်သည်။ သို့သော်လည်း ယခင် အဘဘောများ၊ အစိုးရ လော်ဘီများကဲ့သို့သော ဒီမိုလော်ဘီများ၊ မျက်ကန်းဘောမများအနေဖြင့် ယခင်အစိုးရလူများနေရာတွင် အစားဝင်လာကြဦးမည်ဖြစ်သည်။

ယခင်လို ထိခတ်မှုများ ပြန်မြင်လာရဦးမည်ဖြစ်သည်။ ယခင်အဘဘောမများကို ပြစ်ပြစ်နှစ်နှစ် ဝေဖန်ထားသူများ၊ အားရပါးရ ကိုင်တုတ်ထားသူများလည်း ကိုယ်ချင်းစာတတ်လာကြမည်ထင်မိလေသည်။

တချိန်တုန်းက ကိုယ်တွေ့ အဖြစ်အပျက်တစ်ခု ပြောပြချင်သည်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က လူကိုယ်တိုင် ထွက်ကြိုရ၊ ဂရာဖီတီကြီးဆွဲပြီး ကြို၊ မိန့်ခွန်းပြောတဲ့အချိန် စိန်ရတုခန်းမထဲသွားပြီး selfie ရိုက်ပြရ၊ လုံခြုံရေးတာဝန်ယူထားတဲ့ အထူးတပ်ဖွဲ့က အဆင်လေးကို ဓာတ်ပုံခိုးရိုက်ကြ၊ အင်္ကျီတောင် အိုဘားမားပုံနဲ့ဝတ်မှ ဂုဏ်ရှိသည်ထင်ခဲ့ကြ၊ နာမည်မှာကိုက ဘားမား ပါနေတော့ မြန်မာပြည်နဲ့ တစ်ခုမဟုတ်တခု ဆက်နွယ်နေတာပေါ့ ဆိုပြီး ကြံဖန်ဂုဏ်ယူခဲ့သည့် ကိုယ်ရွှေမြန်မာများက ရိုဟင်ဂျာအရေးတွင် အိုဘားမား၏ မှတ်ချက်ကြောင့် တစ်တိုင်းပြည်လုံး ဝက်ဝက်ကွဲ ဆဲခဲ့ကြဖူးသည်ကို မြင်ခဲ့ဖူးသည်။

ဆိုလိုချင်သည်က လူတိုင်းအတွက် ဘယ်သူ ဘာလုပ်သည်ဆိုသည်က အဓိကမဟုတ်ပေ။ ကိုယ်အကျိုးစီးပွား ဘယ်လောက် ထိခိုက်သည်ဆိုသည်က ပိုအရေးပါလေသည်။ အစိုးရသစ်တက်လာပြီးလျှင် ပထမဆုံး ရင်ဆိုင်ရမည့် တိုင်းရင်းသားလက်နက်ကိုင်ကိစ္စ၊ မြစ်ဆုံ၊ စွမ်းအင်ဖြန့်ဖြူးရေးနှင့် ဘင်္ဂလီ/ရိုဟင်ဂျာကိစ္စမာျးသည် အထိအရှသိပ်မခံလှသည့်အတွက် သေချာပေါက် အမြင်ကွဲပြားမှုများရှိနေမည့် ကိစ္စများဖြစ်လေသည်။ ထို့ကြောင့် ကျွန်တော်အထက်တွင် ပြောခဲ့သလိုပင် လာမည့် ၅ နှစ်သည် လူအများ၏ ဒီမိုကရေစီ အကျင့်စရိုက်များနှင့် နိုင်ငံကြီးသားပီသမှု၊ ရင့်ကျက်မှုများကို စမ်းသပ်မည့်ကာလဖြစ်သည်။

မောင်မိုးဇွန်
တောရေးတောင်ရေး

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *