တစ်ခုခု ပြုမူပြောဆိုတော့မယ်ဆိုရင် “အားနာလိုက်တာ” လို့ ပြောမိ တွေးမိတာမျိုး ကြုံဖူးလား။ မြန်မာလူမျိုးတွေပဲ ဒီလိုမျိုး အားနာတတ်တာ မျိုး ရှိတယ်၊ တခြားလူမျိုးတွေမှာဆိုရင် အားနာတယ်ဆိုတဲ့ စကားလုံးတောင်မရှိဘူးလို့ ပြောတာဆိုတာမျိုးလည်း ကြားဖူးကြမယ်ထင်ပါရဲ့။
ပုံမှန်အားဖြင့် အားနာတာက သင်ဟာ တစ်ဖက်သားကို တစ်စုံတစ်ခု ပြောဆိုရမှာ၊ ပတ်သက်ဆက်နွယ်ရမှာ ထိတွေ့ဆက်ဆံရမှာကို မကြာခန ရှက်ရွံ့စိုးရိမ်မိနေတဲ့ စိတ်ခံစားချက်မျိုးပါ။ အားနာတာ မကောင်းဘူးလို့ ဆိုစမှတ်စကားတစ်ချို့လည်း ကြားဖူးကြမှာပါနော်။
အားနာတာ မကောင်းဘူးဆိုတာ မှန်သင့်သလောက် မှန်တဲ့စကားပါ။ တစ်ခါတစ်လေတော့လည်း အခြေအနေအရ အားနာတယ်ဆိုတဲ့ စိတ်ခံစားချက်မျိုးက လူတိုင်း ခံစားမိတတ်ကြတဲ့ ခံစားချက်မျိုးပါ။ ဒါပေမယ့် အားနာတယ်ဆိုတဲ့စိတ်ခံစားချက်က ကိစ္စတိုင်းမှာ ခံစားနေရရင်၊ အမြဲတွေးနေမိတယ်ဆိုရင်တော့ ဒါက စိုးရိမ်ပူပန်စရာ ကိစ္စတစ်ခုလို့ သတ်မှတ်ရပါတော့မယ်။
အနောက်တိုင်းမှာ အားနာတယ်ဆိုတာနဲ့ တိုက်ရိုက်အဓိပ္ပါယ်ဖလှယ်လို့ရတဲ့ စကားလုံးမျိုးမရှိပါဘူး။ အနီးစပ်ဆုံးစကားက Guilty ဖြစ်မယ်ထင်ပါရဲ့။ ဒါပေမယ့် အဆက်မပြတ် အားနာသလိုလို၊ အပြစ်ရှိသလိုလို ခံစားနေရပြီး လူ့အသိုင်းအဝိုင်းထဲဝင်ဆံ့ဖို့ ခက်ခဲကြောက်ရွံ့နေတယ်ဆိုရင်တော့ Social Phobia လားလို့ ထင်မြင်ခြင်းခံရပါလိမ့်မယ်။
>> အားနာတတ်တာ လား? Social Phobia လား?
Social Phobia ဆိုတာက စိတ်ကျန်းမာရေးပြဿနာတစ်ခုပါ။ စိတ်ပညာဘာသာရပ်မှာတော့ လူမှုအသိုင်းအဝိုင်းအပေါ် စိတ်လွန်ကဲမှု ဝေဒနာရှင်လို့ ခေါ်ဆိုထားပါတယ်။ ဒီရောဂါဟာ စိတ်ဖိစီးမှုနဲ့ ညှဉ်းပမ်းနှိပ်စက်မှုပြီးရင် ကမ္ဘာပေါ်မှာ တတိယမြောက်အဖြစ်အများဆုံး စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ Social Phobia ဟာ တစ်စုံတစ်ယောက် ဒါမှမဟုတ် လူအများအပြားနဲ့ ဆက်ဆံပြောဆိုရမှာကို အကြီးအကျယ် ကြောက်ရွံ့တာ ဒါမှမဟုတ် စိတ်သောကရောက်တာမျိုး၊ တစ်ခုခုလုပ်ဆောင်ရမှာကို အပြစ်ရှိနေသလို ခံစားမိနေတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။
ဒီဝေဒနာ ခံစားနေရသူတွေဟာ လူအများနဲ့ ဆက်ဆံရာမှာ ကိုယ့်ကို အားနည်းတယ်၊ နိမ့်ကျတယ်၊ ဉာဏ်ရည်နိမ့်ပါးတယ်၊ အရည်အချင်းပြည့်မှီမှုမရှိဘူး၊ မထိုက်တန်ဘူးလို့ တွေးမြင်ဆုံးဖြတ်ကြမှာကို စိုးရိမ်လွန်ကဲတတ်ကြသလို တစ်ဖက်သားက မိမိအပေါ် လေးစားမှုမပြသကြမှာကိုလည်း စိုးရိမ်တတ်ကြပါတယ်။
