လူတစ်ယောက် ကျန်းမာစေဖို့ အာဟာရစုံလင်ပြည့်ဝအောင် စားသုံးဖို့ လိုသလို အိပ်ရေးဝဝ အိပ်ဖို့လည်း လိုမှာပါ။ အိပ်ရေးမပျက်ဖို့ကလည်း အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ အရေးကြီးတာပါ။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် မရဘူးဆိုရင် ကိုယ်ခံအား နည်းတာ၊ ခေါင်းမကြည်တာ၊ အာရုံစူးစိုက်ဖို့ ခက်တာက စလို့ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ‘ဒီတစ်ခေါက်တော့ အမျိုးသားတွေ ဘာကြောင့် အိပ်ရေးဝဝ အိပ်ဖို့ လိုတာဲ။ အမျိုးသားတွေမှာ အိပ်ရေးပျက်ရင် ဘာတွေ ဖြစ်နိုင်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။
အမျိုးသားတွေအနေနဲ့ အိပ်ချိန် ဘယ်လောက် လိုအပ်မလဲ!
အမျိုးသား တစ်ဦးအနေနဲ့ တစ်ညကို အိပ်ချိန် အနည်းဆုံး ၇ နာရီ ကနေ ၈ နာရီ ရှိရပါမယ်။ ဒါမှ လုံလောက်တဲ့ အိပ်စက်ချိန် ရှိတယ်လို့ ဆိုရမှာပါ။ အမျိုးသားတွေမှာ အိပ်ရေးပျက်လာတဲ့အခါ စိတ်ပိုင်းဆိုင်ရာမှာရော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုပါ ခံစားရနိုင်ပါတယ်။
အမျိုးသားများ အိပ်ရေးပျက်ရင် ဘာဖြစ်မလဲ!
အမျိုးသားများ အိပ်ရေးပျက်ရင် ဘာဖြစ်မလဲ! ဆိုတော့ အခုလို ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်လို့ပါ။
နှလုံး ရောဂါ ခံစားရနိုင်ခြေ များမယ်
ညဘက်တွေမှာ အိပ်ရေးပျက်ခံပြီး ဂိမ်းဆော့တာ၊ ဆိုရှယ်မီဒီယာတွေကို သုံးရင်း အိပ်ရေးပျက် ခံတာက သက်လတ်ပိုင်း အမျိုးသားတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ တိုးစေနိုင်ပါတယ်။ ညဘက်မှာ ၅ နာရီပဲ အိပ်စက်ချိန် ရှိတာက ပုံမှန်ထက် နှလုံးရောဂါ ခံစားရနိုင်ခြေ ၂ ဆကျော် ပိုများနေပါတယ်။ တစ်ညကို အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီ ရှိမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိလျှော့ချပေးနိုင်မှာပါ။
ရုတ်တရက် နှလုံးရပ်နိုင်ခြေ များမယ်
အမျိုးသားတွေကို ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးစေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုက ညဘက်တွေမှာ အိပ်ရေးပျက်တာ၊ အိပ်ချိန် နည်းတာတွေပါ။ ညဘက်ကို ၅ နာရီ နဲ့ ၅ နာရီအောက်ပဲ ရှိတဲ့ အိပ်ချိန် ပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေမှာ ရုတ်တရက် နှလုံးရပ်တာကို ခံစားရနိုင်ခြေက ပုံမှန်ထက် ပိုများနေပါတယ်။
နှလုံးခုန် မမှန်တာ ဖြစ်နိုင်ခြေ များမယ်
