အသက်အရွယ်ချင်းတူကြပေမယ့် လူတစ်ယောက်နဲ့တစ်ယောက်မှာ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ မတူကြပါဘူး။ စဉ်းစားတွေးခေါ်နိုင်စွမ်းက လုပ်ငန်းခွင်မှာ တိုးတက်ဖို့ လိုအပ်သလို နေ့စဉ်ဘဝတွေမှာ အကောင်းဆုံး ကျော်ဖြတ်နိုင်စေဖို့လည်း အတော်လေး အရေးပါပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်း တိုးတက်စေဖို့ ဘယ်လိုအချက်လေးတွေကို လုပ်ဆောင်ပေးသင့်လဲ ဆိုတာလေးကို မျှဝေပေးချင်ပါတယ်။
ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေနဲ့ ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်း တိုးတက်စေဖို့ လိုက်နာရမှာလေးတွေကတော့ –
ပတ်ဝန်းကျင်ကို လေ့လာပါ
တစ်နေ့တာမှာ ဖြစ်ဖြစ် နေ့စဉ်တိုင်းမှာဖြစ်ဖြစ် သွားရောက်နေရတဲ့နေရာတွေ ကျင်လည်ထိတွေ့နေရတဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို အမှုမဲ့ အမှတ်မဲ့ မနေဘဲ သေချာလေး လေ့လာတတ်တာ၊ ကိုယ်လမ်းလျှောက်သွားရာ ဒါမှမဟုတ် ကားမောင်းပြီးသွားတဲ့ ပတ်ဝန်းကျင်တလျှောက်ကို လေ့လာတာကလည်း ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို တိုးတက်စေနိုင်ပါတယ်။
ဗဟုသုတ ရှာမှီးပါ
နေ့ရက်တိုင်းမှာ စာဖတ်တာ၊ အသစ်အသစ်သော ပညာရပ်တွေကို လေ့လာတာမျိုးတွေ ပုံမှန်လုပ်နေတာက ဦးနှောက်ကို အာဟာရဖြည့်တင်းရာ ရောက်သလို စဉ်းစားတွေးခေါ်နိုင်စွမ်းကိုလည်း တိုးတက်စေနိုင်ပါတယ်။ စာဖတ်ပါဆိုတဲ့နေရာမှာ ဗဟုသုတ ရစေနိုင်တာမျိုးကို ဖတ်စေချင်တာပါ။
နားထောင်တတ်အောင် လုပ်ပါ
သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အတွေ့အကြုံတွေနဲ့ အဖြစ်အပျက်တွေကို သေချာလေး နားထောင်တတ်တဲ့ အလေ့အထလေးကို မွေးမြူပေးပါ။ ဒီလိုမျိုး နားထောင်ကောင်းသူ တစ်ယောက်ဖြစ်နေခြင်းက အခြားသူတွေရဲ့ အဖြစ်အပျက် အတွေ့အကြုံတွေကို ဆည်းပူးသိရှိခွင့်ရမယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။ နားထောင်ကောင်းခြင်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း မြင့်မားစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
အသစ်အသစ်တွေကို စွန့်စားလုပ်ကိုင်ပါ
လူတွေက သက်တောင့်သက်သာနေရတာကို သဘောကျကြတာ များပါတယ်။ တကယ်ကတော့ သက်တောင့်သက်သာနေလို့ရတဲ့ comfort zone မှာ နေတာ ကြာလာလေလေ တိုးတက်နိုင်စွမ်းက နည်းလာလေလေပါ။ နောက်ပြီး ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် မလုပ်ဖူဒသေးတဲ့ အသစ်အသစ်သော အရာတွေကို စွန့်စားလုပ်ဆောင်ပါ။
မေးခွန်းတွေမေးပါ
တစ်ခုခုကို သိရှိလိုစိတ် ပြင်းပြတာကလည်း လူတစ်ယောက်ကို စဉ်းစားတွေးခေါ်နိုင်စွမ်း ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အကြောင်းအရာ တစ်ခုခုကို သိရှိရပြီဆိုရင် ထပ်ထပ်ပြီး သိချင်စိတ် ဖြစ်လာတဲ့အခါ မေးခွန်းတွေကို မမေးဘဲ နေလိုက်တာမျိုး မလုပ်ဘဲ သိချင်တာတွေကို အဖြေထွက်လာတဲ့အထိ မေးခွန်းတွေကို မေးဖို့ လိုပါမယ်။
စကားပြောပါ
စကားပြောရတာ ကြိုက်တဲ့သူတွေက စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း ကောင်းကြပါတယ်။ ဒါကြောင့် လူတွေနဲ့ စကားပြောဖို့ ဝန်မလေးဘဲ ကောင်းမွန်တဲ့ စကားစမြည်လေးတွေကို ပြောပေးပါ။ ဒီလိုလေး စကားပြောချိန် ပုံမှန် ရှိနေတာက စိတ်ပိုင်းဆိုင်ရာကို ကျန်းမာစေသလို စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း ကောင်းစေပါတယ်။
လေ့ကျင့်ခန်း လုပ်ပါ
ဒီနေရာမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်တဲ့ ယောဂလေ့ကျင့်တာ၊ Gym ဆော့တာတွေ လုပ်လို့ ရသလို၊ စိတ်တွက်တွက်ရတဲ့ puzzle တွေ ဆော့ပေးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။ ဒီလို လုပ်ပေးတာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေသလို စဉ်းစားတွေးခေါ်နိုင်စွမ်းကိုလည်း ကောင်းစေမှာပါ။
တရားမှတ်ပါ
မနက်ခင်း နေခြည်နွေးနွေးလေးအောက်မှာ ဝင်လေထွက်မှတ်ရင်း စိတ်အေးချမ်းသာ တရားထိုင်တာက စိုးရိမ်မှုတွေ၊ စိတ်ဖိစီးတာတွေကို ပြေလျော့စေနိုင်သလို ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လေး တရားမှတ်ပေးပါ။
ဖြစ်တန်စွမ်းကို တွက်ချက်ပါ
အရေးပါတဲ့ ဆုံးဖြတ်ချက် တစ်ခုခုကို ချမှတ်ခါနီးတိုင်းမှာ အောင်မြင်နိုင်ခြေကိုရော ကျဆုံးနိုင်ခြေကိုပါ သေချာလေး တွက်ချက်ဖို့ လိုပါမယ်။ ဒီလိုမျိုး ဖြစ်တန်စွမ်းကို တွက်ချက်တာက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေကို လျှော့ချနိုင်သလို ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကိုလည်း ကောင်းစေနိုင်ပါတယ်။
နေ့စဉ် အလေ့အထလေးတွေထဲမှာ အခုပြောပြခဲ့တဲ့ အလေ့အထလေးတွေကို ထည့်သွင်း လုပ်ဆောင်ပေးတာက ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ကောင်းမွန်စေဖို့ ထောက်ကူပေးနိုင်မှာပါ။