အာဏာရှင်စနစ် ကို ရေသောက်မြစ်ရှာခြင်း

အာဏာရှင်စနစ် ကို ရေသောက်မြစ်ရှာခြင်း

အာဏာရှင်စနစ် ၊ အာဏာရှင်ခေတ်ဆိုတာ မြန်မာတွေအတွက်တော့ မျိုးဆက် ၃ ခု လုံး ကြုံဖူးတဲ့ အတွေ့အကြုံအိပ်မက်ဆိုးဖြစ်လာခဲ့ပြီ။ အာဏာရှင်စနစ်ကို မကောင်းဘူးလို့ သက်ကြီးစကား သက်ငယ်ကြား နားထောင်ခဲ့ရဖူးသလို ကိုယ်တိုင်ကိုယ်ကျလည်း ဖြတ်သန်းခဲ့ကြဖူးပြီ။

မြန်မာပြည်မှာ အာဏာရှင်စနစ်အကြောင်းပြောကြရင် အင်စတီကျူးရှင်းဆိုတဲ့ မျက်မှန်စိမ်းတပ်ပြီး ပြောတတ်ကြတယ်။ ဘယ်အဖွဲ့အစည်းကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘယ်နည်းလမ်းတွေကြောင့် စသဖြင့်ပေါ့။ တကယ်တမ်းတွေးကြည့်ရင် မြန်မာနိုင်ငံရဲ့ သက်တမ်း နှစ် ၁၀၀၀ ကျော်မှာ လူထုရွေးကောက်တင်မြှောက်မှုနဲ့ အုပ်ချုပ်ရေးအာဏာကို ပိုင်ဆိုင်ခွင့်ရတဲ့ အစိုးရတွေရဲ့ သက်တမ်းက မဆိုစလောက်လေးရယ်ပါ။

သက်ဦဆံပိုင်ဘုရင်ခေတ်နဲ့ ကိုလိုနီခေတ်တွေကို ချန်လှပ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလချည်း တိုင်းထွာမယ်ဆိုရင်တောင်မှ အာဏာရှင်စနစ်နဲ့ ကင်းလွတ်တဲ့ကာလက ၂၅% ဝန်းကျင်ပဲရှိပါတယ်။ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်နဲ့ ပတ်သက်ဆက်နွယ်ရတဲ့ အချိန်ကာလတွေက အတော်လေးများလှတာကို မြင်ရပါလိမ့်မယ်။ လွတ်လပ်ရေးပြီးချိန်ကတည်းကနေ တွက်မယ်ဆိုရင် မြန်မာပြည်မှာ အာဏာရှင်စနစ်က နှစ် ၂၀-၂၅ တစ်ကြိမ်လောက် သမိုင်းတစ်ပတ်ပြန်ပြန်လည်ပြီး ဖြစ်ထွန်းနေတဲ့ပုံစံမျိုးဖြစ်နေတယ်။

ဘာကြောင့်များ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်က ဒီလောက် အားကောင်းခိုင်မာစွာ အမြစ်တွယ်နေရတာလဲ။ ဟိုအဖွဲ့အစည်းကြောင့်၊ ဒီလူတွေကြောင့်ဆိုတဲ့ ပြောနေကြစကားလုံးတွေကို ဘေးခနချပြီး အခြေခံအကျဆုံးအချက်တွေကို ဆွဲထုတ်ကြည့်ကြရအောင်။

သမိုင်းနောက်ခံ

‘အာဏာရှင်’ ဆိုတာကို အင်္ဂလိပ်လို Dictator လို့ ခေါ်ဆိုကြတယ်။ ‘အာဏာရှင်စနစ်’ ဆိုရင်တော့ Dictatorship ပေါ့။ Merriam Webster အဘိဓာန်မှာတော့ ‘နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားသည့် ခေါင်းဆောင်’ လို့ ဖွင့်ဆိုတယ်။  Dictator ရဲ့ မူရင်းဝေါဟာရက ရောမဘာသာကနေ ဆင်းသက်လာတာပါ။ ဂရိနဲ့ ရောမခေတ်တွေတုန်းက နိုင်ငံတော်အရေးပေါ်အခြေအနေမျိုးမှာ တာဝန်ယူ အုပ်ချုပ်ပေးရတဲ့လူကို အာဏာရှင်လို့ ခေါ်ခဲ့ကြတယ်ဆိုပါတော့။ ဒုတိယ ပူနစ်စစ်ပွဲအပြီးမှာ ရောမမြို့ရဲ့ အာဏာကို ပိုင်စိုးခဲ့ကြတဲ့ ဆူလာတို့ ယူလီးယူးစ် ဆီဇာတို့ဟာ အာဏာရှင်တွေပါပဲ။