အိပ်ရေးပျက်တဲ့ ညတွေ များလာတဲ့အခါ နှလုံးပေါ်မှာ ဝန်ပိုတွေ ပိလာပါတယ်။ ဒီလိုကနေ သိသာတဲ့ လက္ခဏာအနေနဲ့ နှလုံးခုန်နှုန်း စည်းချက် မမှန်တာတွေကို ခံစားလာရနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တဲ့ ရက်ဆက်လာတဲ့အခါ အသက်ရှူမဝတာ၊ ခြေကုန်လက်ပမ်းကျတာတွေကို ခံစားရနိုင်ပါတယ်။
သွေးတိုးရောဂါ ခံစားရနိုင်ခြေ များမယ်
အိပ်ရေးပျက်တာက ရေရှည်မှာ နာတာရှည် ကျန်းမာရေးပြဿနာအနေနဲ့ သွေးတိုးတာကို ခံစားရစေနိုင်ပါတယ်။ အမျိုးသားတွေကို သွေးတိုးစေတဲ့ အကြောင်းရင်းခံတွေက အရက်သောက်တာ၊ စိတ်ဖိစီးတာ၊ စားသောက်မှု မူမမှန်တာတွေအပြင် နောက်တစ်ချက်ကတော့ အိပ်ရေးပျက် များတာပါ။
လေဖြတ်နိုင်ခြေ များမယ်
အိပ်ရေးပျက်တာက နှလုံးကို ဝန်ပိစေတာ၊ သွေးတိုးစေတာတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှု နည်းစေပြီး ဦးနှောက်ဆီ သွေး နဲ့ အောက်ဆီဂျင်ရောက်ရှိမှု နည်းသွားတာကြောင့် လေဖြတ်တာကို ခံစားရနိုင်ပါတယ်။
ဆီးချိုဖြစ်နိုင်ခြေ များမယ်
အိပ်ရေးပျက်တာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလို ရေရှည်မှာ ဆီးချိုရောဂါကို ခံစားရစေနိုင်ပါတယ်။ အိပ်ရေးပျက်တဲ့ အမျိုးသားတွေမှာ အမျိုးအစား (၂) ဆီးချို ဖြစ်နိုင်ခြေက တော်တော်လေး များနေပါတယ်။
လိင်တံထောင်မတ်နိုင်စွမ်း ကျဆင်းမယ်
အိပ်ရေးပျက်တာကြောင့် အမျိုးသားတွေမှာ ထိခိုက်နိုင်တဲ့ နောက်ထပ် တစ်ခုကတော့ လိင်တံထောင်မတ်နိုင်စွမ်း ကျဆင်းလာတာပါ။အခြား ကျန်းမာရေးပြဿနာတွေကြောင့် မဟုတ်ဘဲ အိပ်ရေးပျက်တာကြောင့် ဖြစ်မယ်ဆိုရင်တော့ အိပ်ရေးဝဝသာ အိပ်ပစ်လိုက်ပါလို့ အကြံပြုချင်ပါတယ်။
မတော်တဆမှုတွေ ဖြစ်နိုင်ခြေ များမယ်
အမျိုးသားတွေက အမျိုးသမီးတွေနဲ့ ယှဉ်ရင် မတော်တဆမှုတွေ ပိုဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်တာများလာတဲ့အခါ reaction time လို့ခေါ်တဲ့ မတော်တဆဖြစ်လာရင် တုံ့ပြန်နိုင်မှုက ပိုနှေးသွားပါတယ်။ ဒီလိုကနေ မတော်တဆ ဖြစ်နိုင်ခြေက များလာနိုင်ပါတယ်။
#စကားလက်ဆောင်
အခြားသော ပြဿနာတွေအနေနဲ့ကတော့ အိပ်ရေးပျက်တာက ခေါင်းကိုက်တာ၊ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ ဖန်တီးနိုင်စွမ်း ကျဆင်းတာတွေကို ခံစားရစေနိုင်ပြီး နေ့စဉ်ဘဝမှာ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး ဖြေရှင်းနိုင်စေဖို့ဆိုရင် ညစဉ် အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီ ရှိအောင် အိပ်စက်ကြဖို့ လိုမယ်နော် ဘော်ဒါတို့ရေ