ဒီလူတွေဟာ သူတို့ရဲ့ လုပ်ဆောင်ချက်တစ်စုံတစ်ရာကို တစ်ခြားတစ်ဦးတစ်ယောက် ဒါမှမဟုတ် လူအများက လှောင်ပြောင်မှာ၊ ဟာသလုပ်မှာ၊ နှောင့်ယှက်ကြမှာကိုလည်း အထူးစိုးရိမ်တတ်ပြီး တစ်သီးတစ်သန့်နေရဖို့ အမြဲကြိုးပမ်းလေ့ရှိပါတယ်။ ဒီလိုပြုမူ နှောင့်ယှက်ခံရရင်လည်း စိုးရိမ်သောက ကြီးစွာရတတ်ပြီး စိတ်ဒါဏ်ရာအဆင့်အထိ ရောက်သွားတတ်ပါတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်း ပြင်းထန်လျှင်မြန်လာတတ်ပြီး နှလုံးရောဂါဝေဒနာမျိုးလည်း ကြုံရတတ်ပါတယ်။
>> အားနာတတ်တာနဲ့ Social Phobia က တူသလား
ယျေဘုယျ သဘောအရ ပြောရမယ်ဆိုရင် အတိအကျကြီးတော့ မတူညီပါဘူး။ အားနာတတ်တာဟာ သူတပါး မိမိကြောင့် စိတ်အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်တဲ့စိတ် ဖြစ်ပါတယ်။ လူအများနဲ့ ဆက်ဆံပြောဆိုရမှာကို တွန့်ဆုတ်တယ်ဆိုပေမယ့် ကိုယ့်ကြောင့် တဖက်သား စိတ်ကသိကအောင့်ဖြစ်မှာကို ကြိုတင်စိုးရိမ်နေတာမျိုး၊ ကိုယ့်ကိုယ်ကို သတိအလွန်အကျွံထားမိနေတာမျိုး ဖြစ်ပါတယ်။
Social Phobia ကတော့ သူတပါးကြောင့် မိမိ ကိုယ်၊ စိတ်နှစ်ပါး ထိခိုက်ခံစားရမှာကို စိုးရိမ်ထိတ်လန့်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နှစ်ခုစလုံးဟာ မပွင့်လင်းတဲ့ စိတ်အခံကို အခြေခံထားပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့် စိတ်ဖိစီးမှုကြုံရတာခြင်းတော့ တူညီပါတယ်။ နှစ်မျိုးနှစ်စားလုံးဟာ လူ့အဖွဲ့အစည်းအတွင်း ဝင်ဆန့်ဖို့ ရုံးကန်နေရတဲ့အခြေအနေမျိုးမှာ အကျပ်အတည်းတွေ့နေသူတွေချည်းဖြစ်ပါတယ်။
>> Social Phobia ဝေဒနာခံစားနေရတဲ့အခါ
Social Phobia ဝေဒနာခံစားနေရပြီဆိုရင် “Fight or Flight” တုန့်ပြန်မှုမျိုးတွေ ရှိလာပါလိမ့်မယ်။ ရှက်ရွံ့လွန်ပြီး ရှောင်ပြေးသွားတာနဲ့ ကမူးရှူးထိုး ပြန်လည်တုန့်ပြန်တာမျိုးတွေပါ။
ဒီဝေဒနာစွဲကပ်နေသူတွေဟာ အလွန်းအမင်းစိတ်လှုပ်ရှားလာချိန်တွေမှာ မူးဝေတာ၊ ချွေးပြန်တာ၊ ခန္ဓာကိုယ်အေးစက်လာတာ၊ နှလုံးခုန်နှုန်းမြန်ဆန်တာ၊ မျက်နှာနီမြန်းလာတာ၊ အသက်ရှူကျပ်လာတာ၊ လည်ပင်းနဲ့ မျက်နှာက ကြွက်သားတွေ တင်းမာလာတာ၊ ဗိုက်အောင့်လာတာ၊ ကြွက်တက်တာ၊ စကားတွေထစ်တာ၊ ပြောမထွက်တာ၊ ရုတ်တရက် သိထားတာတွေ မေ့သွားတတ်တာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒီလိုလက္ခဏာတွေပြသပြီးတဲ့နောက်မှာ ပြင်းထန်တဲ့ စိတ်ဖိစီးမှုကို ခံစားရနိုင်ပြီး ကြောက်ရွံ့မှုလည်းဖြစ်နိုင်ပါတယ်။
ဒါကြောင့် မှားယွင်းတဲ့ ဆက်ဆံပုံမျိုးတွေနဲ့ ဆက်ဆံမိမယ်ဆိုရင် ဝေဒနာရှင်ဟာ Specific Phobia (သီးသန့် တစ်စုံတစ်ရာကို ကြောက်ရွံ့တဲ့ စိတ်ဝေဒနာ)၊ Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) ၊ Delusional Disorder (ထင်ယောင်ထင်မှား စိတ်ဝေဒနာ) တွေပါ ဆက်လက်ဖြစ်ပွားနိုင်တာမို့ အထူးဂရုပြုဖို့ လိုအပ်ပါတယ်။