မြန်မာပြည်မှာတော့ အာဏာရှင်ဆိုတဲ့စကားက ကိုလိုနီခေတ်မှာမှ စတင်အသုံးများလာပါတယ်။ လွတ်လပ်တဲ့နိုင်ငံတော်ရဲ့ အာဏာကို ပိုင်စိုးနိုင်မယ့်သူဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ စတင်ပေါ်ပေါက်လာတာမို့ မူရင်းအဓိပ္ပါယ်က ခပ်ဆိုးဆိုးတော့မဟုတ်ခဲ့ဘူးရယ်။ ဦးနေဝင်းရဲ့ အိမ်စောင့်အစိုးရခေတ်နောက်ပိုင်းမှာမှ ဒီစကားလုံးရဲ့ အဓိပ္ပါယ်က တဖြည်းဖြည်း ရွေ့လျားပြောင်းလဲလာတယ်ဆိုပါတော့။ ခုဆိုရင် အာဏာရှင်ဆိုတဲ့အသံကြားရင် ‘ထွီ’ ဆိုတာက နောက်ဆက်တွဲပါလာပါလိမ့်မယ်။

၁။ ဓလေ့ထုံးတမ်း

မြန်မာပြည် အာဏာရှင်စနစ် သက်ဆိုးရှည်နေရတဲ့အကြောင်းအရင်းတွေထဲမှာ ဓလေ့ထုံးတမ်းတွေကလည်း တွန်းအားတစ်ရပ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ အချက် ၃ ချက်ကြောင့်ပါ။ တစ်ခုချင်းရှင်းပြချင်ပါတယ်။

ပထမတစ်ချက်ကတော့ မြန်မာ့ဓလေ့အရ ‘ကြီးသူကို ရိုသေ’ ရတဲ့ ထုံးစံပါ။ မြန်မာမိသားစုတွေမှာ အိမ်ထောင်ဦးစီးဟာ ဦးဆောင်သူဖြစ်ပါတယ်၊ အရေးကြီးပါတယ်။ ကျွန်တော့်အမြင်အရ ဒီအချက်ဟာ အာဏာရှင်စနစ် ထွန်းကားမှုနဲ့ ဆက်နွယ်ကောင်းဆက်နွယ်နေနိုင်ပါတယ်။ မိသားစုတွင်းမှာဆိုရင်တော့ဖြင့် ကြီးသူဆိုတာဟာ အသက်အရွယ်ကြီးရင့်သူတင်သာမက အိမ်ထောင်ဦးစီး ဒါမှမဟုတ် စီးပွားများများရှာနိုင်သူကို ဆိုလိုတာလည်း ဖြစ်နိုင်ပါတယ်။ မြန်မာမိသားစုတွေမှာ ပင်ကိုယ်အားဖြင့် မိသားစုဝင်ချင်း တိုင်ပင်နှီးနှောဆုံးဖြတ်ချက် ချမှတ်တတ်တဲ့ ဓလေ့အားနည်းပါတယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အာဏာ ပမာဏအလျာက် ကိစ္စတော်တော်များများကို အာဏာအရှိဆုံးလူကသာ ဘာသာဆုံးဖြတ်ကြတာများပါတယ်။ အိမ်ထောင်ဦးစီး၊ ဖခင် ဒါမှမဟုတ် အသက်အကြီးဆုံးလူရဲ့ ပြောစကား ဆုံးဖြတ်ချက်ဟာ အမြဲအတည်ဖြစ်ပါတယ်။ ဥပမာပြောရရင် မိဘရဲ့ပြောစကား/ဆုံးဖြတ်ချက်ကို သားသမီးက ပြန်လည်စောဒကတက်တာ/အကျိုးအကြောင်းပြန်လည် ရှင်းလင်းတာမျိုးက ရိုင်းတယ်လို့ သတ်မှတ်ခံရတတ်ပါတယ်။ ဒီလိုအခြေအနေကိုကို ကျွန်တော်က ‘မိသားစုတွင်း အာဏာရှင်စနစ်’ လို့ သုံးနှုန်းလိုပါတယ်။

ကျွန်တော့် တစ်သီးပုဂ္ဂလအမြင်အရ ဒီအချက်ဟာ မြန်မာ့အာဏာရှင်စနစ်တွေရဲ့ အခြေခံအကျဆုံး အချက်ဖြစ်နေနိုင်ပါတယ်။ ဒီအချက်ကို မိသားစုတွင်းမှာသာမက မိတ်ဆွေ သူငယ်ချင်းတွေ၊ ညီအကိုမောင်နှမတွေ၊ လုပ်ငန်းခွင်တွေနဲ့ အသင်းအဖွဲ့တွေမှာလည်း တွေ့မြင်နိုင်တာကြောင့်ပါ။ အစုအဖွဲ့လေးတိုင်းမှာ အချစ်အခံရဆုံး၊ ပိုက်ဆံအသုံးဆုံး၊ သြဇာအရှိဆုံး၊ ရုပ်အချောဆုံး၊ ပညာအတတ်ဆုံးစတဲ့ တစ်စုံတစ်ယောက်ကို ဦးတည်ဗဟိုပြုပြီး လည်ပတ်နေကြတာက ထုံးစံတစ်ခုလိုပါပဲ။

ဒုတိယအချက်ကတော့ ‘သူရဲကောင်းဝါဒ’ အားကောင်းလွန်းတာပါ။ ဒီနေရာမှာ နှစ်ဘက်ခွပြောရမယ့် အခြေအနေတစ်ရပ်ရှိပါတယ်။ မြန်မာတွေရဲ့ သူရဲကောင်းဝါဒဖြစ်ထွန်းမှုနဲ့ နှစ်လိုမှုဟာ  DC တွေ Marvel တွေ Fandom ခွဲနေကြတဲ့ ဒီကနေ့ခေတ် အမေရိကန်ရုပ်ပြ စူပါဟီးရိုးတွေရဲ့ နိုင်ငံရေးအပေါ် သြဇာလွှမ်းမိုးမှုတွေထက် နှစ်ပေါင်းထောင်ချီ စောပါတယ်။ ဗုဒ္ဓဝင်ဇာတ်တော်တွေနဲ့ အိန္ဒုမြစ်ဝှမ်းပြဇာတ်တွေထဲက သူရဲကောင်းတွေကို အားကျရင်း ကြီးပြင်းလာကြတဲ့ မြန်မာတွေဟာ ကိစ္စတိုင်းမှာ လူကောင်း-လူဆိုး ခွဲခြားကြည့်တတ်တဲ့အကျင့်ရှိပါတယ်။ မြန်မာတို့ရဲ့ နေ့စဉ်လူနေမှုဘဝ ဇာတ်လမ်းတွေတိုင်းမှာ သူရဲကောင်းရော-ဗီလိန်ပါ ပါဝင်နေတတ်တာကို သတိထားကြည့်မယ်ဆိုရင် မြင်နိုင်ပါလိမ့်တယ်။

တတိယအချက်ကတော့ ဒုတိယအချက်နဲ့ ဆက်စပ်နေပါတယ်။ ပြဿနာတိုင်းမှာ အကောင်း-အဆိုး ခွဲခြားကြည့်ရှုခြင်းရဲ့ ရလဒ်အနေနဲ့ အရာရာကို ‘ချစ်လုံးလုံး မုန်းလျားလျားစိတ်အခံ’ နဲ့ မြင်တတ်လာတာပါပဲ။ ငါတို့ချစ်ရင် သူရဲကောင်း၊ ငါတို့မုန်းရင် ရန်သူပေါ့။ ဒီလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ စူပါဟီးရိုးဖြစ်လာပြီး ဂဠုန်ဦးစောက ဒေဝဒတ်ဖြစ်သွားပါတော့တယ်။ လူတွေရဲ့ လူသားဆန်တဲ့အပိုင်းတွေကို ထည့်သွင်းစဉ်းစားတာမျိုး မရှိကြတော့တာမို့ ပြဿနာတိုင်းဟာ ရင်ကြားစေ့လို့မရဖြစ်တတ်ကြတာ၊ အတူတကွ ပူးပေါင်းလုပ်ဆောင်မှုပိုင်း အားနည်းတာနဲ့ နှစ်ယောက်ရှိရင် ၃ ဖွဲ့ကွဲတာမျိုးတွေဖြစ်လာတာတွေက ‘ချစ်လုံးလုံး မုန်းလျားလျား စိတ်အခံ’ကို အခြေခံပြီးဖြစ်ပေါ်လာတာတွေပါ။ ဒီလိုနဲ့ပဲ မန်ယူကြိုက်တဲ့လူက အာဆင်နယ် ဘာလုပ်လုပ် မှားတယ်ပဲမြင်လာပြီး အာဆင်နယ်ကြိုက်တဲ့လူကလည်း ချယ်လ်ဆီးဆိုတာ ရုရှားခရိုနီပိုင်တာမို့ လူဆိုးအသင်းလို့ မြင်လာပါတော့တယ်။ သူတို့ကြားထဲက အမှန်တရားဖြစ်တဲ့ ဘောလုံးအားကစားဆိုတဲ့ Point ဟာ အလယ်တည့်တည့်မှာတင် ပျောက်ဆုံးသွားတော့တာပါ။

လွတ်လပ်ရေးကို အတူတကွတိုက်ယူခဲ့ကြရင်း လွတ်လပ်ရေးမရခင်မှာတင် အဖွဲ့အစည်းတွေ အစိတ်စိတ်အမွှာမွှာကွဲပြီး ပြည်တွင်းသောင်းကျန်းမှုစတင်ခဲ့တာကလည်း ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ အာဏာရှင်စနစ် ကို မသိလိုက်ဘာသာ အနီးကပ်သင်ယူခဲ့ရတဲ့ မြန်မာတွေဟာ အကြီးဆုံးအာဏာကို တရားမဝင်နည်းလမ်းနဲ့ သိမ်းပိုက်ရယူသွားသူကို တွန်းလှန်ဖြုတ်ချဖို့ကြိုးပမ်းရင်း တစ်သီးပုဂ္ဂလအာဏာရှင်တွေ ဖြစ်မှန်းမသိဖြစ်နေကြတာမို့ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်သေးတာ၊ အာဏာရှင်စနစ်လည်း အမြစ်မပြတ်သေးတာလို့ သုံးသပ်လို့ရပါတယ်။

အလံတော်တစ်ခုအောက်မှာ စုစည်းဖို့ထက် အလံကို ဒေါင်လိုက်ထားချင်သူရယ်၊ အလျားလိုက်ဆင်ချင်သူရယ်၊ တဝက်ချချင်သူရယ်၊ ပိတ်စပြောင်းချင်သူရယ်၊ ဒီဇိုင်းပြင်ချင်သူရယ်၊ အရောင်ပြန်ချိန်းချင်သူရယ်နဲ့ အချိန်ကုန်နေကြတာ နှစ် ၇၀ ကျော်လို့ နှစ် ၈၀ ပြည့်ဖို့တောင် သိပ်မလိုတော့ဘူးမဟုတ်လား။

လူမျိုးတိုင်း၊ လူမျိုးတိုင်းမှာ အခြေခံစိတ်ပိုင်းဆိုရာ ပြဿနာတစ်ခုမဟုတ်တစ်ခုရှိတတ်ကြပါတယ်။ လက်ရှိအနေအထားတွေကိုကြည့်ပြီး သုံးသပ်ရမယ်ဆိုရင် မြန်မာတွေရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာက Behavioral and Emotional Disorders ဖြစ်ဖွယ်ရှိတယ်လို့ ဆိုပါရစေ။ 

၂။ ပုဂ္ဂိုလ်ကိုးကွယ်မှုဝါဒ

မြန်မာ့အာဏာရှင်စနစ်အကြောင်း ပြောတော့မယ်ဆိုရင် ပုဂ္ဂိုလ်ကိုးကွယ်မှုဝါဒရဲ့ ဂယက်ကိုလည်း ထည့်မပြောလို့မဖြစ်ဘူး။ ပုဂ္ဂိုလ်ကိုးကွယ်မှုဝါဒဟာ မြန်မာလူမျိုးတွေအကြားက ချွတ်ရခက်တဲ့အစွဲတစ်ခုလို့ ဆိုရမယ်။ လူတစ်ယောက်ကို ယုံကြည်မိရင် ကိုးစားမိရင် နတ်ဘုရားလို ကိုးကွယ်မိသွားတတ်ကြတာဟာ မြန်မာ့သမိုင်းမှာ ဥပမာဥပမေယျအများအပြားရှိခဲ့တယ်။

မြန်မာ့လူ့အဖွဲ့အစည်းမှာ ပုဂ္ဂိုလ်ကိုးကွယ်မှုဝါဒကို တွန်းအားပေးနေတဲ့ နောက်တစ်ချက်က ‘ဆရာမွေး/တပည့်မွေး အလေ့အထ’ပါ။ ဥပမာ အစိုးရရုံးတွေမှာ အရာရှိတွေဟာ လက်ရင်းတပည့်တွေမွေးမြူပြီး ပေးကျွေး ပျိုးထောင်တတ်ကြပါတယ်။ ဒါပေမယ့် ဆရာက ပျိုးထောင်ထားတာဖြစ်နိုင်သလို တပည့်နေရာက ပုဂ္ဂိုလ်က ဆရာဖြစ်အောင် တမင်ခွင်ဆင်ပေးထားတာလည်း ဖြစ်နိုင်ပါတယ်။ လုပ်ချင်တာလုပ်ပြီးတိုင်း ဆရာကို ပြေးပြေးခေါင်းငြိမ့်ခိုင်းတတ်တဲ့ တပည့်တွေဟာ တပည့်မွေးခံထားရသူတွေမဟုတ်ပါဘူး။ သူတို့က ဆရာမွေးထားသူတွေပါ။

ဒီအလေ့အထဟာ နယ်ပယ်အသီးသီးမှာ မြင်ရတတ်တဲ့ အလေ့အထတစ်ခုဖြစ်ပြီးတော့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးနယ်ပယ်တွေမှာ ပိုမြင်တွေ့နိုင်ပါတယ်။ ဒီအလေ့အထဟာ အာဏာရှင်စနစ်ရဲ့ ရေသောက်မြစ်တွေထဲက တစ်ခုပါ။ တစ်ချို့ပုဂ္ဂိုလ်တွေဟာ အာဏာရှင်ဖြစ်ဖို့ စိတ်အခံမပါပဲ ဆရာမွေးခံရပြီး ငုတ်တုပ်ထွက်ထိုင်ခဲ့ရတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။ အစိုးရနဲ့ အဖွဲ့အစည်းအဆက်ဆက်တိုင်းမှာ လုပ်သမျှ အရာတိုင်းကို ဆရာ့နာမည်တပ်ပြီး အသုံးချကြသူတွေလည်း ဒုနဲ့ထေးပါပဲ။

ဒီအချက်ဟာ အာဏာရှင်စနစ်နဲ့ အာဏာရှင်စိတ်ဓာတ်ကို ပိုအားကောင်းအောင် တွန်းအားပေးပါတယ်။ အရူးကိုဘုံမြှောက်ပြီး အတင်းနေရာပေးကာ အောက်ခြေမှာ လုပ်ချင်တိုင်းလုပ်ကြတာမျိုးပေါ့။ ဆရာမွေးထားတဲ့ တပည့်တွေဟာ သူတို့စိတ်ကြိုက်ရွေးချယ်ထားတဲ့ ဆရာတွေကို အာဏာပိုင်နေရာမှာ ခပ်ကြာကြာ ဆက်ရှိနေစေချင်ကြပါတယ်။ ဒါကြောင့် အာဏာတည်မြဲရေးကို အမျိုးမျိုးကြံစည်ကြပြီး သူတို့အကျိုးအတွက် ခေါင်းဆောင်ကို အမျိုးမျိုးလှည့်စား အသုံးချတော့တာပါပဲ။

အရာရာကို အဆိုး-အကောင်း ခွဲခြားကြည့်မြင်တတ်တာ၊ ဆရာမွေး/တပည့်မွေး အလေ့အထနဲ့ရှင်သန်လာတာ၊  ချစ်လုံးလုံး မုန်းလျားလျား စိတ်အခံရှိနေတာတွေက ပုဂ္ဂိုလ်ကိုးကွယ်မှုဝါဒကို ပိုအားကောင်းစေပါတယ်။ ဒီလိုအနေအထားမှာ ဆန္ဒာဂတိ၊ ဒေါသာဂတိနဲ့ ဘယာဂတိတွေကို ထပ်ပေါင်းလိုက်မယ်ဆိုရင် အချင်းချင်း ရင်ကြားစေ့ရေးတို့၊ ပေါင်းစပ်ညှိနှိုင်းရေးတို့ဆိုတာ မီးခိုးမြူလို လွင့်ပါးသွားရတော့တာပါပဲ။ ငါတို့ချစ်တဲ့သူ/ငါတို့အပေါ် ကြည့်တဲ့သူသည် အမြဲမှန်တယ်၊ ငါတို့မချစ်ရင်/ငါတို့ကို ဆန့်ကျင်ရင် အမြဲမှားတယ်လို့ တွေးမိလာရာကနေ တိုင်းပြည်က ဟက်တက်ကွဲတော့တာပါ။ လူတစ်ဦးချင်းစီရဲ့ လူသားဆန်မှုကို နောက်လိုက်နောက်ပါတွေက မမြင်ကြတော့တဲ့အခါ ခေါင်းဆောင်လုပ်သူတွေကိုယ်တိုင်က နတ်ဘုရားတွေလို၊ စူပါဟီးရိုးတွေလို ရှင်သန်ကြရပါတော့တယ်။ သူတို့ရဲ့ လူသားဆန်တဲ့ အစိတ်အပိုင်းဟာလည်း ပျောက်ကွယ်/ဖုံးကွယ်ခံလိုက်ရပြီး မရွယ်ပဲစော်ကဲမင်းဖြစ်သလို အမှတ်မထင် အာဏာရှင် ဖြစ်လာ/ဖန်တီးခံလာကြရပါတော့တယ်။

၃။ စံနှုန်းအခြေပြု စဉ်းစားခြင်း

ပြဿနာတစ်ခုကို ချဉ်းကပ်ကြတဲ့အခါတိုင်း နည်းလမ်း ၂ မျိုးရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြတယ်။ တစ်ခုက လက်တွေ့အခြေပြုစဉ်းစားနည်းဖြစ်ပြီးတော့ နောက်တစ်ခုကတော့ စံနှုန်းအခြေပြုစဉ်းစားနည်း ဖြစ်ပါတယ်။ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲကြီးပြီး ခေတ်ဟောင်းဓလေ့တွေထဲက ရုံးမထွက်နိုင်သေးတဲ့ မြန်မာတွေအတွက် ဘယ်လိုနည်းလမ်းတွေသုံးပြီး ပြဿနာရပ်တွေကို ချဉ်းကပ်ကြသလဲဆိုတာကို တွေးကြည့်နေစရာတောင် မလိုပါဘူး။

မြန်မာတွေက ပြဿနာတိုင်းကို မိမိယုံကြည်ချက်ရှိထားတဲ့အရာတွေအပေါ်မှာသာ အခြေခံစဉ်းစားတတ်ကြပြီးတော့ အချက်အလက်အခြေပြုစဉ်းစားဖို့ စိတ်မပါတတ်ကြပါဘူး။ ပြဿနာတွေကို ရှုမြင်ရာမှာလည်း Third Person Point ကနေကြည့်မြင်ဖို့ထက် First Person point ကနေ မြင်ကြည့်ဖို့သာ ပိုမိုအာရုံကျတတ်ကြပါတယ်။ ဒီနေရာမှာ ဖြစ်ပေါ်လာတဲ့ အနေအထားကတော့ ဖြစ်ရပ်ကို ဘက်နဲ့ကြည့်ပြီး ချစ်လုံးလုံးမုန်းလျားလျားစိတ်အခံနဲ့ တစ်ဖက်ဖက်မှာ ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ကြတာပါပဲ။ ဒီလိုနဲ့ပဲ အဖြေရှာကြတဲ့အခါတိုင်း တစ်လမ်းသွား၊ တစ်ဖက်ပိတ် အမြင်တွေနဲ့ လုံးချာလိုက်ပြီး အကျိုးအကြောင်းသင့်လျော်တဲ့ အဖြေတွေထွက်ပေါ်လာဖို့ ခက်ခဲသွားတော့တာပါ။

ဒီလိုနဲ့ အာဏာရှင်နောက်မြီးဆွဲတွေဟာ သူတို့ခေါင်းဆောင်တွေဘာလုပ်လုပ် တင့်တယ်တယ်လို့ မျက်စိစုံမှိတ် မှတ်ယူပစ်ခဲ့ကြသလို ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ လုပ်ရပ်တွေကိုလည်း သူတို့ရဲ့ အာဏာပိုင်စိုးသူတွေအတွက် လုပ်ဆောင်လာကြပါလေရော။

(Extra) Blame Game

မြန်မာ့ဓလေ့ဆိုးတွေထဲမှာ နောက်ထပ်ထွန်းကားတာက အပြစ်ဖို့တဲ့ အလေ့အထပါ။ လူတွေဟာ ကိုယ့်အပြစ်ကို ရှောင်ချင်လို့၊ တဖက်သားကို မကြည်ဖြူလို့၊ ကိုယ်နဲ့သဘောထားခြင်းမတိုက်ဆိုင်လို့၊ တဖက်လူကို ချောက်ချချင်လို့ စသဖြင့် ရည်ရွယ်အချက်အမျိုးမျိုးကြောင့် အပြစ်ဖို့တတ်ကြပါတယ်။ ဒါကို နိုင်ငံရေးမှာတော့ Blame Game လို့ ခေါ်ကြပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းဟာ အပြစ်ဖို့ပွဲတွေ တင်းကြမ်းပြည့်နေတဲ့ သမိုင်းမှတ်တမ်းကြီးပါ။ ထိမ်းချုပ်ရခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတိုင်း မြန်မာအများစုက ရှေ့လူမကောင်းလို့ အဆိုးကြုံရတယ်လို့ အမြဲပြောတတ်ကြပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ ကိုယ့်အကျိုးစီးပွားအတွက် ကိုယ်တိုင်အခွင့်အရေးဖန်တီးပြီး အဆင်မပြေဖြစ်ခဲ့ရင်တောင်မှ တပါးသူတွေကို ရှာကြံအပြစ်ဖို့တတ်ကြပါသေးတယ်။

ဒါနဲ့ ပတ်သက်ပြီး ၂၀၁၃-၁၄ လောက်တုန်းကလုပ်တဲ့ မီဒီယာ ထရိန်နင်တစ်ခုမှာ နယူဇီလန် ပါမောက္ခတစ်ဦး ထောက်ပြသွားတာလေးနဲ့ ရှင်းပြချင်ပါတယ်။ အဲဒီတုန်းက သူသင်ပေးတာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (FDL) အကြောင်းပါ။ မြန်မာတွေရဲ့ ဥပဒေတွေမှာ Don’t (မလုပ်ရ) တွေ အရမ်းများလွန်းပြီး Do (လုပ်ပါ) ဆိုတာကို မထည့်ထားဘူးလို့ သူက ထောက်ပြပါတယ်။ ဒီဥပဒေတွေကို ကြည့်ခြင်းအားဖြင့် လူတွေဟာ အတိတ်ကိုလက်မလွှတ်လိုစိတ်နဲ့ ပိတ်ဆို့ဖို့ပဲ ကြိုးပမ်းနေပြီး အနာဂတ်ကို ဖွင့်လှစ်ဖို့ Risk တွေယူပြီး အသစ်အသစ်တွေကို လက်ကမ်းခေါ်ယူဖို့ စိတ်ပါဝင်စားမှု အားနည်းကြကြောင်း သူက ထောက်ပြသွားတာပါ။ ပြောချင်တာတွေက မင်းတို့ ရှေ့လူတွေမှားခဲ့သလို လိုက်မလုပ်နဲ့လို့ပဲ ပြောထားတတ်ပြီး ရှေ့ဆက် ဘာလုပ်လို့ရတယ်ဆိုတာကို မပြောထားတာပါပဲ။ ဒါတွေက အရင်က မှားခဲ့တာတွေ ဒါမှမဟုတ် မှားတယ်လို့ ယူဆခြင်းခံထားရတာတွေကို ကြောက်ရွံ့နေတာ၊ အပြစ်ဖို့ပြီး ပိတ်ဆို့ချင်နေတာပါ။ လမ်းသစ်တွေဖောက်ပြီး အခွင့်အလမ်းသစ်တွေရှာဖို့ အမှားကို သင်ခန်းစာယူဖို့၊ ပိုကောင်းအောင် ပြင်ဆင်ယူဖို့ထက် အတိတ်မှာပိတ်မိပြီး ပြိုင်ဘက်ကို အပြစ်ဖို့ရင်း ရှေ့ဆက်သွားဖို့ ခြေလှမ်းကို ကိုယ်တိုင်စည်းနှောင်မိနေတာမျိုးပေါ့။

ကိုယ့်ကိုယ် အပြစ်တင်ဝေဖန်တာမျိုးကို ဘယ်သူမှ မကြိုက်ကြပါဘူး။ ကိုယ်မကျေနပ်တဲ့သူကို ပြစ်တင်ပြောဆိုရင်း သူကလည်း ပြန်ပြီးအမှားရှာ ဝေဖန်ရင်း Blame Game တွေ ဆက်ကစားနေဦးမယ်ဆိုရင် အဆုံးမရှိတဲ့လမ်းမှာ တဝဲလည်လည်ဖြစ်နေကြဦးမှာပါ။ ဒါကြောင့်လဲ တစ်ဦးနဲ့တစ်ဦး ပြစ်တင်ပြောဆိုတတ်တဲ့ အလေ့အထထက် အများသဘောနဲ့ ညှိနှိုင်းပြောဆိုရဲတဲ့ အလေ့အထမျိုးပိုမိုရှင်သန်လာဖို့ လိုအပ်တယ်လို့ ဆိုချင်တာပါ။ 

ဒီနေရာမှာ ဆရာကျော်ဝင်းရဲ့ မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက်ထဲက စာတစ်ပိုဒ်ကို ပြန်ကိုးကားဖော်ပြချင်ပါတယ်။ “သမိုင်းတွင် ကြုံခဲ့ရသော အမှားများကို ‘ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်’ ဆိုသော ပုဂ္ဂိုလ်ရေး တံဆိပ်ကပ် စွဲချက်တင်သည်မျိုးမလုပ်လိုပါ။ သို့တလေ၊ သမိုင်းအကွေ့အသီးသီးတွင် ကိုင်စွဲကျင့်သုံးခဲ့ကြသော စဉ်းစားကြည့်မြင်နည်း၊ အိုင်ဒီလိုလိုဂျီရွေးချယ်မှုနှင့် ပေါ်လစီဆုံးဖြတ်ချက်များ၏ ကောင်းကျိုး ဆိုးပြစ်များကိုမူ ဝေဖန်ဆန်းစစ်ဖို့ လိုအပ်လိမ့်မည်ဟု သဘောရပါသည်။ သို့မှသာသမိုင်း၏ အမှားများကို ထပ်ကျော့မမှားစေရန်၊၊ သင်ခန်းစာ ယူနိုင်လိမ့်မည်ဟုထင်သည်” လို့ ဆရာကျော်ဝင်းက ရေးခဲ့ဖူးပါတယ်။

သမိုင်းဆိုးတွေဆိုတာ လေ့လာဆန်းစစ် အကဲဖြတ်ပြီး သင်ခန်းစာယူဖို့ပါ။ သမိုင်းကောင်းတွေကိုချည်း သယ်ဆောင်သွား၍ မရနိုင်ပါဘူး။ သမိုင်းအစစ်တွေကိုသာ သယ်ဆောင်သွားရမှာပါ။ သို့မဟုတ်ပဲ သမိုင်းကောင်းတွေကိုသာ ရွေးချယ်ယူငင်ပြီး သမိုင်းဆိုးတွေကို ပြစ်တင်ဝေဖန်ဖို့သာ တွေးတောနေပါလျှင်မူ  ပတ်ဝန်းကျင်တိုင်းပြည်တွေရဲ့ သစ်သော ဆန်းသော တိုးတက်သော ခေတ်အခြေအနေတွေကို ပြစ်တင်ဝေဖန်မှုတွေနဲ့ ပိတ်မိနေတဲ့ သမိုင်းထောင့်ချိုးလေးထဲကနေ ငေးမျှော်ကြည့်နေရဦးမှာပါ။ 

နိဂုံး

ကျွန်တော့်ရဲ့ တစ်သီးပုဂ္ဂလအမြင်အရ တိုင်းပြည်အာဏာကို ကိုင်စိုးသူတိုင်း၊ အုပ်ချုပ်ခွင့်ရသူတိုင်းဟာ လူထုကြားထဲကနေ လာတာမို့ အရာရာတိုင်းကို ပြင်ဆင်နိုင်စွမ်း ပြောင်းလဲနိုင်စွမ်းက လူထုလက်ထဲမှာသာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒီနေရာမှာ သဘောမတူသူတွေ ရှိနိုင်တယ်ဆိုတာကို သိနားလည်ပါတယ်။ လူထုကြားထဲကနေ လာတယ်လို့ ဆိုရတဲ့အကြောင်းအရင်းက ဘယ်အင်စတီကျူးရှင်း၊ ဘယ်အဖွဲ့အစည်းကနေ လာလာ သန်း ၅၀ ကျော်သော လူတွေထဲကနေပဲ အစိုးရတွေပေါ်ပေါက်လာတာမို့ပါ။ သူများတိုင်းပြည်ကနေ လာအုပ်ချုပ်လို့မှ မဖြစ်နိုင်တာ။ ဒါပေမယ့် လူထုကြားထဲက ထွက်လာတဲ့အစိုးရနဲ့ လူထုလက်ခံအားပေးတဲ့ အစိုးရဆိုပြီးတော့ ကွာခြားသွားမှာဖြစ်ပါတယ်။

ဒါကြောင့် အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်ကနေ ဖယ်ရှားချင်တယ်ဆိုရင် ရေသောက်မြစ်တွေကို ဖြတ်တောက်နိုင်ဖို့ လိုအပ်တယ်လို့ ဆိုနေရတာပါ။ ဘယ်လိုရေသောက်မြစ်တွေကို ဖယ်ရှားကြမလဲဆိုရင် အထက်မှာပြောခဲ့တဲ့ အချက် (၄) ချက်လို အာဏာရှင်စိတ်ဓာတ်ကို တွန်းအားပေးပြီး လူတစ်ဦးချင်းစီကို အာဏာရှင်အသေးစားလေးတွေ ဖြစ်ပေါ်လာအောင် ကျုံးသွင်းနေတဲ့ အရာတွေကို ဖယ်ထုတ်ပစ်ရမှာပါ။

ဒီလိုရေသောက်မြစ်ကို ဖြတ်နိုင်ဖို့ဆိုရင် လူတစ်ဦးချင်စီမှာ အသိဉာဏ်ရေချိန်မြင့်မားဖို့နဲ့ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ စရိုက်လက္ခဏာတွေ အမူအကျင့်တွေ ထွန်းကားလာဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီဟာ လူတစ်ဦးချင်အတွက်ပဲဖြစ်ဖြစ် အဖွဲ့အစည်း အစိုးရအတွက်ပဲဖြစ်ဖြစ် လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်ဖြစ်ပြီးတော့ နှုတ်ထွက်စကားတွေ၊ ကတိကဝတ်တွေ၊ အတွေးအခေါ်အယူအဆတွေမှာတင် လမ်းဆုံးသွားလို့မရတဲ့ နည်းလမ်းတစ်ခုပါ။ အပြန်အလှန်ဖေးမမှု၊ ဟန်ချက်ထိမ်းကြောင်းမှုတွေ လိုအပ်တာမို့ တစ်ဦးအပေါ်တစ်ဦး နာလည်မှုပေးနိုင်တဲ့ မေတ္တာတရား၊ အမှန်ကို အမှန်အတိုင်း ထုတ်ဖော်ပြောဆိုရဲတဲ့ ရဲရင့်မှုနဲ့ ဘယ်သူနဲ့မဆိုင် တိုင်ပင်ညှိနှိုင်းဆွေးနွေးရဲတဲ့ သတ္တိမျိုးတွေ လိုအပ်ပါတယ်။

လူထုကသာ ဒီလိုမျိုး ရေသောက်မြစ်တွေကို ဖြတ်တောက်ပြီး အလေ့အထတွေကို ပြောင်းလဲပစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် ချက်ခြင်းအကျိုးမဖြတ်ထွန်းရင်တောင်မှ နောင်လာမယ့် အနာဂတ်မျိုးဆက်အတွက် သေချာပေါက် အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။ အာဏာရှင်စနစ်နဲ့ အာဏာရှင်ဓလေ့စရိုက်တွေဟာ အတိတ်မှာ ကျန်ရစ်ခဲ့ပြီး အနာဂတ်မျိုးဆက်သစ်တွေ သင်ခန်းစာယူစရာအဖြစ်အပျက်တွေအနေနဲ့သာ ကျန်ရစ်ပါလိမ့်မယ်။

မောင်မိုးဇွန်

၇-၉-၂၀၂၁

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *